မြန်မာ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များဖြစ်ရာ နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားများပင်ဖြစ်သည်။ MSME ဟု ဆိုရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းပမာဏကြီးမားခြင်းမရှိသော အလုပ်ရုံ၊ စက်ရုံများ၊ အရောင်းဆိုင်များ၊ ဝန်ဆောင်မှု အမျိုးမျိုးပေးသည့် လုပ်ငန်းများစသည်တို့ ပါဝင်သည်။ မိမိတို့ နိုင်ငံမှာသာမက နိုင်ငံတိုင်းတွင် MSME များသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် နိုင်ငံ့စီးပွားရေး၏ အဓိကမဏ္ဍိုင်များအဖြစ် အားပေးမြှင့်တင်နေကြခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကဏ္ဍအသီးသီးရှိ MSME များနှင့်
စပ်လျဉ်း၍ ဒေသတွင်းစီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့်
ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများမြင့်မားလာပြီး နိုင်ငံသားများ၏
အလုပ်အကိုင်အခွင့်အလမ်းတိုးပွားရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို
ဦးဆောင်သွားနိုင်ရန်ဟူသော မူဝါဒမျှော်မှန်းချက်ဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ ယင်းသို့
ဆောင်ရွက်ရာတွင် လုပ်ငန်းများထူထောင်လုပ်ကိုင်မှု လွယ်ကူစေရေးဆောင်ရွက်ပေးခြင်း၊
ငွေကြေးအရင်းအနှီးရရှိရေးအတွက် ချေးငွေများထုတ်ချေးပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက်
MSME ထုတ်ကုန်ပစ္စည်း
ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်းကောင်း၊
ပြည်ထောင်စုအဆင့်အနေဖြင့် နေပြည်တော်တွင်လည်းကောင်း ကျင်းပပေးခြင်းတို့ကို
ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ကျင်းပရာတွင် MSME များ၏ ထုတ်ကုန်နှင့်
ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို
ပြည်တွင်းတွင် ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME များ
ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်
ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို
သိမြင်ဖော်ထုတ်လာစေရန်၊ ဒေသအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု အောင်မြင်ရေးအတွက်
အားပေးမြှင့်တင်ရန်၊ MSME များနှင့်
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန်၊ MSME
လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်
စသည့်ရည်ရွယ်ချက်ကောင်းများရှိသည်ကို သိရှိရသည်။
ယမန်နှစ် ဖေဖော်ဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိ ရက်သတ္တတစ်ပတ်ကြာကျင်းပခဲ့သည့်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြခန်း ၉၆ ခန်း ခင်းကျင်းပြသခဲ့သည့်အနက်
ပြခန်း ၇၁ ခန်းမှ စက်ကိရိယာများ၊ ဆေးဝါးများ၊ လူသုံးကုန်နှင့်
စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူခဲ့ကြရာ
စုစုပေါင်းရောင်းချရငွေကျပ် ၃ ဒသမ ၄၃၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာ
ရရှိခဲ့သည်ဟု သိရသည်။ တန်ဖိုးအများဆုံးရောင်းချရမှုများတွင် နွားနို့ညှစ်စက်နှင့်
ဆက်စပ်ပစ္စည်းများ ငွေကျပ် ၇၀၀၆ သိန်းကျော်၊ အချိုရည်ထုတ်စက်ပစ္စည်းများ ငွေကျပ်
၂၁၅၉ သိန်းကျော်၊ စောင်ခြင်ထောင်များ ငွေကျပ် ၁၀၄၃ သိန်းကျော်၊ ပုလဲများ ငွေကျပ်
၆၉၆ သိန်းကျော်၊ ချည်ထည်များ ငွေကျပ် ၄၃၂ သိန်းကျော်၊ ကချင်ရိုးရာအထည်များ ငွေကျပ်
သိန်း ၄၂၀ ကျော်တို့ ပါဝင်ကြသည်ကို တွေ့ရသည်။
ယခုနှစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်
ဈေးရောင်းပွဲတော် (နေပြည်တော်) ကို အသေးစား၊ အငယ်စား၊
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၇၉)
နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင်
ငါးရက်တိုင်တိုင်ကျင်းပသွားမည်ဟု သိရသည်။ အဆိုပါပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်
ဝင်ရောက်ပြသရောင်းချခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ MSME ထုတ်ကုန်များကို
တစ်စုတစ်စည်းတည်းမြင်တွေ့နိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊
ဈေးကွက်တိုးချဲ့နိုင်ခြင်းနှင့် အပြန်အလှန်လေ့လာသင်ယူနိုင်ခြင်း စသည့်အကျိုးများ ရရှိနိုင်ကြမည်ဖြစ်သည်။
ယခုနှစ်တွင် ပြိုင်ပွဲအစားဈေးရောင်းပွဲတော်ပါဝင်လာပြီး ပြခန်းအရေအတွက်
အနည်းငယ်ပိုလာသည်။
ပြပွဲများနှင့် ဈေးရောင်းပွဲတော်များသည် MSME လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ၊
ဈေးကွက်သစ်များရရှိနိုင်သည့် နေရာများဖြစ်သည်။ ပြည်ထောင်စုအဆင့် ကျင်းပသည့်
ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ရရှိနိုင်သည့် အခွင့်အလမ်းများနှင့် ဈေးကွက်များမှာ
MSME လုပ်ငန်းများအတွက် အောင်မြင်မှုအရှိန်အဟုန်ကို များစွာပိုမိုမြှင့်တင်နိုင်မည်ဖြစ်သည့်အကြောင်း။
။

No comments:
Post a Comment