မောင်ကောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လန်ဒန်အခြေစိုက် ဘီဘီစီသတင်းဌာနကို အသရေဖျက်မှုနဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တရားစွဲဆိုလိုက်ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့မိန့်ခွန်းကို ဘီဘီစီသတင်းဌာနက အစီအစဉ်တစ်ခုမှာ တည်းဖြတ်ထုတ်လွှင့်မှုနဲ့ပတ်သက်လို့ တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ တရားစွဲဆိုမှုမှာ အမှုနှစ်ခုပါဝင်ပြီး စွဲချက်တစ်ခုကို ဒေါ်လာငါးဘီလီယံနဲ့ စွဲချက်နှစ်ခုလုံးအတွက် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံလျော်ကြေးပေးဖို့ သမ္မတဒေါ်နယ်ထရမ့်က ဘီဘီစီကို တောင်းဆိုထားပါတယ်။
ဘီဘီစီသတင်းဌာနရဲ့
Panorama အစီအစဉ်မှာ ထရမ့်ရဲ့မိန့်ခွန်းကို တည်းဖြတ်ထုတ်လွှင့်ခဲ့မှုဟာ ဆိုးဆိုးရွားရွား
ကျူးလွန်ခဲ့တဲ့ အမှားအယွင်းတစ်ခုဖြစ်ပြီး သမ္မတထရမ့်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့
ပါတယ်။ မိန့်ခွန်းကို တည်းဖြတ်ရာမှာ အမှားအယွင်းရှိခဲ့ကြောင်းနဲ့ မိန့်ခွန်းတည်းဖြတ်မှုကြောင့်
ထရမ့် က အကြမ်းဖက်လုပ်ဆောင်ဖို့ တိုက်ရိုက်လှုံ့ဆော်ခဲ့တယ်လို့ မှားယွင်းတဲ့အထင်အမြင်
ဖြစ်ပေါ်စေခဲ့ ကြောင်း ဘီဘီစီက ဝန်ခံခဲ့တာဟာ အမှားအယွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ
ထင်ရှားနေပါတယ်။ ဒါပေမယ့် ဘီဘီစီကတော့ သမ္မတထရမ့်အနေနဲ့ တရားစွဲဆိုဖို့ ကြိုးပမ်းတာဟာ
ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
အမေရိကန်နဲ့ ဗြိတိန်က
မီဒီယာတွေနဲ့ သမ္မတထရမ့် အစေးမကပ်မှုတွေက တစ်ယောက်အမှားကို တစ်ယောက်စောင့်တွယ်ရင်း
အပြန်အလှန်ဖြစ်နေကြပုံပါ။ စီအင်န်အင်န်၊ နယူးယောက်တိုင်းမ်၊ ဘီဘီစီစတဲ့ မီဒီယာတွေက
ထရမ့်ရဲ့အမူအရာတွေ၊ ဆုံးဖြတ်ချက်တွေကို စောင့်ကြည့်နေကြပြီး အဆိုး မြင်ဘောင်
(Negative Frame) ထဲကသာ ဖော်ပြနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ထရမ့်ဟာ မိမိပေးချင်တဲ့ အချက်အလက်ကို
တွစ်တာလိုမျိုး လူမှုကွန်ရက်ကနေ တိုက်ရိုက်ပေးပြီး အစဉ်အလာ မီဒီယာတွေကို အယုံအကြည်ကင်းမဲ့စွာနဲ့
ပြင်းပြင်းထန်ထန် ဆန့်ကျင်တတ်ပါတယ်။ မီဒီယာတွေ ကလည်း ထရမ့်ရဲ့ အမှားကိုသာ စောင့်ဖမ်းပြီး
သတင်းလုပ်နေကြတာကြောင့် ထရမ့်နဲ့ မီဒီယာတွေရဲ့ ကြားမှာ ကွာဟချက်က ကြီးမားပြီး တစောင်းစေးနဲ့
မျက်ချေးပမာရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အခု ဘီဘီစီနဲ့ဖြစ်တဲ့ပြဿနာက ဖြစ်ရိုးဖြစ်စဉ်
ပြဿနာတွေထက် ကြီးမားပြီး အသရေဖျက်မှုနဲ့ ပြည်နယ်ဥပဒေချိုးဖောက်မှုတို့အတွက် တောင်းဆိုထားတဲ့
လျော်ကြေး ၁၀ ဘီလီယံကတော့ ရမရ စောင့်ကြည့်ကြရမှာပါ။
တစ်ဆက်တည်းမှာပဲ
ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် လူမှုကွန်ရက် တွေမှာ သတင်းတု၊
သတင်းမှားတွေနဲ့ ရွေးကောက်ပွဲကို တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
Justic for Myanmar လိုမျိုး ပြည်ပရောက် အကြမ်းဖက်အားပေးအဖွဲ့အစည်းတွေကလည်း ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ
ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အနေနဲ့ အတုအယောင်ရွေးကောက်ပွဲ (Sham
Election) လို့တစ်မျိုး၊ အာဏာသိမ်းမှုကို တရားဝင်အောင်လုပ်ဖို့အစီအစဉ် စသည်ဖြင့် တစ်ဖုံ
စွပ်စွဲပုတ်ခတ် ပြောကြားနေကြပြီး ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ပျက်စီးအောင်၊
မဲပေးလိုစိတ် လျော့နည်းအောင် လုပ်ကြံနေကြပါတယ်။
ဒါ့အပြင် အဲဒီအဖွဲ့အစည်းတွေဟာ
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ ဥရောပနိုင်ငံ အစိုးရတွေကို မြန်မာနိုင်ငံမှာ
ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ စောင့်ကြည့် လေ့လာသူတွေ စေလွှတ်ခြင်းမပြုဖို့၊
အနိုင်ရသူကို လက်မခံဖို့စသည်ဖြင့် နိုင်ငံတကာကို လှုံ့ဆော်နေ ကြပါတယ်။ သူများနိုင်ငံမှာရှိတဲ့
အမတ်တချို့တလေက မြန်မာအစိုးရ၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် မှတ်ချက်တစ်စုံတစ်ရာ
ပြောလိုက်ရုံမျှနဲ့ တစ်စိတ်ကို တစ်အိတ်လုပ် ပုံကြီးချဲ့ပြီး သတင်းထုတ်လွှင့်ကြတာက ပြည်ပြေးအကြမ်းဖက်အားပေး
မီဒီယာတွေရဲ့ ရိုးရာတစ်ခုအဖြစ် အမြစ်တွယ်နေပြီဖြစ်ပါတယ်။
နိုင်ငံတိုင်းအတွက်
ရွေးကောက်ပွဲကာလမှာ သတင်းတု၊ သတင်းမှားတွေ အလွန်အမင်းပေါ်ပေါက် တတ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
ယနေ့ခေတ်လို လူမှုကွန်ရက်မီဒီယာတွေရဲ့ သက်ရောက်မှုကြောင့် သတင်းအချက်အလက်တွေကို အမှားအမှန်ခွဲခြားဖို့
ခက်ခဲလာပြီး သတင်းကို လက်နက်တစ်ခုအဖြစ် အသုံးချလာမှုက ပိုမိုမြင်တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာလည်း
ရွေးကောက်ပွဲ နီးကပ်လာ တာနဲ့အမျှ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်း တွေ ပိုမိုများပြားလာပြီး
မီဒီယာအနိုင်ကျင့်မှု (Media Bullying) ပုံစံတွေနဲ့ ရွေးကောက်ပွဲရဲ့ ယုံကြည် မှုကို
ထိခိုက်စေဖို့ ကြိုးပမ်းမှုတွေ ဆက်တိုက်မြင်တွေ့နေရတယ်။ ဥပမာအားဖြင့် Justice For
Myanmar လို အဖွဲ့အစည်းတွေရဲ့ စွပ်စွဲချက်တွေ၊ နိုင်ငံတကာမီဒီယာအချို့ရဲ့ တစ်ဖက်သတ်ဖော်ပြမှုတွေဟာ
သတင်းရယူတဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာကို မှားယွင်းတဲ့ အထင်အမြင်ဖြစ်စေတာကို မြင်ရတယ်။
USAID Funding
ရပ်ဆိုင်းလိုက်တဲ့အတွက် လုပ်ငန်းတွေ အတောသတ်သွားခဲ့တဲ့ မီဒီယာ အချို့ ကလည်း မြန်မာနိုင်ငံ
ရွေးကောက်ပွဲကို အခွင့်အရေးအဖြစ် အသုံးချဖို့အတွက် အဟောင်းတွေကို ပြန်လည်ဖော်ထုတ်တာ၊
မသေချာမရေရာတဲ့ သတင်းအချက် အလက်တွေသုံးပြီး ပြန်လည်လှုပ်ရှားလာကြတာကိုလည်း သတိပြုကြရမှာ
ဖြစ်ပါတယ်။ ဒါတွေကို သတင်းလွတ်လပ်ခွင့်လို့ ခေါင်းစဉ်တပ်ထားပေမယ့် နိုင်ငံရေးအာဂျင်ဒါအခြေပြု
သတင်းလုပ်ငန်းတွေ အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ပါပဲ။
အတွေ့အကြုံတွေအရ
မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကာလတိုင်းမှာ သတင်းတု၊ သတင်း မှားတွေက နည်းပညာအသစ်တွေနဲ့အတူ
ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာတတ်တာကို မြင်တွေ့ရတတ် ပါတယ်။ ယခင်ရွေးကောက်ပွဲကာလတုန်းကလည်း
မဲရုံဖွင့်ချိန် ပြောင်းလဲသွားတယ်ဆိုတဲ့ သတင်းအတု မျိုးနဲ့ မဲပေးလိုစိတ်ကို ကျဆင်းဖို့ရည်ရွယ်တဲ့
သတင်းတုမျိုးစုံကို တွေ့ခဲ့ကြရပါတယ်။ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာလည်း နည်းလမ်းဟောင်းတွေကို
နည်းပညာအသစ်နဲ့ ပြန်လည်အသုံးချလာကြမှာ မလွဲမသွေပါပဲ။ သတင်းတု၊ သတင်းမှားတွေကို နိုင်ငံရေးရည်ရွယ်ချက်
အတွက် လက်နက်တစ်ခုအဖြစ် အသုံးချလာသူတွေဟာ နိုင်ငံ့အကျိုးအတွက် ရွေးကောက်ပွဲအောင်မြင်တာကို
မလိုလားသူတွေဖြစ်ကြောင်း အလွယ်တကူ သုံးသပ်သိရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမှာ
ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်လာမယ့် ပြည်ပသတင်းသမားတွေက ကိုယ်တွေ့မျက်မြင်တွေ့ရှိရတဲ့
အချက်အလက်တွေကို အခြေခံပြီး မျှတမှုရှိရှိ ဖော်ပြနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို
နိုင်ငံတကာက ပိုမိုနားလည်လာစေနိုင်မှာဖြစ်ပါတယ်။
ဘယ်သူတွေ ဘာပဲပြောနေနေ
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
ကျင်းပတော့မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မိတ်ဖက်နိုင်ငံတွေက
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ မကြာမီရောက်ရှိလာ ကြတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ
သတင်းရယူဖို့အတွက် ပြည်ပနိုင်ငံအသီးသီးက သတင်း ထောက်တွေ၊ သတင်းစာဆရာတွေ ရောက်လာကြမှာဖြစ်တဲ့အတွက်
မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်ကို ကိုယ်တွေ့မျက်မြင်တွေ့ကြရမှာဖြစ်သလို မိမိတို့နိုင်ငံနဲ့
ပြည်သူအပေါ် အမှန်အတိုင်း သိရှိနားလည်နိုင်ကြမှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေမှာ
တွေ့မြင်ကြားသိနေကြရတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ သတင်းသမားတွေ ကိုယ်တိုင်ကြုံတွေ့
ရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတို့ရဲ့ ကွာခြားချက်တွေကိုလည်း နှိုင်းယှဉ်သိရှိနိုင်မှာဖြစ်ပါတယ်။
ပြည်ပက ရောက်လာမယ့်
သတင်းထောက် နောက်တစ်မျိုးကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အဆိုးမြင်ဘောင်
(Negative Frame) ကို အသေခတ်ထားတဲ့ သတင်းဌာနက သတင်းထောက်တွေဖြစ်ပြီး အယ်ဒီတာအဖွဲ့ရဲ့
ကြိုတင်အာဂျင်ဒါနဲ့ Guide Line တွေ ချမှတ်ပေးလိုက်တဲ့အတိုင်း မမှန်မကန်ရေးသားကြမယ့်သူများ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူတို့ တွေ့ကြုံရတာတွေ ဘယ်လောက်ပဲကောင်းနေနေ မကောင်းတာကိုသာ
ရွေးချယ်ဖော်ပြထုတ်လွှင့် ကြမှာဖြစ်ပါတယ်။ သူတို့ကို တရားဝင်ကိန်းဂဏန်းတွေ၊ အချက်အလက်တွေ
ဘယ်လောက်ပံ့ပိုးပေး သည်ဖြစ်စေ အဲဒါတွေကို သတင်းအချက်အလက်အဖြစ် အသုံးပြုမှာမဟုတ်ဘဲ သူတို့စိတ်ကြိုက်
ပုံဖော်နိုင်ဖို့ မရေမရာ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ သတင်းအဆိုးတွေ ရေးသားထုတ်လွှင့်ကြမှာပဲဖြစ်ပါတယ်။
ဘယ်သူတွေ ဘယ်လိုပဲဖျက်ဖျက်
မပျက်နိုင် ပါဘူးဆိုသလိုပဲ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ
၂၈ ရက်နေ့ မှာ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့
နိုင်ငံသူ နိုင်ငံသားတွေလည်း ဘယ်လိုဖိအား၊ ဘယ်လိုခြိမ်းခြောက်မှုမှ မပါရှိဘဲ မိမိတို့ဆန္ဒရှိတဲ့အတိုင်း
လွတ်လပ်စွာ ဆန္ဒမဲပေးကြရတော့မှာလည်း ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ယာယီထိန်းသိမ်းထားရတဲ့
လက်ရှိနိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးဆုံးချိန်မှာ ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့ကို
နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးအပ်သွားမှာလည်းဖြစ်ပါတယ်။ မကြာမီကျင်းပတော့မယ့်
ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ တစ်နိုင်ငံတည်းရဲ့ အကျိုးအတွက်သာမက ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့
အကျိုးအတွက်ပါ အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံကို ပျက်စီးလိုသူတွေ၊
မိမိတို့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်လိုသူတွေနဲ့ နောက်လိုက်နောက်ပါတွေကတော့ ရွေးကောက်ပွဲကို
ထောက်ခံမှာမဟုတ်ဘဲ ဆန့်ကျင်မှုတွေကို ဆက်လက်ပြုလုပ်နေမှာပဲ။
ဒီဆောင်းပါးရဲ့အစ
ထရမ့်နဲ့ ဘီဘီစီတို့ရဲ့အမှုကနေ သင်ခန်းစာယူရရင် ဗြိတိသျှအစိုးရရန်ပုံငွေနဲ့ ရပ်တည်နေတဲ့
ဘီဘီစီလို မီဒီယာကြီးလည်း မလိုရင် မလိုသလို သတင်းလိမ်တတ်တယ်ဆိုတာပါပဲ။ USAID အထောက်အပံ့ဖြတ်လိုက်လို့
ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့ မြန်မာဝရမ်းပြေး နှစ်ယောက်တစ်ပိုင်း မီဒီယာလေးတွေ လိမ်ကြ၊
ညာကြတာကတော့ ဆိုဖွယ်ရာပင် မရှိတော့ဘူးပေါ့။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့
လွတ်လပ်ရေးကြိုးပမ်းကြတဲ့ ခေတ်မှာတောင် လွတ်လပ်ရေးကို ဦးမတည်ဘဲ ရေးချင်ရာရေးခဲ့ကြလို့
ဗိုလ်ချုပ်ကိုယ်တိုင်က ဆိတ် (…) စေ့သတင်းစာလို့ နာမည်ပေးခဲ့သေးတာပဲ။ ဟိုပေါင်ကြား ပြေးကပ်၊
ဒီပေါင်ကြား ပြေးကပ်နဲ့ ဘယ်လိုပဲ မဟုတ်မဟပ် ရေးခဲ့ကြပါစေ တိုင်းပြည်အတွက် စေတနာမှန်တဲ့
ဗိုလ်ချုပ်တို့ရဲ့ စွမ်းဆောင်မှုတွေကြောင့် သမိုင်းမော်ကွန်းတင်ခဲ့တာပဲ မဟုတ်ပါလား။
။
No comments:
Post a Comment