Tuesday, January 27, 2026

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊အခြေခံပညာကျောင်းများနှင့် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇန်နဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဒုတိယ ပါမောက္ခချုပ်က ကွန်ပျူတာ တက္ကသိုလ်၏ မြေနေရာအကျယ်အဝန်း၊ ကျောင်းဆောင်များတွင် ကျောင်းသား ကျောင်းသူများဝင်ဆံ့မှုနှင့် ကွန်ပျူတာတက္ကသိုလ်၏ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြန်လည်ပြင်ဆင် ရန်လိုအပ်သည့် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ပင်မဆောင်နှင့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်နိုင်ရေး ဆွေးနွေးကြပြီး ကွန်ပျူတာတက္ကသိုလ်ပင်မဆောင်၊ ဘောလုံးအားကစားကွင်းနှင့် ပြေးလမ်းများ တည်ဆောက်မည့်မြေနေရာနှင့် ကျောင်းသား ကျောင်းသူ အိပ်ဆောင်တိုးချဲ့ တည်‌ဆောက်မည့်မြေနေရာ၊ တောင်ကြီးတက္ကသိုလ် သုတေသနစင်တာ ဓာတုဗေဒနှင့် ဇီဝဓာတု ဗေဒသုတေသနခန်း၊ ရူပဗေဒသုတေသနခန်းများတွင် ကျောင်းသား ကျောင်းသူများ လက်တွေ့သုတေသန ဆောင်ရွက်နေမှု၊ တက္ကသိုလ်အတွင်းရှိ အပန်းဖြေ ရိပ်သာနှင့် မိုးလုံလေလုံအားကစားခန်းမတို့ကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း၊ ယင်းသို့အဆင့်မြှင့်တင်ရာတွင် ပညာရေးဒီဂရီကောလိပ် ငါးကျောင်းကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိရမည်ဖြစ်ပြီး အဆောက်အအုံပိုင်းဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာတည်ဆောက် ရေးကိစ္စများလည်း ပြင်ဆင်ထားရ မည်ဖြစ်သကဲ့သို့ သင်ကြားရေးကိစ္စများတွင်လည်း ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏သင်ရိုးညွှန်းတမ်းများကို ညှိနှိုင်းရေးဆွဲရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲရာတွင် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းနှင့် အေးသာယာမြို့ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ၌ ကျောင်းသားကျောင်း သူများ‌နှင့် သီခြားစီတွေ့ဆုံ အားပေး စကားပြောကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည် နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၁) အထက်တန်းကျောင်းရှိ စာသင်ဆောင်များ၊ ဘောလုံးကွင်း ပွဲကြည့်စင်ဆောက်လုပ်နေမှုနှင့် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment