Sunday, December 21, 2025

နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၆၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ



နေပြည်တော် ဒီဇင်ဘာ ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၆၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရာမှုတ်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ် (၁) မှ စတင်တာထွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ် (A) ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြသည်၊၊

ထို့နောက် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ (၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက သရုပ်ပြသပေး၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်သူများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေကြသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ၏ လူထုစုပေါင်းလမ်းလျှောက်ပွဲ (စတုတ္ထပတ်) ကို ဒီဇင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်၊၊

သတင်းစဉ်

No comments:

Post a Comment