Tuesday, December 23, 2025

ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ရေချိုထွက်ကုန် ပိဿာချိန် သုံးသိန်းခန့် ကုန်စည်စီးဆင်း

 

ရန်ကုန် ဒီဇင်ဘာ ၂၂

ရန်ကုန်မြို့ရှိ မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးတင်ပို့ရာ ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်ကုန်စည်စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ဈေးသာယာ ရေးအဖွဲ့မှသိရသည်။

ကုန်စည်စီးဆင်းလျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီးရှိ လူဦးရေခုနစ်သန်းခန့် ရေချိုထွက်ကုန်စားသုံးနိုင်ရန်နှင့် ကျန်သောဒေသများမှ ပြည်သူများ စားသုံးနိုင်ရန် နေ့စဉ်ရွှေပိတောက် ငါးဈေးကြီးနှင့် ကြည့်မြင်တိုင် မြို့နယ်ဗဟိုစံပြငါးဈေးတို့မှ ရေထွက်ကုန်များကို ဖြန့်ဖြူးပေးလျက်ရှိရာ ယခုဆောင်းရာသီ၌ ရွှေပိတောက် ငါးဈေးကြီးမှတစ်ရက်လျှင် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်နှင့်အတူ ရေငန်ထွက်ကုန် ပိဿာချိန် တစ်သိန်းခွဲအထိ ကုန်စည်စီးဆင်း လျက်ရှိသည်။

“ပြီးခဲ့တဲ့လတွေမှာ ရေချိုကုန် အဝင်နည်းခဲ့ပေမယ့် နိုဝင်ဘာလ ဆန်းကစပြီး ကုန်အဝင်မှန်လာတယ်။ ဒီလဆိုရင် တစ်ရက်ကို ကုန်ချိန် နှစ်သိန်းခွဲ၊ သုံးသိန်းနီးပါး ပြန်ဝင်နေပါပြီ။ သူ့ရာသီဖြစ်တဲ့အတွက် ငါးမွေးကန်တွေက ငါးဖော်လာကြတယ်။ ဧပြီလအထိ ပုံမှန် ငါးအဝင်ကောင်းနေမှာပါ။ ရန်ကုန်အပြင် ပုသိမ်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ မော်လမြိုင်နဲ့ မြဝတီ အထိ ရေထွက်ကုန်တွေ စီးဆင်းနေပါတယ်။ မိုးရာသီထက်စာရင် ကုန်ပစ္စည်း ပုံမှန်ဝင်လာတဲ့အတွက် ဈေးနှုန်းနည်းနည်း အေးသွားပေမယ့် အရောင်းအဝယ် ကောင်းလာပါပြီ။ ကုန်ဝင်များရင်သာ အကြွေးစနစ်နဲ့ တင်ပို့ပေးရတဲ့ အခက်အခဲတော့ရှိတယ်။ အထူးသဖြင့် ကုမ္ပဏီတွေပါ။ ပြည်တွင်းမှာ ပုံမှန်စားသုံးမှုရှိနေတဲ့ ဈေးကွက်ထက် ငါးမြစ်ချင်းများများစားသုံးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ငါးမြစ်ချင်းဈေးကွက် တစ်ခုပွင့်သွားမယ်ဆိုရင် မွေးမြူရေးငါးဈေးကွက် ဦးမော့လာပြီး စီးပွားရေးပိုပြီး အဆင်ပြေလာ မယ်လို့မြင်တယ်။ ကုန်ကြမ်းကနိုင်ငံထဲမှာ အဆင်သင့်ရှိနေပြီးသားပါ” ဟု ရွှေပိတောက် ငါးဈေးသာယာရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်နိုင်က ပြောသည်။

အဓိကတင်ပို့လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးမြစ်ချင်းများကိုရန်ကုန်မြို့ရှိ ငါးဈေးကြီး နှစ်ခုအပြင် ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်း၊ ဆော်ဒီအာရေဗျ၊ ကာတာနိုင်ငံများသို့အဓိက တင်ပို့လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်လက်များမှတစ်ဆင့်အခြားနိုင်ငံများသို့ ပြုပြင်ထုပ်ပိုး၍ တင်ပို့လျက်ရှိကြောင်း ရေချို/ရေငန် လုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေပိတောက် ငါးဈေးသို့မွေးမြူရေးငါးများ ဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးမုန့်၊ တီလားဗီးယားငါးများနှင့် သဘာဝရေပြင်မြစ်၊ ချောင်းများမှ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးရံ့၊ ငါးမြွေထိုး၊ ငါးသံချိတ်အပါအဝင် ရေချိုထွက်ကုန် အမယ် ၃၀ နှင့် ရေငန်ထွက်ကုန်အမယ် ၁၅ မျိုး ဝင်ရောက်လျက်ရှိကြောင်း၊ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးသို့ ရေချိုထွက်ကုန်အချို့နှင့် စံပြငါးဈေးဆိပ်ကမ်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ရေငန်ထွက်ကုန် မျိုးစုံဝင်ရောက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ်ဖွင့်လှစ်

ရန်ကုန်မြို့ပြ၏ ရေထွက်ကုန် စားသုံးမှုလိုအပ်ချက်ကို နေ့စဉ်ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံ၏ ရေထွက်ကုန်စီးဆင်းမှုတွင် အဓိကအခန်းကဏ္ဍ၌ ရပ်တည်လျက်ရှိသည့် ရွှေပိတောက် ငါးဈေးကြီးအား နံနက် ၃ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ဖွင့်လှစ်လျက်ရှိကာ ဈေးရုံ ပေါင်းခုနစ်ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်းပေါင်း ၉၀ ကျော်ဖြင့် နေ့စဉ်ရေထွက်ကုန် ဝယ်ယူသူ၊ ဖြန့်ဖြူးသူ၊ ကုန်တင် ယာဉ်၊ ငါးသယ်ရေယာဉ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ဇွဲမာန် ၊ သစ္စာ(MNA)

No comments:

Post a Comment