ကြယ်စင်ဖေသင်
ရောဂါအထူးအဆန်းများ တစ်မျိုးပြီးတစ်မျိုးပေါ်ထွက်လာနေသော၊ တစ်နေ့တခြား စိတ်ဖိစီးမှုများ ပိုမိုများပြားလာနေသော ယနေ့ကမ္ဘာတွင် အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်၌ နေထိုင်လုပ်ကိုင်ရှင်သန်နိုင်ရေးသည် လူသားတို့၏ နေ့စဉ်ဘဝအတွက် အလွန်အရေးပါသည့်အကြောင်းကိစ္စဖြစ်လာနေသည်။ နေအိမ်များ၊ လမ်းများ၊ ကျေးရွာ/ရပ်ကွက်များ၊ ရုံးဌာနများ စသဖြင့် နေ့စဉ်လူအများ မှီခိုနေထိုင်ရသည့်၊ ကျင်လည်လှုပ်ရှားနေရသည့်နေရာဝန်းကျင်တို့သည် သန့်သန့်ပြန့်ပြန့်၊ သပ်သပ်ရပ်ရပ်ရှိနေခြင်း၊ မျက်စိပသာဒအမြင်တွင် ရှင်းရှင်းလင်းလင်းရှိနေခြင်းတို့က ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ခံစားမှုကောင်းမွန်ရေးတို့အတွက် များစွာအထောက်အကူပြုသည်ဟု သုတေသီများက ရှာဖွေတွေ့ရှိထားသည်။
အခြေခံကျသော အကြောင်းတရား
ထိုသို့သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးအတွက် လိုက်နာလုပ်ဆောင်ရမည့် အရေးကိစ္စများထဲတွင် မိမိတို့ပတ်ဝန်းကျင်၌ အမှိုက်တစ်စမျှ မရှိစေရေးအတွက် လူတစ်ဦးတစ်ယောက်စီက တက်ညီလက်ညီ ဝိုင်းဝန်းထိန်းသိမ်းပေးရေးမှာ အခြေခံအကျဆုံးသော အကြောင်းတရားဖြစ်လာသည်။
ထားရှိသင့်သည့်ကနဦးစိတ်ဓာတ်
လူတစ်ဦးသည် ၎င်းနေထိုင်ရာ ပတ်ဝန်းကျင်၌ “အမှိုက်တစ်စမျှ မရှိစေရေး”အတွက် လိုက်နာ လုပ်ဆောင်မှုသည် လူတို့၏ အကျင့်စရိုက်နှင့် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုတို့ကိုပါ ပိုမိုကောင်းမွန်စေသော အလေ့အထကောင်းတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ နိုင်ငံကြီးသားတစ်ယောက်အနေဖြင့် နေအိမ်၊ ရုံးဌာန၊ လမ်းစသည့် မိမိတို့နေထိုင်လုပ်ကိုင်နေသည့် ပတ်ဝန်းကျင်ကို ညစ်ပတ်ရှုပ်ပွ၊ အမြင်မတင့်တယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်သရိုက်များဖြင့် ညစ်ပေရှုပ်ပွစေရန် မပြုလုပ်ခြင်း၊ အခြားသူများကိုလည်း ထိုသို့မပြုလုပ်စေရန် စည်းရုံးပြောဆိုပေးခြင်း၊ အကယ်၍ ပတ်ဝန်းကျင်၌ အမှိုက်သရိုက်များကိုတွေ့မြင်ပါက ကိုယ်တိုင်ရှင်းလင်းသိမ်းဆည်းခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာအဖွဲ့အစည်းများကို သတင်းပေးလုပ်ဆောင်စေခြင်းတို့ကို ပြုလုပ်ပေးရန် တာဝန်ရှိပါသည်။ တစ်နည်းဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုအတွင်းရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ နှလုံးသားတွင် အမှိုက်တစ်စမျှ မရှိစေရေးအတွက် မိမိတို့ပတ်ဝန်းကျင်ကို မိမိတို့ထိန်းပေးသင့်သည်ဟူသော စိတ်ဓာတ်ကိန်းအောင်းတည်ရှိလာစေရန် ကိုယ်တိုင် အားထုတ်၍ ပြုစုပျိုးထောင်ထားရန် လိုအပ်ပါသည်။
အမှိုက်ကင်းရှင်းသန့်စင်ရေးအတွက် ကိုယ်တိုင် ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူး
မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ဒေသ အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ကိုယ်တိုင်ပါဝင်ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ သဘောပေါက်နေကြပြီဖြစ်သည်။
(၁) ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုအတွက် အထောက်အကူပြုခြင်း
လူတစ်ဦးတစ်ယောက်သည် ၎င်း၏ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းလုပ်ဆောင်နေခြင်းက ရုပ်ပိုင်းဆိုင်ရာသန့်ရှင်းမှု၊ ကျန်းမာစွာနေထိုင်မှုကို ထိန်းသိမ်းခြင်းလည်းဖြစ်သည်။ တစ်နည်းဆိုသော် ၎င်း၏ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ လူတစ်ယောက်သည် ၎င်း၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အိမ်ခြံဝင်း၊ ရပ်ကွက်၊ ကျေးရွာနှင့် မြို့ရွာများကို စွန့်ပစ်ပစ္စည်းအမှိုက်များကင်းစင်၍ သန့်ရှင်းလှပအောင် ထားရှိမှုတို့ဖြင့် ကျန်းမာရေး ကောင်းကျိုးများစွာရရှိစေနိုင်သည်။ ဥပမာ- စားကြွင်းစာကျန်များ၊ ပုပ်သိုးတတ်သော စွန့်ပစ်ပစ္စည်းများ စုပုံရာနေရာများသည် ရောဂါပိုးမွှားများ၊ ကြွက်နှင့် လူတို့၏ကျန်းမာရေးကိုထိခိုက်စေသော ကြွက်အပါအဝင် ပိုးမွှားအမျိုးမျိုးခိုအောင်းရာ နေရာဖြစ်သဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်၍ သန့်ရှင်းစွာနေထိုင်းခြင်းဖြင့် ရောဂါဘယအမျိုးမျိုးနှင့် ကူးစက်ရောဂါတို့ဖြစ်ခြင်းမှ အကာအကွယ်ရစေပါသည်။ ထို့ကြောင့် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှုအတွက် အထောက်အကူပြု၊ ပံ့ပိုးပေးနိုင်သည်ဟု ဆိုခြင်း ဖြစ်သည်။
(၂) စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုအတွက် အထောက်အကူပြုခြင်း
လေ့လာတွေ့ရှိချက်များအရ ပတ်ဝန်းကျင်အခြေအနေနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေတို့သည် ဆက်စပ်မှုရှိနေသည်။ အထူးသဖြင့် ပတ်ဝန်းကျင် ရှုပ်ပွနေမှု၊ မသန့်မပြန့်ဖြစ်နေမှုတို့သည် လူတစ်ယောက်၏ စိတ်ဖိစီးမှုနှင့် တိုက်ရိုက်ဆက်စပ် လျက်ရှိသည်ဟုဆိုသည်။ လူတစ်ယောက်သည် အမှိုက်ကင်းစင်သည့် သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကို မြင်တွေ့ရချိန်တွင် မျက်စိအမြင်သည် ဦးနှောက်ကို အလိုအလျောက်သတင်းပေးပို့ကာ ပျော်ရွှင်မှုဟော်မုန်းထွက်ရှိစေပြီး စိတ်ဖိစီးမှုဟော်မုန်းကို လျော့ကျစေသည်ဟု ကျွမ်းကျင်သူများက ထောက်ပြကြသည်။ စိတ်ဖိစီးမှုလျော့ကျလာပါက စိတ်လက်တက်ကြွမှုဖြစ်ပေါ်လာပြီး စိတ်ကြည်နူးမှုခံစားရရှိစေသည်။
ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်လုပ်မည်ဟု ဆုံးဖြတ်ထားခြင်းသည် စိတ်ကို ထိန်းချုပ်ထားသည့် သဘောဖြစ်ပြီး ထိုသို့ထိန်းချုပ်ထားနိုင်ခြင်းသည် စိတ်တည်ငြိမ်မှုကို ရရှိလာစေနိုင်သည်။ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တွင် နေထိုင်ရပါက အာရုံစူးစိုက်မှုများ ပိုမိုရရှိစေပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကိုလည်း သက်သာလျော့ကျစေသည်။ စိတ်ကြည်နူးမှုဖြစ်စေသည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် အမှိုက်သရိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်သည် စိတ်ချမ်းသာမှု၊ စိတ်တည်ငြိမ်မှု၊ စိတ်ကြည်နူးမှု စသည်တို့ ရရှိစေသဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေပါသည်။
(၃) ဂုဏ်သိက္ခာရှိမှု၊ ဂုဏ်ယူမှု၊ ဂရုစိုက်တတ်မှုတို့အတွက် အထောက်အကူဖြစ်စေခြင်း
အမှိုက်ကင်းစင်မှုသည် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုရှိနေသည်သာမက စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားနေသည်ကိုပါ ဖော်ပြနေသည်ဟုဆိုသည်။ အဆိုပါ နေရာ၊ ဒေသ၊ ဝန်းကျင်တွင် နေထိုင်သူများ၏ မြင့်မားသော ယဉ်ကျေးမှု၊ ကောင်းမွန်သော အလေ့အကျင့်၊ လူမှုရေးစံတန်ဖိုး များကို ကိုယ်စားပြုနေသဖြင့် ဂုဏ်သိက္ခာရှိမှုကို လည်း မှန်းဆနိုင်ပါသည်။ အမှိုက်ကင်းစင်သည့် နေရာ၊ သန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင် ရသည့် လူတစ်ယောက်အနေဖြင့် မိမိတို့ဒေသကို နှစ်သက်မြတ်နိုးမှုပိုကာ မိမိတို့ကိုယ်တိုင် ဂုဏ်တင် လျက် လူမှုရေးပီတိရရှိစေသည်။ မိမိတို့ဝန်းကျင်၊ မိမိတို့ဒေသ၏ သန့်ရှင်းသပ်ရပ်မှုများနှင့်ပတ်သက်၍ လာရောက်လည်ပတ်သူများ၏ ချီးကျူးပြောဆိုမှုများအပေါ် ဂုဏ်ယူနိုင်သကဲ့သို့ မိမိနေထိုင်ရာ နေရာ၊ ဝန်းကျင်၊ ဒေသအပေါ် ဂရုစိုက်ပြုမူတတ် သည့် အလေ့အထကိုပါ ပိုမိုတိုးပွားလာစေပါသည်။
(၄) လာရောက်သူများကို ဆွဲဆောင်နိုင်ခြင်း
နေအိမ်ဖြစ်စေ၊ ရုံးဌာနဖြစ်စေ၊ ကျေးလက်မြို့ပြဖြစ်စေ အမှိုက်ကင်းစင်၍ သန့်ရှင်းသပ်ရပ်မှုရှိပါက လာရောက်သည့် မိတ်ဆွေများ၊ ဧည့်သည်များ အတွက်ပါ စိတ်လက်ကြည်လင် နှစ်သက်မှုရရှိကာ နောက်ထပ်လာရောက်လိုစိတ် ဖြစ်ပေါ်စေနိုင်သည်။ ခရီးသွားလုပ်ငန်းအလေးထားသည့် ဒေသများတွင် ခရီးသွားဧည့်သည်များကို ၎င်းတို့ဒေသသို့ နောက်ထပ် ထပ်မံလာရောက်လည်ပတ်လိုစိတ် ဆန္ဒဖြစ်လာစေရန် ၎င်းတို့ဒေသ၊ ပတ်ဝန်းကျင် အမှိုက်ကင်းစင်စေရေး၊ သန့်ရှင်းသာယာလှပစေရေးအတွက် မဟာဗျူဟာချမှတ်၍ အမြဲပြင်ဆင် လုပ်ဆောင်ထားတတ်ကြသည်။
(၅) အနာဂတ်မျိုးဆက်များအတွက် စံနမူနာကောင်းပေးနိုင်ခြင်း
နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအနေဖြင့် အမှိုက် ကင်းစင်သော၊ သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးလုပ်ဆောင်နေခြင်းသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်းရှိ လက်ရှိလူသားများက အနာဂတ်မျိုးဆက်များကို စံနမူနာပြအဖြစ် အလေ့အကျင့် ကောင်းများ လက်ဆင့်ကမ်းပေးနေခြင်းဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ဒေသ သန့်ရှင်းသာယာ သပ်ရပ်မှုအတွက် စုပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ဒေသခံများအချင်းချင်းကြား တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုရှိလာခြင်းသည်လည်း မျိုးဆက်သစ်လူငယ်များအတွက် အမွေကောင်းများဖြစ်ပါသည်။
လက်တွေ့လိုက်နာလုပ်ဆောင်သင့်သည့်အရာများ
လူတိုင်းသည် မိမိတို့နေထိုင်ရာဝန်းကျင်တွင် အမှိုက်ကင်းစင်ရေးအတွက် “အမှိုက်တစ်စမျှမရှိစေရေး မိမိပတ်ဝန်းကျင် မိမိထိန်းပေး” ဟူသော စကားကို ဆောင်ပုဒ်အဖြစ် မှတ်ယူလက်ကိုင်ပြု၍ လိုက်နာရန်လိုသကဲ့သို့ သက်ဆိုင်ရာဌာနများ ကလည်း အများပြည်သူတစ်ဦးချင်း လိုက်နာစေရေး အတွက် ပညာပေးအစီအစဉ်များ အကောင်အထည် ဖော်ပေးခြင်း၊ လိုအပ်သောအရာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်ပေးရန် လိုအပ်သည်။
၁။ အမှိုက်ထွက်မှု နည်းပါးစေရန် ကြိုးစား လျှော့ချခြင်း
လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် နေ့စဉ် နေ့တိုင်း လိုအပ်သည့်ပစ္စည်း ဝယ်ယူသည့်အခါ ကြွပ်ကြွပ်အိတ်ကဲ့သို့ တစ်ခါသုံးထည့်စရာများ သုံးစွဲမှုကိုလျှော့ချ၍ ထပ်ကာတလဲလဲ သုံးစွဲနိုင်သည့် ဈေးဝယ်အိတ်များအသုံးပြုခြင်း၊ ပစ္စည်းတစ်ခုကို ဝယ်ယူအသုံးမပြုမီ အသုံးပြုပြီးပါက ထွက်ပေါ်လာမည့် စွန့်ပစ်ပစ္စည်းအခြေအနေကို မှန်းဆ၍ ရွေးချယ်ဝယ်ယူခြင်း၊ ပမာဏလျှော့ချဝယ်ယူခြင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ ထွက်နေသည့် စွန့်ပစ်အမှိုက်ပမာဏကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာလျှော့ချနိုင်ပါမည်။ သက်ဆိုင်ရာဌာန များကလည်း ဆိုရှယ်မီဒီယာအပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် စွန့်ပစ်အမှိုက် လျော့နည်းစေရေး လူထုပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသင့်သည်။
၂။ အလွယ်တကူ အမှိုက်စွန့်ပစ်သည့်အကျင့်ကို ပြုပြင်ပေးခြင်း
အမှိုက်စွန့်ပစ်ရန်ရှိပါက နေရာမရွေးဘဲ (ဥပမာ လမ်းဘေး၊ လမ်းမပေါ်၊ ရေမြောင်းနှင့်အများ ပြည်သူအသုံးပြုသွားလာရာ၊ အသုံးပြုရာနေရာများ) အလွယ်တကူစွန့်ပစ်တတ်သည့် အကျင့်ရှိပါကသတိထား၍ မစွန့်ပစ်မိစေရန်ထိန်းခြင်း၊ အမှိုက်ပုံထားရှိရာနေရာသို့ ရောက်အောင်သွား၍ စွန့်ပစ်ခြင်း၊ အမှိုက်ပုံ/အမှိုက်ပုံးမရှိပါက မိမိအမှိုက်ကို မိမိနှင့်တစ်ပါတည်း ယူဆောင်ကာ သတ်မှတ်ထားသည့် နေရာရောက်မှ စွန့်ပစ်ခြင်းတို့ကို ပြည်သူတစ်ဦးချင်းက အလေ့အကျင့်တစ်ခုအဖြစ် စွဲမြဲစေရန် လေ့ကျင့်မွေးမြူကြရပေမည်။ သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ ဌာနများကလည်း အများပြည်သူတို့၏ အမှိုက်စွန့်ပစ်မှုအလေ့အထ၊ အခြေအနေတို့ကို အမြဲမပြတ်လေ့လာ၍ အထောက်အကူပြုစေမည့် အစီအစဉ်များ၊ လက်တွေ့အသုံးတည့်စေမည့် အမှိုက်ပုံများ၊ အမှိုက် ပုံးများထားရှိမှု၊ အမှိုက်သိမ်းဆည်းရေးနည်းလမ်း အသုံးပြုမှုစသည်ဖြင့် ပိုမိုထိရောက်စေမည့် အခြေ အနေအရပ်ရပ်ကို စီစဉ်ဖန်တီးပေးထားရန် လိုအပ် ပါသည်။
၃။ အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်း၊ စွန့်ပစ် စေခြင်း
အမှိုက်များကို စနစ်တကျစွန့်ပစ်သည်ဆိုရာ ၌ အမှိုက်အမျိုးအစားခွဲခြားခြင်း၊ သတ်မှတ်ထား သောနေရာတွင်စွန့်ပစ်ခြင်းတို့ ပါဝင်သည်။
မိသားစုနေအိမ်များနှင့် ဝန်းကျင်များမှထွက်ရှိသည့် စားကြွင်းစားကျန်၊ သစ်ရွက်၊ သစ်ကိုင်းခြောက်စသည့် အမှိုက်စို၊ အမှိုက်ခြောက်များ၊ ပြန်လည် အသုံးပြုနိုင်သည့် ပလတ်စတစ်၊ စက္ကူ၊ သံဘူးစသည့် အမှိုက်များ၊ လုပ်ငန်းများမှထွက်ရှိသည့် ဘေးအန္တရာယ်ဖြစ်တတ်သော ဓာတုအမှိုက်၊ ဇီဝအမှိုက်များစသည်ဖြင့် အမှိုက်အမျိုးမျိုးတို့၏ ပြန်လည်အသုံးပြုနိုင်မှု၊ ဘေးအန္တရာယ်ရှိမှုတို့ကို သိမြင်လျက် စနစ်တကျခွဲခြားလုပ်ဆောင်ခြင်း၊ သတ်မှတ်ထားသောနေရာတွင်သာ စွန့်ပစ်ခြင်းတို့ကို လုပ်ဆောင်ရပါမည်။
အမှိုက်များကို အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း၊ သတ်မှတ်ထားသောနေရာများတွင် စနစ်တကျစွန့်ပစ်ခြင်းတို့သည် အမှိုက်ကင်းစင်ရေးလုပ်ငန်းတွင် အရေးကြီးသည့်အဆင့်ဖြစ်သည်။ တာဝန်ရှိသည့် ဌာနများ၊ အဖွဲ့အစည်းများကလည်း အမှိုက်များ စွန့်ပစ်နေရာများကို သင့်လျော်စွာ သတ်မှတ်ပြင်ဆင်ပေးခြင်း၊ စနစ်တကျ ခွဲခြားသိမ်းဆည်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးရန် လိုအပ်သည်။
၄။ လူထုပညာပေး လူထုလှုပ်ရှားမှုအသွင် အစီအစဉ်များ ဆောင်ရွက်ပေးခြင်း
တစ်နေ့တခြား တိုးပွားလာနေသောလူဦးရေနှင့် တီထွင်ထုတ်လုပ်လာနေသော အိမ်သုံးလူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကြောင့် စွန့်ပစ်အမှိုက် ပိုမိုများပြားလာနေပြီး အမှိုက်ကိစ္စသည် ယခင်ကာလများကနှင့်မတူတော့ဘဲ လူသားအားလုံးနှင့် ကမ္ဘာမြေကြီးအတွက် ပို၍အရေးကြီးသည့်ကိစ္စဖြစ်လာသည်။ လူတစ်ဦးတစ်ယောက် နှင့်သာ သက်ဆိုင်သည့် အရေးကိစ္စမဟုတ်တော့။ လူအများနှင့်ဆိုင်သောကိစ္စ၊ ဒေသအားလုံး၊ နိုင်ငံအားလုံးနှင့်ဆိုင်သောကိစ္စ ဖြစ်လာနေတော့သည်။
စွန့်ပစ်အမှိုက်ပြဿနာ လျော့ပါးသက်သာလာစေရန် အားလုံးပူးပေါင်းပါဝင်မှသာ ထိရောက်စွာလုပ်ဆောင်နိုင်ပါမည်။ ထို့ကြောင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းမှစ၍ ကျေးရွာ/ရပ်ကွက် သန့်ရှင်းရေး၊ မြို့နယ်လုံးကျွတ်သန့်ရှင်းရေးစသည်ဖြင့် နယ်မြေဒေသအသီးသီးရှိ လူအားလုံးပါဝင်စေလျက် လူထုလှုပ်ရှားမှုအသွင် လုပ်ဆောင်ကြရပါလိမ့်မည်။ မိသားစုအတွင်း တစ်ဦးချင်းမှစ၍ ကျေးရွာ၊ ရပ်ကွက်အဆင့်ဆင့်အားဖြင့် စွန့်ပစ်အမှိုက်နှင့်ပတ်သက်သည့် အလေ့အကျင့်များ ပျိုးထောင်ပေးခြင်း (ဥပမာ- ကလေးသူငယ်များ၊ ကျောင်းသားလူငယ်များအား အမှိုက်ကို စည်းကမ်းမဲ့ပစ်ခြင်း၊ မပစ်ခြင်းနှင့်ပတ်သက်၍ အကောင်းအဆိုးများ ဝေဖန်ပိုင်းခြားတတ်စေရန် ဟောပြောစည်းရုံးခြင်း၊ ပညာပေးဆွေးနွေးခြင်း၊ အိမ်ခြံဝင်း၊ လမ်း၊ ရပ်ကွက် စုပေါင်းသန့်ရှင်းရေးအတွက် အချိန်၊ နေ့ရက်သီးခြားသတ်မှတ်၍ စီစဉ်ပြုလုပ်ပေးခြင်း)၊ စည်းကမ်းများ ဟောပြောဆွေးနွေးခြင်း၊ ပြစ်ဒဏ်များ၊ အရေးယူမှုများကို သိရှိစေရန်၊ သိရှိစေခြင်းစသည်ဖြင့် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
တစ်ဦးတစ်ယောက်ချင်းစီ၏ တာဝန်
ပတ်ဝန်းကျင်တစ်ခု၊ ဒေသတစ်ခုအမှိုက် ကင်းစင်သန့်ရှင်းရေးသည် လူတစ်ဦးတစ်ယောက်တည်း လုပ်နိုင်သည့်ကိစ္စမဟုတ်ပါ။ သို့သော် လူတစ်ဦးတစ်ယောက်ချင်းစီက တိကျစွာလိုက်နာ လုပ်ဆောင်နိုင်ပါက ကိစ္စပြီးမြောက်နိုင်ပေမည်။ သို့ဖြစ်ပါ၍ မိမိတို့ပတ်ဝန်းကျင်တွင် အမှိုက်တစ်စမျှမရှိစေရေး မိမိတို့ကိုယ်တိုင် တာဝန်ယူထိန်းသိမ်းလျက် ဆောင်ရွက်နိုင်ပါစေကြောင်း နှိုးဆော်တိုက်တွန်းရေးသားလိုက်ရပါသတည်း။ ။
No comments:
Post a Comment