မောင်ဒဲ့ဒိုး
ကဲ... ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတော့မယ်ဆိုတော့ နိုင်ငံတကာ မီဒီယာကြီးတွေလည်း အလုပ်ရှုပ်လာကြပြီလေ။ မကြာသေးခင်က ထွက်လာတဲ့ Reuters သတင်းတစ်ပုဒ်ကိုပဲကြည့်လိုက်၊ ခေါင်းစဉ်က “မြန်မာစစ်ကောင်စီစစ်တလင်းကနေ မဲပုံးဆီ အပြောင်းအလဲ၊ အောင်မြင်နိုင်ခြေနည်းပါး” တဲ့။ ဒီခေါင်းစဉ်မျိုးက အခုမှ ကြားဖူးတာမှ မဟုတ်တာ၊ အရင်ကလည်း ရာနဲ့ချီပြီး ကြားခဲ့ရတာပဲ။ ဒီရွေးကောက်ပွဲက မအောင်မြင်နိုင်ဘူး၊ “ဟန်ပြ” သက်သက်ပဲ၊ အစိုးရကလည်း ပြိုလဲခါနီးပြီဆိုပြီး ပုံဖော်ရေးသားနေကြတာပါပဲ။
ဒါပေမယ့်
ဘန်ကောက်က ကော်ဖီဆိုင်တွေ၊ ဝါရှင်တန်ဒီစီက ရုံးခန်းတွေ၊ သြစတြေးလျက
တက္ကသိုလ်ခန်းမတွေထဲမှာ ထိုင်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံထဲမှာ တကယ်လက်တွေ့နေထိုင်နေကြတဲ့
ကျုပ်တို့လို လူတွေအတွက်ကတော့ ဒီသုံးသပ်ချက်တွေက အဓိပ္ပာယ်မရှိပါဘူးဗျာ။ ဒါတွေက
ကိုယ်ပိုင်အမြင်တွေမဟုတ်ဘဲ တစ်ဖက်သတ် သတင်းအချက်အလက်တွေထဲမှာ ပိတ်မိနေတဲ့
“ဆရာကြီး” ဆိုသူတွေရဲ့ စကားတွေပါပဲ။ သူတို့က ပဋိပက္ခတွေစဖြစ်ကတည်းက မြန်မာပြည်ကို
ခြေမချဖူးကြဘူး၊ တချို့ဆို ဘယ်တုန်းကမှတောင် ရောက်ဖူးရဲ့လားမသိဘူး။ ဒါပေမယ့်
သူတို့စကားဆိုရင် အဟုတ်ကြီးမှတ်ပြီး ကိုးကားနေကြတာ။ တကယ်တမ်းတော့ သူတို့က မြန်မာပြည်ရဲ့
လက်တွေ့အခြေအနေနဲ့ အတော်ကြီးကို ကင်းကွာနေကြပြီလေ။ သုံးသပ်ချက်တွေပေးနေတယ်သာဆိုတယ်၊
တကယ်က သူတို့လိုချင်တဲ့ ပုံစံခွက်ထဲ အတင်းထည့်ပြောနေတာပဲ။ ပြီးတော့ သူတို့ကို
ပိုက်ဆံပေးထားတဲ့ အလှူရှင်တွေကြားချင်တာကို ပြောပေးနေရသလို၊ အဖြေရှာဖို့ထက် ပြဿနာဖြစ်နေမှ
ထမင်းစားရမယ့် “သတင်းတု” (Fake
News) တွေအပေါ်မှာပဲ
မှီခိုနေကြတာကိုး။
ကီးဘုတ်
ပညာရှင်များ
ပထမဆုံးနဲ့
အသိသာဆုံးပြဿနာကတော့ ဒီသုံးသပ်သူတွေက အဝေးကြီးမှာရှိနေတာပဲ။ Reuters သတင်းမှာ ကိုးကားထားတဲ့
“လေ့လာသူတွေနဲ့ သံတမန်တွေ” ဆိုတာ ရန်ကုန်နဲ့ နေပြည်တော်ကလေကို မရှူရတာ
နှစ်နဲ့ချီနေလောက်ပြီ။
သူတို့ပြောတာတွေကို
ဖတ်ကြည့်လိုက်ရင်လက်ပ်တော့ (Laptop) မျက်နှာပြင်ကနေတစ်ဆင့် မြန်မာပြည်ကို ကြည့်နေရတဲ့ လူတွေရဲ့ စကားမှန်းသိသာလွန်းတယ်။
သူတို့က နိုင်ငံခြားမှာ၊ အနောက်နိုင်ငံမြို့ကြီးတွေမှာ ဇိမ်ကျကျနေထိုင်ပြီး မြန်မာပြည်ကို
ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေရဲ့ လုံခြုံမှုအောက်မှာ နေနေကြတာလေ။ ဒီလိုနေရာ
ကနေထိုင်ကြည့်ပြီး အစိုးရရဲ့ လမ်းပြမြေပုံကို ဝေဖန်ဖို့က လွယ်တာပေါ့။ ကိုယ်တိုင်က
စစ်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတာမှ မဟုတ်ဘဲ၊ ရွေးကောက်ပွဲကို
“ဟန်ပြ” လို့ ပြောရတာ လွယ်တာပေါ့ဗျာ။
ဒီပညာရှင်တွေက “မဖြစ်နိုင်ဘူး” လို့ ပြောကြတာက မြန်မာပြည်ရဲ့ နိုင်ငံရေးလက်တွေ့အခြေအနေကို
မကြည့်ဘဲ အနောက်နိုင်ငံစံနှုန်းတွေနဲ့ တိုင်းတာနေလို့ပါ။ သာမန်ပြည်သူတွေအတွက်တော့ ဒီရွေးကောက်ပွဲဟာ
ဘယ်လောက်ပဲ မပြည့်စုံဘူး ပြောပြော၊ ဥပဒေဘောင်ထဲကို ပြန်ဝင်ဖို့နဲ့အရေးပေါ် ကာလကနေအားလုံးရဲ့
ထွက်ပေါက်တစ်ခုဆိုတာကို သူတို့မမြင်ကြဘူး။ ဒါကို လက်ခံဖို့ဆိုရင်
ကိုယ်တိုင်ရှိနေဖို့နဲ့ လက်တွေ့အမြင်ရှိဖို့လိုတယ်၊ အဲ့ဒါတွေက
ဒီကီးဘုတ်ပညာရှင်တွေမှာ မရှိဘူးလေ။
“သတင်းတု” ပဲ့တင်သံများ
ဒီပညာရှင်တွေမြန်မာပြည်ထဲမှာမရှိရင်
သတင်းတွေ ဘယ်ကရသလဲ။ အဖြေက ရှင်းရှင်းလေး၊ ပြည်ပရောက်မီဒီယာတွေ၊
တက်ကြွလှုပ်ရှားသူခေါင်းစဉ်နဲ့ လှုပ်ရှားနေသူတွေနဲ့ အတိုက်အခံအဖွဲ့ အစည်းတွေဆီက
တစ်ဖက်သတ်သတင်းတွေကိုပဲ ပြန်ကြားနေရတာဗျ။ ဒီအဖွဲ့တွေက သူတို့နိုင်ငံရေးရပ်တည်ချက်နဲ့
သူတို့ရှိပေမယ့်၊ သူတို့ ပြောသမျှကို ဓမ္မဓိဋ္ဌာန်ကျတဲ့ “သတင်းအစစ်” လို့
ယူဆလိုက်ရင်တော့ မှားပြီပေါ့။
အနောက်တိုင်း
သုံးသပ်ချက်တွေက တိုင်းပြည်ပျက်စီးတော့မယ့်ပုံစံပြောမှ ကြိုက်တာ။ တိုက်ပွဲလေး
နည်းနည်းဖြစ်တာနဲ့ တပ်မတော်က အကြီးအကျယ်ရှုံးနေပြီ၊ ဆန္ဒပြပွဲလေးနည်းနည်းရှိတာနဲ့
တစ်နိုင်ငံလုံး တော်လှန်နေပြီဆိုပြီး ပုံကြီးချဲ့ကြတာ။ “မဖြစ်နိုင်ဘူး” ဆိုတဲ့
စကားလုံးက ဒီလိုရွေးချယ်ထားတဲ့ သတင်းတိုအစအနတွေကနေ ထွက်လာတာပါ။ တပ်မတော်က မြို့ကြီးတွေ၊
အုပ်ချုပ်ရေးယန္တရားတွေနဲ့ အာဏာကို ငါးနှစ်နီးပါး ထိန်းထားနိုင်တယ်ဆိုတဲ့ အချက်ကိုတော့
သူတို့မေ့ထားကြတယ်။ ပြိုလဲတော့မယ်လို့ ဟောကိန်းထုတ်နေတာ ကြာလှပြီ၊
အခုထိမပြိုလဲပါလား။
လေ့လာသူတွေက
NUG နဲ့ သူတို့ အပေါင်းအပါတွေရဲ့ စကားတွေကိုပဲ
ပြန်ရွတ်နေကြတာပါ။ မြေပြင်အခြေအနေကို သူတို့ကိုယ်တိုင်မှ မစစ်ဆေးနိုင်တာ။ နိုင်ငံခြားအထောက်အပံ့တွေဆက်ရဖို့
ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကိုပဲ နားထောင်ပြီး ပြန်ပြောနေကြတာ။ စစ်ပန်းပြီး
တည်ငြိမ်မှုလိုချင်နေတဲ့၊ မဲသွားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ တကယ့်ပြည်သူအများစုရဲ့
ဆန္ဒကိုတော့ သူတို့ ထည့်မပြောကြဘူး။ ပိုက်ဆံမျက်နှာကြည့်တဲ့ အလှူရှင်အလိုကျသုံးသပ်ချက်များ၊
ခပ်ရှင်းရှင်းပြောရရင် “ဘယ်သူအကျိုးရှိသလဲ” ဆိုတာ မေးဖို့လိုတယ်။
မြန်မာ့အရေး
“ကျွမ်းကျင်သူ” ဆိုတဲ့ လောကကြီးက အနောက်နိုင်ငံအစိုးရတွေနဲ့ ဖောင်ဒေးရှင်းတွေရဲ့ ပိုက်ဆံနဲ့လည်ပတ်နေတာ။
သူတို့မှာက နိုင်ငံရေးရည်ရွယ်ချက်တွေ ရှိနေကြတယ်ဗျ။
တကယ်လို့များ
သုံးသပ်သူတစ်ယောက်က “စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အောင်မြင်နိုင်တယ်” ၊
“တပ်မတော်ကပဲ တိုင်းပြည်မပြိုကွဲအောင် ထိန်းထားနိုင်တယ်”
လို့များသွားရေးကြည့်ပါလား၊ အထောက်အပံ့ (Grant)တွေ ဖြတ်ခံရမှာ သေချာတယ်။ “တိုင်းပြည်
ပျက်တော့မယ်” ဆိုတဲ့ ဟောကိန်းတွေကမှ ဈေးကောင်းရတာလေ။ ဒါမှလည်း
ဥရောပနဲ့ အနောက်အုပ်စုက
ပိတ်ဆို့မှုတွေလုပ်ရတာ မှန်တယ်ဆိုပြီးဖြစ်မှာကိုး။ “ရွေးကောက်ပွဲအဆင့် လိုက်ကျင်းပတာက
နယ်မြေလုံခြုံရေးအရ ပိုကောင်းတယ်”လို့များသွားပြောရင် “တပ်မတော် ရဲ့ ဘက်တော်သား”
ဆိုပြီး တံဆိပ်ကပ်ခံရဦးမယ်။
ဒါကြောင့်
သုံးသပ်ချက်တွေက ပရိသတ်ကြိုက်အောင်ရေးရတာ။ အလှူရှင်တွေ သဘောကျအောင်ရေးရတာ။ သူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေ
ကြားချင်တာကို ပြောပြနေရတာ -“ခင်ဗျားတို့ ဖိအားပေးတာ ထိရောက်တယ်၊ တပ်ကအားနည်းနေပြီ၊
ဒီမိုကရေစီသမားတွေ
နိုင်တော့မယ်”
ပေါ့။ ဒါက သုံးသပ်ချက်စစ်စစ်မဟုတ်ဘူးဗျ၊ ပညာရှင်လိုလိုဘာလိုလိုနဲ့ ပိုက်ဆံယူပြီး
ဝါဒဖြန့်နေတာ။
မြေပြင်က
လက်တွေ့အခြေအနေ
Reuters ခေါင်းစဉ်မှာ ပြောထားသလို
“မဖြစ်နိုင်ဘူး” ဆိုတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ၂၀၂၅ ခုနှစ်
ဒီဇင်ဘာလရွေးကောက်ပွဲအခြေအနေက တော်တော်လေးခိုင်မာပါတယ်။ မြို့နယ် ၁၀၂ မြို့နယ်ကနေစပြီး
အဆင့်လိုက် ကျင်းပမယ်ဆိုတာ အားနည်းလို့ မဟုတ်ဘူး၊ လက်တွေ့ကျကျ စဉ်းစားလို့လုပ်တာ။ လုံခြုံရေးအခြေအနေအရ
လုပ်နိုင်သလောက်လုပ်ပြီး နိုင်ငံရေးလမ်းကြောင်းကို ရှေ့ဆက်တာလေ။
ပြီးတော့
ဒီပညာရှင်တွေ ပြောပြောနေတဲ့ “နိုင်ငံတကာက ဝိုင်းပယ်ထားတယ်” ဆိုတာလည်း ဒဏ္ဍာရီပါပဲ။
အနောက်နိုင်ငံတွေက အော်နေပေမယ့် မြန်မာ့အိမ်နီးချင်းတွေကတော့ ဆက်ဆံနေတာပဲ။ တရုတ်၊
ရုရှား၊ အိန္ဒိယဆိုတဲ့ နိုင်ငံတွေက မြန်မာ့အရေးအတွက် တကယ်အရေးပါတဲ့ နိုင်ငံတွေလေ၊ သူတို့က
ရွေးကောက်ပွဲကိုထောက်ခံတယ်။ တပ်မတော်က ဦးဆောင်ကျင်းပပေးမယ့် အရပ်သားအစိုးရအပြောင်းအလဲဆိုတာ
ဒီဒေသမှာ တည်ငြိမ်ဖို့အတွက် ပုံမှန်လုပ်နေကျ နည်းလမ်းပဲဆိုတာ သူတို့နားလည်တယ်။
အနောက်နိုင်ငံတွေ အသိအမှတ်ပြုမှ အောင်မြင်မယ်လို့ ယူဆထားရင်တော့
အဲဒီ
“မဖြစ်နိုင်ဘူး”
ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးပဲ ထပ်ဖွင့်နေမိမှာပဲ။
မဲစာရင်းတွေလည်း
ထွက်ပြီ၊ မဲပေးစက် (MEVM) တွေလည်း အဆင်သင့်ပဲ (ဒါကို
ဝေဖန်သူတွေက မပြောချင်ကြဘူး)၊ ပါတီတွေလည်း မဲဆွယ်နေပြီ။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီလို
လုံခြုံတဲ့နေရာက သန်းချီတဲ့ ပြည်သူတွေအတွက်တော့ မဲပုံးဆိုတာ သေနတ်ထက်စာရင် ပိုကောင်းတဲ့
ထွက်ပေါက်ပါပဲ။
နိဂုံး
Reuters ဆောင်းပါးမှာပါတဲ့
“ကျွမ်းကျင်သူ” တွေကတော့ အစိုးရသစ်ဖွဲ့ပြီး လွှတ်တော်စခေါ်တဲ့အထိ ပြိုလဲတော့မယ်လို့
ဟောကိန်းထုတ်နေကြဦးမှာပဲ။ “ဟန်ပြ” လို့ ပြောမယ်၊ သတင်းတုတွေကိုးကားမယ်၊ ပြီးရင်အလှူရှင်တွေဆီက
ပိုက်ဆံထုတ်ကြမယ်။
ဒါပေမယ့်
သမိုင်းဆိုတာ လက်တွေ့ပါဝင် ပတ်သက်သူတွေကရေးတာဗျ။ ဒီဇင်ဘာလ ၂၈
ရက်နေ့မှာတန်းစီပြီး မဲပေးကြမယ့် မြန်မာပြည်သူတွေကသာ တကယ့်အကဲဖြတ်သူတွေပါ။ သူတို့မဲပေးတာ
လန်ဒန်က သုတေသီတစ်ယောက်ယောက် သဘောကျဖို့မဟုတ်ဘူး။ သူတို့ရဲ့ အနာဂတ်၊ သူတို့
ရဲ့တည်ငြိမ်မှုနဲ့ သူတို့ကိုယ်တိုင် သတ်မှတ်တဲ့ ဒီမိုကရေစီအတွက် မဲပေးကြမှာ။
မျှော်စင်ပေါ်က အသံတွေကို နားထောင်နေတာရပ်ပြီး မြေပြင်က ခက်ခဲကြမ်းတမ်းတဲ့
လက်တွေ့ဘဝတွေကို ကြည့်ဖို့ အချိန်တန်ပါပြီ။ နိုင်ငံခြားကဝေဖန်ရုံနဲ့ လည်ပတ်နေတဲ့
ယန္တရားကြီး ရပ်သွားမယ်လို့ ထင်နေတဲ့ သူတွေအတွက် ခင်ဗျားတို့ပြောတဲ့ “မဖြစ်နိုင်ဘူး”
ဆိုတာ မဖြစ်နိုင်ဘူးဗျာလို့
ပြောချင်တယ်။ ခင်ဗျားတို့ ဝေဖန်လေကန်နေတဲ့ ကြားထဲကပဲ ရွေးကောက်ပွဲ ကြီးနဲ့
အစီအစဉ်အဆင့်ဆင့်က ဖြစ်မြောက်သွားမှာပဲလို့ ကျုပ်ပြောချင်တယ်။ ကဲ ... လောင်းရဲရင်
လောင်းမလား။
(မူရင်းဆောင်းပါး https://www.reuters.com/world/asia-pacific/
myanmar-juntas-shift-battlefield-ballots-faces-long-odds- 2025-12-24/)
No comments:
Post a Comment