Monday, January 26, 2026

မူးယစ်ဆေးဝါးအန္တရာယ်များအား စဉ်ဆက်မပြတ်ဖော်ထုတ်တိုက်ဖျက်


ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အမြား သိမ်းဆည်းရမိသည့်အပြင် အွန်လိုင်းလိမ်လည်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာသုံးနေရာသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများအဖြစ် ဖော်ထုတ်ရမိခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးသမိုင်းတစ်လျှောက်၌ ပမာဏအများဆုံးသိမ်းဆည်းရမိမှုဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏ သုံးပုံတစ်ပုံသည် အဆိုပါနေရာများမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဖော်ထုတ်ရှင်းလင်းတိုက်ဖျက်ခဲ့သည့် မူးယစ်ဆေးဝါးအမြောက်အမြားထုတ်လုပ်မှုသည် SSA/SSPP လက်နက်ကိုင်အဖွဲ့လှုပ်ရှားစိုးမိုးသည့် နယ်မြေအတွင်းမှဖြစ်ပြီး ၎င်းအဖွဲ့၏ ပါဝင်ပတ်သက်မှုများကိုလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေနိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရှိသမျှစွမ်းအားစုများ၊ အရင်းအမြစ်များကို အသုံးပြုပြီး ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း တက်တက်ကြွကြွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသက်ဆိုးရှည်နေခြင်းအကြောင်းရင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ထွန်းနေခြင်းသည် ဆက်စပ်လျက်ရှိသည်။ ရှေးအစဉ်အဆက်ဖြစ်ပေါ်လာသည့် မူးယစ်ဆေးဝါးသည် ငွေရလွယ်သည့်လုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းအတွက် အကာအကွယ်သည် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ တရားမဝင်လက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း၊ မြေပေါ်မြေအောက်သယံဇာတများ တူးဖော်ခိုးထုတ်ခြင်းလုပ်ငန်းနှင့် မှောင်ခိုကုန်သွယ်ရေးလုပ်ငန်းများဖြင့် သက်ဆိုးရှည်နေခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မူးယစ်ဆေးဝါးကို မလိုလားဘဲ တိုက်ဖျက်လျက်ရှိပါသည်ဟု ပြောဆိုကြသော်လည်း နောက်ကွယ်တွင် ၎င်းတို့ အင်အားတောင့်တင်းခိုင်မာရေးအတွက် မူးယစ်ဆေးဝါးဖြင့် အသက်ဆက်နေသည်ကို ယခုဖမ်းဆီးရမိမှုတွင် သက်သေအထောက်အထားနှင့် ဖော်ထုတ်ရရှိခဲ့သည်။ တရားမဝင် လက်နက်ကိုင်အဖွဲ့များသည် လူသစ်စုဆောင်းခြင်း၊ စစ်အင်အားကြီး ထွားလာအောင် လုပ်ရိုးလုပ်စဉ် မူးယစ်ဆေးဝါးလုပ်ငန်းများအပြင် ငွေကြေးအင်အားကြီးမားလာရန်အတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများတွင်ပါ ၎င်းတို့နယ်မြေအတွင်း ပါဝင်ပတ်သက်လာသည်ကို အထောက်အထားဖြင့် တွေ့ရှိလာခဲ့သည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ကြိုတင်သတင်းရရှိသည့်အတွက် အဆိုပါနေရာမှ တိမ်းရှောင်သွားခဲ့သဖြင့် ကျန်ရှိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်သည့် အဆောက်အအုံနှင့်ပစ္စည်းများကို တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်းဖျက်ဆီးနိုင်သည့် အထောက်အထားများကို ထုတ်ဖော်ပြသခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းလက်တွဲ၍ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအား လူညွန့်တုံးကာ ထိခိုက်ပျက်စီးစေနိုင်သည့် နိုင်ငံများနှင့် ပြည်သူများအား ဆိုးကျိုးပေးနေသော မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားအန္တရာယ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ စဉ်ဆက်မပြတ်ဖော်ထုတ်တိုက်ဖျက်နှိမ်နင်းသွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း။ ။

No comments:

Post a Comment