ကျောက်မဲ ဒီဇင်ဘာ ၂၀
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့မှ ပြည်သူများအား ယနေ့တွင် ဆက်လက်ဖျော်ဖြေတင်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့မှ ထွက်ခွာပြီး သီပေါမြို့သို့
ရောက်ရှိကြရာ မြို့အဝင်မုခ်ဦး၌ ပြည်သူများနှင့် ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။
ထို့နောက်
သီပေါမြို့ မြို့တော်ခန်းမ၌ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးတွေ့ဆုံပွဲကို
ကျင်းပရာ “ ရှေ့သို့ချီမည်ပန်းတိုင်ဆီ” video clip ကို ဦးစွာဖွင့်လှစ်ပြသသည်။
ဆက်လက်၍
ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ပြည်သူများနှင့်အတူ
ကိုယ်ချင်းစာနားလည်မှုရှိပြီး အေးအတူပူအမျှ သတိတရရှိနေပါကြောင်း၊ ယခုအခါ ရှမ်းမြောက်ဒေသ
သီပေါမြို့မှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း၊
သီပေါမြို့နယ်တွင်လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို
မကြာမီဆက်လက်ကျင်းပမည်ဖြစ်ရာ သီပေါမြို့နယ်၏ ပိုမိုကောင်းမွန်သည့် အနာဂတ်ရရှိနိုင်ရန်အတွက်
နယ်မြေဒေသကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် စိတ်တူကိုယ်တူဖြစ်နိုင်သူများကို
ရွေးချယ်ပြီး ဆန္ဒပြုမဲပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက ရှမ်းမြောက်ဒေသရှိ
မြို့နယ်များ ပြန်လည်ထိန်းချုပ်နိုင်မှုနှင့် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိအောင်
ဆောင်ရွက်မှုအခြေအနေနှင့် ပြည်သူများအနေဖြင့်လည်း ဆက်လက်ပြီး အားတက်သရော ပူးပေါင်းပါဝင်လိုက်ပါဆောင်ရွက်ကြရန်နှင့်
ဒေသခံပြည်သူများ အပန်းပြေပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိစေရန် လာရောက်ဖျော်ဖြေပေးကြသည့်
အနုပညာရှင်များအား ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက သီပေါမြို့အတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များနှင့်အတူ MRTV DTH စလောင်းနှင့်
ဆက်စပ်ပစ္စည်း အစုံ ၃၀ ၊ MRTV DVB – T2 Set Top Box အစုံ ၂၀
တို့အား ပေးအပ်လှူဒါန်းရာ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍
ဖျော်ဖြေရေးအစီအစဉ်ကို ဆောင်ရွက်ရာ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ပွင့်၊
ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/ တေးသံရှင် သံသာမိုးသိမ့်၊ တေးသံရှင်စစ်သွေး၊
ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊
ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့က
သီဆိုဖျော်ဖြေကြပြီး ဒေသခံပြည်သူများကလည်း ပါဝင်သီဆိုကခုန်မှုကို ပျော်ရွှင်စွာအားပေးကြသည်။
ဖျော်ဖြေပွဲအပြီးတွင်
ရှမ်းမြောက်ဒေသသို့ လာရောက်ဖျော်ဖြေပေးကြသော အနုပညာရှင်များအတွက်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံတပ်တို့မှ မိသားစုများ၊
ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှ
ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အနုပညာရှင်များသည် သီပေါမြို့မစျေးနှင့် ကျောက်မဲမြို့မစျေးများသို့
သွားရောက်ကြပြီး စျေးရောင်း/စျေးဝယ်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ရာ
ပြည်သူချစ်သော အနုပညာရှင်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်
ပေါ်ကြိုမုဋ္ဌောစေတီတော်သို့ ဝင်ရောက်ဖူးမြော်ကြပြီး ဘုရားကြီးအတွက် နဝကမ္မအလှူငွေများ
စုပေါင်းလှူဒါန်းကြသည်။
ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌
ကျောက်မဲတပ်နယ်ရှိ တပ်မတော်သားများ၊ ကျောက်မဲခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ၊
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား ဖျော်ဖြေတင်ဆက်ကြ သည်။
ဖျော်ဖြေမှုမစတင်မီ
ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောက်မဲတပ်နယ်အတွက်
ဘုရားဆင်းတုတော်များနှင့် MRTV
DTH စလောင်းအစုံ ၃၀ နှင့် MRTV DVB - T2 Set Top Box အစုံ ၂၀ တို့ကို ဦးစွာပေးအပ်လှူဒါန်းသည်။
ဆက်လက်၍
ရှေ့တန်းရောက် တပ်မတော်သားများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့်
ခေါက်ဆွဲခြောက်၊ ငါးခြောက်ကြော်၊ ငံပြာရည်ချက်၊ လက်ဖက်အကြော်စုံနှင့် ကော်ဖီထုပ်များအပါအဝင်
စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့နယ်များတွင်
လှည့်လည်ဖျော်ဖြေခဲ့ကြသော အနုပညာရှင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
နယ်မြေခံတပ်နယ်၊ ကျောက်မဲခရိုင်နှင့် မြို့နယ်များမှ ဂုဏ်ပြုချီးမြှင့်ငွေများအား တာဝန်ရှိသူများက
အသီးသီးပေးအပ်ကြရာ အနုပညာရှင်များက လက်ခံရယူကြသည်။
ဆက်လက်၍
နိုင်ငံကျော်အနုပညာရှင်များနှင့် MRTV မှ အဆိုရှင်များက ဖျော်ဖြေတင်ဆက်ကြရာ
တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အားနှစ်ထောင်ခန့်တက်ရောက်၍
တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။
သတင်းစဉ်

No comments:
Post a Comment