နေပြည်တော် ဇန်နဝါရီ ၃၀
ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ဒုတိယအကျော့လျှောက်လဲမှုနောက်ဆုံးရက်ကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ နှင့် မွန်းလွဲ ၃ နာရီ ၄ နာရီခွဲအထိတွင် ပြုလုပ်သည်။
မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ
ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြားကြသည်
။
ရှေးဦးစွာ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron က
တရားသူကြီး Gomez ၏ မေးခွန်းကို ဖြေကြားရာတွင်
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ
Ms. Yang Hee Lee ကို မြန်မာနိုင်ငံသို့ ၆ ကြိမ်ထက်မနည်းလာရောက်ခွင့်ပြုခဲ့ပြီး
ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် Ms.
Yang Hee Lee ၏ ပြောကြားချက်များသည် သံတမန်မဆန်ဘဲ
မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံသားများအပေါ် ထိခိုက်စေသဖြင့် မြန်မာနိုင်ငံက
၎င်းအပေါ် ယုံကြည်မှုလျော့ပါးခဲ့ပါကြောင်း၊ ကုလသမဂ္ဂ၏ အချက်အလက်စုံစမ်းရှာဖွေရေးအဖွဲ့
(FFM) ကို ဖွဲ့စည်းသည့် ဆုံးဖြတ်ချက်သည် မဲပေးခြင်းမပြုဘဲ
ဆုံးဖြတ်ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူဆုံးဖြတ်ခြင်းမဟုတ်ဘဲ
မထောက်ခံသည့် (dissociate) နိုင်ငံများ ရှိခဲ့ပါကြောင်း။
FFM နှင့် မြန်မာနိုင်ငံဆိုင်ရာ
အချက်အလက်ရှာဖွေရေးယန္တရား (IIMM) ကို အသိအမှတ်မပြုရခြင်းမှာလည်း
လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ သဘောထားကို ရယူခြင်းမရှိဘဲ
မြန်မာနိုင်ငံကို ဆန့်ကျင်လျက်ရှိသော ဒေသတွင်းနိုင်ငံများ၏ သဘောတူညီချက်ဖြင့် FFM
နှင့် IIMM ကို ဖွဲ့စည်းခဲ့သဖြင့်လည်းကောင်း၊ FFM
၏ လုပ်ငန်းတာဝန်များကို ဖော်ပြရာတွင် တပ်မတော်နှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သည့်ပြစ်မှုများကို စစ်ဆေးရန်ဟု စတင်ကတည်းက
ဖော်ပြထားခြင်းသည် ဘက်လိုက်မှုရှိနေသဖြင့်လည်းကောင်း မြန်မာနိုင်ငံက
ယုံကြည်မှုပျက်ပြားခြင်းဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်မှာ ၂၀၂၁
ခုနှစ်ကပင် ကုလသမဂ္ဂအဓိကအဖွဲ့အစည်းများတွင် ပါဝင်ဆွေးနွေးခွင့်မရှိခဲ့ပါကြောင်း၊
လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ
မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲသော လုပ်ထုံးလုပ်နည်းများဖြင့် အချက်အလက်များ
စုဆောင်းခဲ့သဖြင့် မြန်မာနိုင်ငံက FFM ၏ လုပ်ငန်းစဉ်အပေါ်
ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိပါကြောင်း၊ Genocide Convention နှင့် ကုလသမဂ္ဂပဋိညာဉ်တွင်လည်း ယင်းသို့သော အဖွဲ့အစည်းများ နိုင်ငံအတွင်းသို့
ဝင်ရောက်ခွင့်ပြုနိုင်သည့် ပြဋ္ဌာန်းချက်မျိုးဖော်ပြထားခြင်း မရှိပါကြောင်း။
တရားသူကြီး Gomez Robledo ၏ သက်သေခံအချက်အလက်များနှင့်
စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် အငြင်းပွားသည့်နိုင်ငံအချင်းချင်းအကြား
အမှန်တရားရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်တာဝန်ရှိသည်ဟု ဖော်ပြထားသော်လည်း FFM
နှင့် IIMM ကဲ့သို့သော Third party နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိကြောင်းကို ယင်းအမှုတွင်
ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် တရားရုံးအနေဖြင့် Genocide Convention နှင့် ဥပဒေအချက်အလက်များအရ မြန်မာနိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိသည်ကို
တာဝန်ရှိသည်ဟု ဆွဲယူသုံးသပ်ခြင်းမျိုးမပြုသင့်ပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံသည်
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားသူများကို အရေးယူသင့်ကြောင်း တင်ပြရာတွင်
မြန်မာနိုင်ငံမှ အဓိကတာဝန်ရှိပုဂ္ဂိုလ် ၆ ဦး ဟူ၍ အမည်တပ်ကာ ယခင်က အစဉ်တစိုက်
ဖော်ပြလျှောက်ထားခဲ့သော်လည်း ဂမ်ဘီယာ Agent ၏နောက်ဆုံးတင်ပြသော
တောင်းဆိုချက်တွင် အဆိုပါပုဂ္ဂိုလ်များ၏ အမည်များအား ထည့်သွင်းဖော်ပြခြင်း
မပြုတော့သဖြင့် ဂမ်ဘီယာအနေဖြင့် ယင်းစွပ်စွဲပြောဆိုချက်အပေါ် ပြန်လည်ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု
ယူဆနိုင်ကြောင်း။
အချက်အလက်များအား စုံစမ်းထောက်လှမ်းရမည့်တာဝန်နှင့်
စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်သည့်
အစီရင်ခံစာများတွင် တရားစွဲဆိုအရေးယူမှုများအား ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ ICOE အဖွဲ့ကို ၂၀၁၈
ခုနှစ်တွင် မြန်မာနိုင်ငံသား ၂ ဦး၊ နိုင်ငံတကာကျွမ်းကျင်ပုဂ္ဂိုလ် ၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး
အဖွဲ့အစည်းကို ဖွဲ့စည်းသည့် လုပ်ငန်းဖွဲ့စည်းမှုစည်းမျဉ်းများ (TOR) အရ ဘက်လိုက်မှုကင်းရှင်းပြီး FFM ထက်သာလွန်ပါကြောင်း၊
အဆိုပါအဖွဲ့အစည်း၏ ပဏာမစိစစ်ချက်များအပေါ် ထပ်မံ၍ စုံစမ်းထောက်လှမ်းမှုများ
ပြုလုပ်ပါကြောင်း၊ ICOE မှ စုဆောင်းသည့် အချက်အလက်များကို
စိစစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေးအတွက် CIPB အဖွဲ့ကို
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါအဖွဲ့အား ARSA ၊ ရဲနှင့်
အရပ်သားများ၏ ကျူးလွန်သည်ဟု စွပ်စွဲမှုများကို တရားစွဲဆို အရေးယူနိုင်ရေးအတွက်
အခွင့်အာဏာပေးထားကြောင်း၊ တပ်မတော်အား တပ်မတော်သားများ ကျူးလွန်သည်ဟု စွပ်စွဲပြောဆိုသော
ကျူးလွန်မှုများအပေါ် တပ်မတော်၏ တရားစီရင်ရေးစနစ်ဖြင့် အရေးယူရန် အခွင့်အာဏာပေးထားကြောင်း။
တရားသူကြီး Charlesworth နှင့် Pillay တို့က
မေးမြန်းသော စစ်ဆင်ရေးအတွင်း ပြင်းထန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှများဆိုင်ရာ
မြန်မာနိုင်ငံ၏ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သောအချက်အလက်များအား တင်ပြရန်မေးမြန်းချက်နှင့်
စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် နစ်နာသူ၏ တိုင်ကြားချက်မရှိခြင်း၊
ကာလကြာရှည်မှ နောက်ကြောင်းပြန်တိုင်ကြားခြင်းတို့ကြောင့် အရေးယူဆောင်ရွက်မှုပြုရန်
သက်သေလုံလောက်မှုမရှိပါကြောင်း။
တရားသူကြီး Charlesworth နှင့် Pillay တို့၏
ကျေးရွာများအား မီးရှို့ဖျက်ဆီးသည်ဟုဆိုသော စွပ်စွဲချက်နှင့် စပ်လျဉ်းသည့်
မေးမြန်းချက်အပေါ် မြန်မာ့တပ်မတော်က ကျူးလွန်သည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း
ဂမ်ဘီယာနိုင်ငံအနေဖြင့် သက်သေအထောက်အထား တင်ပြနိုင်ခြင်းမရှိကြောင်း
လျှောက်လဲခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam Blom-cooper က
လျှောက်လဲရာတွင် ဂမ်ဘီယာ၏ ဒုတိယအကျော့လျှောက်လဲချက်တွင် မြန်မာနိုင်ငံအနေဖြင့်
လူမျိုးသုဉ်းစေသည့် ဆောင်ရွက်ချက်ရည်ရွယ်ချက်များရှိသည်ဟု
လုံးဝသက်သေမပြနိုင်ကြောင်း၊ ဂမ်ဘီယာ၏ ကျွမ်းကျင်သက်သေသည်
အမှု၏နောက်ဆုံးအချိန်တွင်မှ မြန်မာ နိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေလိုသည်ကို
သက်သေပြရန် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာများတွင် (ဘင်္ဂါလီရွာများကို
ဝိုင်းပတ်ပိတ်ဆို့ခြင်း၊ ရုတ်ချည်းတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံထောင့်ပေါင်းစုံမှတိုက်ခိုက်ကြောင်း၊
အရပ်သားများကိုမခွဲခြားဘဲ ပစ်ခတ်ခြင်း၊ အမျိုးသား၊ ကလေးများကို
အမျိုးသမီးများနှင့် ခွဲခြားခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့အဓမ္မကျင့်ခြင်း၊
တရားမဲ့သတ်ဖြတ်ခြင်း၊ ထွက်ပြေးနေသူများကို ပစ်ခတ်ခြင်း၊ အိမ်များကို
မီးရှို့ခြင်း၊ စက်ယန္တရားများနှင့် မြေရှင်းခြင်းစသည့် တူညီသောဆောင်ရွက်မှုပုံစံ (Modus
Opreandi) ဖြင့် ကျူးလွန်သည်ဟု စကားလုံးအသစ်ဖြင့်
ပြောဆိုလာပါကြောင်း။
ကျွမ်းကျင်သက်သေ၏ ထွက်ဆိုချက်တွင် အားနည်းချက်များကို
သက်သေစစ်ဆေးသည့် မြန်မာနိုင်ငံ၏ ရှေ့နေ Mr.Hooper က ထောက်ပြခဲ့ပြီးဖြစ်ကြောင်း၊
ကျွမ်းကျင်သက်သေက နေရာ ၅၄ နေရာတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများရှိခဲ့သည်ဟုဆိုသော်လည်း
ဂမ်ဘီယာ၏ ဒုတိယအကျော့လျှောက်လဲချက်အရ ၁၀ နေရာခန့်သာရှိသည်ဟု
ပြင်ဆင်လျှောက်လဲပြန်ပါကြောင်း၊ ကလေးများသေဆုံးသည်ကို ဂမ်ဘီယာကနယ်စည်းမခြားဆရာဝန်များအဖွဲ့၏
အချက်အလက်ကိန်းဂဏန်းများကို ကိုးကား၍ဖော်ပြသော်လည်း ယင်းအချက်အလက်များသည်
အကြမ်းဖျင်းကောက်နုတ်၍ ခြုံငုံတင်ပြချက်များဖြစ်ပြီး တိကျသေချာသည်ဟု
မဆိုလိုနိုင်သည့် ချဲ့ကားထားသော ကိန်းဂဏန်းများဖြစ်ကြောင်း လျှောက်လဲသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Talmon က ဂမ်ဘီယာကတောင်းဆိုထားသည့်
ပေးလျော်ရန်ကိစ္စများနှင့် ပတ်သက်၍ တရားရုံးသည် လူမျိုးသုဉ်းစေမှုနှင့် ပတ်သက်၍
အမှုကျူးလွန်ကြောင်းနှင့် ဆက်လက်မကျူးလွန်ရန်တားမြစ်ကြောင်း ကိစ္စများကိုသာ
ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ တရားသူကြီး Cleveland မေးမြန်းသည့်
အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ ခုံရုံးများနှင့်အမှုသည်များက ဤအမှုတွင်
ပေးလျော်ရန်ကိစ္စကို ကိုင်တွယ်ဆုံးဖြတ်ရန် သင့်လျော်သည်ဟု ယူဆသည့်
တရားရုံးများဆိုင်ရာမေးခွန်းနှင့် ပတ်သက်၍ နစ်နာသူမဟုတ်သည့်
နိုင်ငံကစာချုပ်ဝင်နိုင်ငံအနေဖြင့် စွဲဆိုသည့်ကိစ္စတွင် လျော်ကြေးအလိုရှိသူသည်
စွဲဆိုသည့် နိုင်ငံသားမဟုတ်ကြောင်း၊ လက်ရှိအထိနစ်နာသူမဟုတ်သည့် တရားစွဲဆိုသည့်
နိုင်ငံနှင့်ပတ်သက်၍ ယခင်ဆုံးဖြတ်ချက်များ မရှိဖူးသေးကြောင်း။
ယင်းကဲ့သို့သော အမှုမျိုးသည် ဥရောပလူ့အခွင့်အရေးစာချုပ်၊
အမေရိကလူ့အခွင့်အရေးစာချုပ်နှင့် အာဖရိကလူသားနှင့် လူပုဂ္ဂိုလ်များ၏
ပဋိညာဉ်စာချုပ် စသည်တို့တွင်သာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကယ်၍ နစ်နာသူတစ်ဦးတစ်ယောက်က
စာချုပ်တွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံကိုစွဲဆိုပါက နစ်နာမှုအတွက် လျော်ကြေးတောင်းခံပိုင်ခွင့်
မရှိကြောင်း ICJ တရားရုံးကိုယ်တိုင်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြံပေးခြင်းတွင်
အတည်ပြုထားပါကြောင်း၊ နစ်နာသူမဟုတ်သည့်နိုင်ငံ လျော်ကြေးတောင်းခံမည်ဆိုပါက
နိုင်ငံများက အပြိုင်တောင်းဆိုခြင်း၊ မတူညီသည့် တောင်းဆိုမှုများပြုခြင်းရှိနိုင်ပြီး
လျော်ကြေးကို အမှန်နစ်နာသူထံ မည်သို့မည်ပုံ ရရှိအောင်ပေးအပ်မည်ကလည်း
အခက်အခဲရှိပါကြောင်း၊ အထူးသဖြင့် စွဲဆိုခံရသည့် နိုင်ငံ၏ နိုင်ငံသားမဟုတ်သူများက
တရားမျှတမှု၊ ကြားကာလတရားစီရင်ရေးတို့တွင် တောင်းဆိုချက်များသည် အခက်အခဲရှိကြောင်း၊
သို့ဖြစ်၍ ယခုကိစ္စရပ်မျိုးတွင် စာချုပ်ကိုလိုက်နာရန်နှင့် ဖောက်ဖျက်မှုများ
ရပ်တန့်ရန်ကိစ္စများကို ဆုံးဖြတ်ရန်သာ အဓိကသင့်လျော်ကြောင်း လျှောက်လဲသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Staker က ဂမ်ဘီယာ၏
သက်သေများ သက်သေအဆင့်မမီကြောင်းနှင့် ပတ်သက်၍ တရားသူကြီး Cleveland ၏ မြန်မာနိုင်ငံက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၊ NGO များ၏ မေးခွန်းဖြေကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့၊ NGO
များ၏ အချက်အလက်များသည် သက်သေအဆင့်လုံးဝမရှိကြောင်း
ငြင်းဆိုနေခြင်းမဟုတ်ကြောင်း၊ ယခုအမှုတွင် အဓိကအချက်များဖြစ်သည့်
ရက်စက်ဆိုးရွားမှုများ ကျူးလွန်ခြင်း၊ ယင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခြင်း၊
တစ်ပုံစံတည်းကျူးလွန်ခြင်းဟူသော စွပ်စွဲချက်များက အဓိကဖြစ်နေသဖြင့် ယင်းတို့ကို
သက်သေပြရာတွင် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမှလွဲ၍ အခြားကောက်ချက်ချရန် မရှိသည့်အထိ
သက်သေပြရန်မဖြစ်နိုင်ကြောင်း။
ထိုသို့သက်သေပြနိုင်ရန် သက်သေအဆင့်အတန်းမြင့်မားရန်
လိုအပ်ကြောင်း၊ အထက်ပါကုလသမဂ္ဂနှင့် ပြင်ပအဖွဲ့အစည်းများသည် တစ်ဆင့်ကြားအချက်အလက်များကိုသာ
ကိုးကားရေးသားသဖြင့် ၎င်းတို့ကို ယခုအမှုတွင် သက်သေခံအဆင့်မမီကြောင်း
သတ်မှတ်ပေးရန် မြန်မာကရပ်တည်ပါကြောင်း၊ သာမန်အရပ်ဘက်တရားရုံး၊ နိုင်ငံတကာပြစ်မှုခုံရုံးစသည်တို့တွင်
ယခုကဲ့သို့သော သက်သေများကို လက်မခံပါကြောင်း၊ IIMM အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ၇ နှစ်အတွင်း
ယခုအမှုအတွက် ထွက်ဆိုချက် ၄၂ ခုသာ ထောက်ပံ့ပေးနိုင်ကြောင်း၊ မြန်မာက ARSA အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်၍ FFM နှင့် NGO များကို ကိုးကားလျှောက်လဲခြင်းမှာ မြန်မာက ယင်းကိစ္စများကို သက်သေပြလို၍မဟုတ်ဘဲ
ဂမ်ဘီယာ၏ အချက်အလက်များအရ သက်သေပြရမည့် စံနှုန်းမညီကြောင်း
ထောက်ပြလိုခြင်းသာဖြစ်ကြောင်း။
အမှန်သက်သေပြရမည့် တာဝန်သည် ဂမ်ဘီယာတွင်သာရှိကြောင်း၊
ဂမ်ဘီယာက FFM ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုကိုအဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦး၏ အချက်အလက်များကိုသုံး၍
ချေပနေသော်လည်း ယင်းအဖွဲ့တွင် မှုခင်းဆေးပညာ စသည့်ကျွမ်းကျင်သူများ မပါဝင်ကြောင်း၊
ဂမ်ဘီယာအနေဖြင့် တစ်ဆင့်ကြားစကားများဖြင့် များစွာစွပ်စွဲပြောဆိုနေသော်လည်း
အင်းဒင်ဖြစ်စဉ်မှလွဲ၍ ဓါတ်ပုံ၊ ဗွီဒီယိုသက်သေတစ်စုံတစ်ရာ ထုတ်ပြနိုင်ခြင်းမရှိသည်မှာလည်း
မဖြစ်သင့်ကြောင်း စသည်ဖြင့် လျှောက်လဲသည်။
ထို့နောက် ရှေ့နေ Mr. Stefan Talmon က သက်သေအထောက်အထားပြသရန်
တာဝန်နှင့် သက်သေအထောက်အထားအဆင့်အတန်းတို့နှင့် ပတ်သက်၍ လျှောက်လဲရာတွင် အမှုစွပ်စွဲသူဂမ်ဘီယာက
သက်သေအထောက်အထားပြသရန်တာဝန်ရှိကြောင်း၊ ထို့အပြင် ကြီးလေးသည့်အမှုဖြင့်
စွပ်စွဲထားသည့်အတွက် နိုင်ငံတစ်နိုင်ငံအတွက်သာမက ယင်းနိုင်ငံတွင် နေထိုင်သော
သန်းပေါင်းများစွာရှိသည့် ပြည်သူများပါ ထာဝရအမည်းစက်ထင်မည့် ကိစ္စဖြစ်သဖြင့်
အကြွင်းမဲ့ယုံကြည်ရလောက်သော အဆင့်အတန်းရှိသည့် သက်သေများကိုပြသရန်
တာဝန်ရှိကြောင်း၊ တရားသူကြီး Hmoud က လူမျိူးသုဉ်းစေမှုကို
စစ်ဆေးရာတွင် လူမျိုးသုဉ်းစေမည့် ရည်ရွယ်ချက် ရှိ /မရှိကို လူပုဂ္ဂိုလ်နှင့်
နိုင်ငံတော်တို့အား ခွဲခြား၍ စစ်ဆေးရန် လို / မလို မေးခွန်းကို ဖြေကြားရမည်ဆိုပါက
သက်သေအဆင့်အတန်းတူညီနေရန်လိုသည့်အတွက် ခွဲခြားရန် မလိုအပ်ကြောင်း၊ ထို့အပြင်
နိုင်ငံတစ်နိုင်ငံသည် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်အပြင် အခြားစေ့ဆော်မှုများ
သို့မဟုတ် ရည်မှန်းချက်များရှိပါက လူမျိုးသုဉ်းစေရန် အထူးရည်ရွယ်ချက်ကို
လျော့ပါးစေနိုင်သည်ဟု ဖြေကြားလိုပါကြောင်း လျှောက်လဲသည်။
ဆက်လက်၍ ရှေ့နေက ဂမ်ဘီယာသည် စွပ်စွဲသကဲ့သို့
တရားရုံးတွင် လူမျိုးသုဉ်းစေမှုမြောက် / မမြောက် ဆင်ခြင်ရာတွင် အမုန်းစကားမပါဝင်သည့်အတွက်
စီရင်ထုံးများအပေါ် စိတ်ကူးအသစ်များ ဖြည့်စွက်၍ မရပါကြောင်း၊ ဂမ်ဘီယာ၏ ကျွမ်းကျင်သက်သေ
Newton က
လျှောက်လဲသကဲ့သို့ ဥပဒေကြောင်းအရ တိုက်ခိုက်သည့် ပုံစံနီးစပ်မှုနှင့် စနစ်တကျစီစဉ်ပြီး
တစ်ပုံစံတည်း စစ်ဆင်ရေးပြုလုပ်မှုကို ချိတ်ဆက်၍ မရပါကြောင်း၊ လူမျိုးသုဉ်းစေမှု
မြောက် /မမြောက် စစ်ဆေးရာတွင်လည်း ပျက်စီးဆုံးရှုံးမှုပမာဏကို အခြေခံရသည့်အတွက်
ဂမ်ဘီယာလျှောက်လဲသကဲ့သို့ အရေအတွက်နှင့် မဆိုင်ကြောင်း ကောက်ချက်ချ၍မရကြောင်း၊
ကုလသမဂ္ဂကဖွဲ့စည်းပေးသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ဥပဒေကြောင်းအရအမှုကို
ဖုံးကွယ်သည်ဟုဆို၍ မရပါကြောင်း၊ အဓိကကျသည်မှာ စနစ်တကျစီစဉ်ပြီး တစ်ပုံစံတည်းစစ်ဆင်ရေးပြုလုပ်မှုကြောင့်
လူမျိုးသုဉ်းစေမှုဖြစ်စေသည်ဟု ကောက်ချက်ချနိုင်မှသာ လူမျိုးသုဉ်းစေမှုမြောက်ပါကြောင်း
လျှောက်လဲသည်။

No comments:
Post a Comment