Skilled
Man
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်အနက် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သော အသက်အပိုင်းအခြားရှိ လူဦးရေ ၆၆ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း သိရပါသည်။ စွမ်းရည်မြင့်သော လုပ်သားထုဖြစ်နေမှသာလျှင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စွမ်းရည်မြင့်သော လုပ်သားထုရရှိရန် ငယ်စဉ်ကတည်းက ကောင်းမွန်သော အခြေခံပညာလေ့လာသင်ယူခဲ့ပြီး ဆက်လက်၍လည်း လေ့လာသင်ယူမှု (Lifelong Learning) ပြုနေရမည်ဖြစ်သည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော လုပ်သားထု၏ အရည်အသွေးပြည့်ဝသော ပညာရေး၊ လေ့ကျင့်သင်ကြားရေးနှင့် ဘဝတစ်သက်တာလေ့လာသင်ယူရေးတို့သည် နိုင်ငံ၏အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်ရန်တွန်းအားများ ဖြစ်ပေါ်လာပါမည်။
လုပ်သားတို့၏ ရည်မှန်းချက်များကို ပြန်လည်ဆန်းစစ်
ဘဝတစ်သက်တာ လေ့လာသင်ယူမှုများဖြစ်ထွန်းနိုင်စေရန်အတွက် လုပ်သားတို့၏ ရည်မှန်းချက်များကို ပြန်လည်ဆန်းစစ်၍ အလုပ်ရှင်နှင့် အစိုးရတို့က လုပ်သားတို့၏ အဆင့်အားလုံးတွင် ပညာရေးနှင့် လေ့ကျင့်သင်ကြားနိုင်ခွင့်အတွက် အခြေအနေများဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ အရည်အသွေးပြည့်ဝသော ပညာရေး၊ လေ့ကျင့်သင်ကြားရေးနှင့် ဘဝတစ်သက်တာ လေ့လာရေးများသည် အလုပ်အကိုင်များဖော်ဆောင်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အပြန်အလှန်အကျိုးပြုလျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာပြီးဆုံးအောင် သင်ကြားနိုင်ခြင်းမရှိဘဲ အသက်ရှင်နေထိုင်မှုအတွက် မိသားစုဝင်ငွေရရှိရေး အလုပ်အကိုင်အမျိုးမျိုး လုပ်ကိုင်နေရသူများရှိပါသည်။ ထိုသူများသည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရေး မိမိတို့တတ်မြောက်ထားသော အတတ်ပညာကိုအခြေခံ၍ တိုးတက်သော ဘဝအဆင့်အတန်းများရရှိစေရန် အလုပ်လုပ်ရင်းလေ့လာသင်ယူသွားနိုင်ဖို့လိုပါသည်။
မိမိတို့အလုပ်အကိုင်တွင် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဝတစ်သက်တာလုံး သင်ယူလေ့ကျင့်မှု စဉ်ဆက်မပြတ်ရှိနေရန် အားထုတ်သွားရမည်ဖြစ်ရာ နိုင်ငံတော်က နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတော်က လုပ်သားထုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအရေးပါသည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရစေရေးဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အလုပ်သမားများအား သိသင့်သိထိုက်သော သတင်းအချက်အလက်များ မျှဝေပေးလိုပါသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်များရှိ လုပ်သားထု စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပေါင်းစပ်ချဉ်းကပ်သော နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာလုပ်သားများအား ဒေသတွင်းလုပ်သားထုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ပေးရန်နှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေးတို့သည် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် အရေးပါလျက်ရှိပါသည်။ ကမ္ဘာ့အလုပ်အကိုင်လောကတွင် အလုပ်အကိုင်သစ်များသည် စီးပွားရေးအခြေအနေအမျိုးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါ နောက်ပိုင်းကာလများတွင် ယှဉ်တွဲပေါ်ပေါက်လျက်ရှိရာ နည်းပညာအသစ်အဆန်းများ၊ ကျွမ်းကျင်မှုအသစ်များသည်လည်း အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်တိုးတက်လျက်ရှိပါသည်။
ယနေ့ နိုင်ငံတော်က ရေရှည်တည်တံ့သော စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကဏ္ဍအသီးသီးရှိ လုပ်ငန်းခွင်အသီးသီးတွင် လုပ်ကိုင်နေကြသော လုပ်သားထု၏ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုရှိရေး၊ စိတ်ဓာတ်ခိုင်မာအားကောင်းရေး၊ အလုပ်အပေါ် တန်ဖိုးထားလုပ်ကိုင်ရေးတို့သည် နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအရေးပါပါသည်။ အဆိုပါအချက်များရရှိရေးအတွက် လုပ်သားထု၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိရေး ဘဝတစ်သက်တာ လေ့ကျင့်သင်ကြားနိုင်ရေးတို့သည် အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် အလုပ်သမားဝန်ကြီးဌာနက မှတ်ယူထားပါသည်။
မြန်မာလုပ်သားထု၏ အနာဂတ် ရောင်နီသန်းလာပြီ
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များတွင် “နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ် ကြွယ်ဝမှုအပေါ်တွင် မူတည်ကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သော လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း” လမ်းညွှန်ချက်များကို အောင်မြင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ရာ မြန်မာလုပ်သားထု၏ အနာဂတ်သည် ဖွံ့ဖြိုးတိုးတက်မှုရောင်နီသန်းလာပြီ ဖြစ်ပါသည်။
အလုပ်သမားဝန်ကြီးဌာနက “စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်းပြည့်ဝသည့် လုပ်သားထုစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒများကလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အားအင်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် တွန်းအားကို ရရှိစေပါသည်။
လုပ်သားထု စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးတွင် လုပ်ငန်းခွင်အတွင်းရောက်ရှိနေသော လုပ်သားများအတွက် နည်းလမ်းနှစ်သွယ်ဖြင့် အဓိကထားစဉ်းစားရမည်ဖြစ်ရာ လုပ်ငန်းခွင်အသီးသီးတွင် ပေါ်ပေါက်လာနိုင်သော ကျွမ်းကျင်မှုအသစ်များအတွက် မွမ်းမံသင်တန်းပေးခြင်း နည်းလမ်း(၁)နှင့် လုပ်ငန်းခွင်အတွင်းရရှိပြီးသော အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများအပေါ် အဆင့်အလိုက် စိစစ်အကဲဖြတ်ခံခြင်း၊ ပိုမိုမြင့်မားသော ကျွမ်းကျင်မှုအဆင့်များသို့ တက်လှမ်းနိုင်ရေးသင်ယူလေ့လာမှုများ ထပ်မံပြုလုပ်၍ အဆင့်မြင့်ကျွမ်းကျင်မှုများအတွက် စစ်ဆေးအကဲဖြတ်နိုင်ရန် ကြိုးစားခြင်းနည်းလမ်း(၂) ဆောင်ရွက်မှုများဖြင့် လုပ်သားများ ဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ အနာဂတ်များ ထွန်းတောက်လာမည်ဖြစ်ပါသည်။
ခေတ်ပေါ်နည်းပညာများကို မျက်ခြည်မပြတ်လေ့လာနေရန် လိုအပ်
ယနေ့နည်းပညာခေတ်တွင် အလုပ်အကိုင်ကဏ္ဍအသီးသီး၌ ဆန်းသစ်သော နည်းပညာနှင့်အတူ ကျွမ်းကျင်မှုအသစ်များ(New Skills)၊ အစိမ်းရောင်ကျွမ်းကျင်မှုများ(Green Skills)၊ မိမိတတ်ကျွမ်း ထားမှုအပေါ် ထပ်မံမွမ်းမံပေးရသောကျွမ်းကျင်မှု (Reskills)၊ အဆင့်မြင့်လာသော ကျွမ်းကျင်မှု (Upskills) များပေါ်ပေါက်လျက်ရှိရာ မြန်မာအလုပ်သမားများသည် ခေတ်ပေါ်နည်းပညာများကို မျက်ခြည်မပြတ်လေ့လာနေရန် လိုအပ်ပါသည်။ မြန်မာလုပ်သားတိုင်းသည် ပြောင်းလဲနေသော ကျွမ်းကျင်မှုများအား အမီလိုက်ရန် ဘဝတစ်သက်တာ လေ့ကျင့်သင်ကြားနေခြင်း၊ အဆင့်မြင့်သော ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ကိုင်ဆောင်နိုင်ရန် ပုံမှန်စစ်ဆေး အကဲဖြတ်မှုခံယူကာ မှတ်ကျောက်တင်ထားခြင်းတို့ ဆောင်ရွက်ထားရန် လိုအပ်လာပါသည်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေ သော နည်းပညာကျွမ်းကျင်မှုများကို သိရှိအမီလိုက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းတည်မြဲကာ မိသားစု စီးပွားဘဝလုံခြုံမှုရရှိနိုင်မည်ကိုလည်း ဂရုပြုရန် လိုအပ်လာပါသည်။
အလုပ်သမားဝန်ကြီးဌာနက လုပ်သားများဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရန် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မွန် နှင့် ကရင်ပြည်နယ်တို့၌ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများဖွင့်လှစ်ကာ လုပ်ငန်းခွင်ဝင် အခြေခံသင်တန်းများဖြစ်သော လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းနှင့် ကြွေပြားကပ်သင်တန်းများ စသည့်လုပ်ငန်းခွင်ဝင် အခြေခံသက်မွေးပညာသင်တန်းများ၊ အဆင့်မြင့်သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပို့ချနေရုံသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင်ကျွမ်းကျင်မှု မွမ်းမံသင်တန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားရရှိစေရန် သက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
အလားတူ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လုပ်သားနှင့်ဆက်စပ်လုပ်ကိုင်နေသော ဝန်ကြီးဌာနများကလည်း လုပ်ငန်းခွင်ကျွမ်းကျင်မှုအခြေခံသင်တန်း၊ မွမ်းမံသင်တန်းများ ပြုလုပ်ပြီး လုပ်သားများဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒေသတွင်းရှိ အလုပ်အကိုင်လောကနှင့် အနာဂတ်အလုပ်အကိုင်များတွင် တိုးတက်လာသော ဉာဏ်ရည်တုနည်းပညာများ နေရာယူလာခြင်း၊ ဆန်းသစ်တီထွင်မှုများနှင့် လုပ်ငန်းခွင်အသီးသီးတွင် ကျွမ်းကျင်မှုအသစ်များ ပေါ်ပေါက်လာခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာများ တိုးတက်လာ၍ လက်မှုလုပ်ငန်းများနေရာတွင် အစားထိုးဝင်ရောက်လာခြင်း၊ အစိမ်းရောင်စီးပွားရေးကို အားပေးသော အစိမ်းရောင်ကျွမ်းကျင်မှုတို့သည် အလုပ်သမားထုအတွက် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ်လေ့လာသင်ယူနေရန် သတိပေးခေါင်းလောင်းသံဖြစ်လာရာ မိမိတို့တတ်ကျွမ်းထားသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများအား အဆင့်မြှင့်တင်လေ့လာသင်ကြားခြင်းနှင့် မှတ်ကျောက်တင်နိုင်သော ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ကိုင်ဆောင်ထားရှိရန် အရေးတကြီး လိုအပ်လာပါသည်။
လုပ်ငန်းခွင်တွင် လိုအပ်သည့် ခေတ်စနစ်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုများရှိသည့် လုပ်သားများ မွေးထုတ်နိုင်မှသာ ကုန်ထုတ်စွမ်းအားတိုးမြင့်လာနိုင်မည်ဖြစ်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမှုနည်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်နေသော မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA)သည် မြန်မာလုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စစ်ဆေးမှတ်ကျောက်တင်ပေးနိုင်သည့် အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာပါသည်။
NSSA ကို မြန်မာနိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ စည်းကြပ်ဆောင်ရွက်လျက်ရှိပါသည်။ မျက်မှောက်ခေတ်ကာလတွင် ပြောင်းလဲတိုးတက်လာမှုများနှင့်အတူ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြင်ဆင်ရန် လိုအပ်သည့်အချက်များတွေ့ရှိရသဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ “အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ကို ၂၀-၃-၂၀၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် လမ်းကြောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။
NSSA သည် အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများရေးဆွဲခြင်း၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှုစံအခြေပြု သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်း၊ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများအတွက် ရရှိပြီး အလုပ်အကိုင်ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ပေးခြင်း၊ အလုပ်အကိုင်ဆိုင်ရာ အမျိုးသားအဆင့် ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်းတို့ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ပါသည်။
အဆင့် ၄ ဆင့်ဖြင့် စစ်ဆေးအကဲဖြတ်လျက်ရှိ
လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများသည် လုပ်သက်ရလာသည်နှင့်အမျှ မိမိလုပ်ကိုင်နေသော အလုပ်တွင် ကျွမ်းကျင်မှုများ ရရှိလာမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေးဈေးကွက်အတွင်းရှိ အလုပ်အကိုင်ကဏ္ဍအသီးသီးတွင် လုပ်သားများ၏ ကျွမ်းကျင်မှုအရည်အသွေးအဆင့်အတန်းအား အဆင့် ၄ ဆင့်ဖြင့် သတ်မှတ်ကာ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်လျက်ရှိပါသည်။
အဆင့် ၁ သတ်မှတ်ချက်အနေဖြင့် မိမိနှင့်သက်ဆိုင်သောလုပ်ငန်းအတွက် ကြီးကြပ်သူ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းအားချောမွေ့စွာ ဆောင်ရွက်တတ်သော တစ်စိတ်တစ်ဒေသကျွမ်းကျင်လုပ်သား (Semi-Skilled Worker)၊ မိမိနှင့်သက်ဆိုင်သော လုပ်ငန်းအတွက် မိမိကိုယ်တိုင်လုပ်ငန်းအစမှအဆုံး မည်သူ၏အကူအညီမျှမယူဘဲ ဆောင်ရွက်တတ်သော အဆင့် ၂ သတ်မှတ်ချက်ရှိ ကျွမ်းကျင်လုပ်သား (Skilled Worker)၊ မိမိနှင့်သက်ဆိုင်သောလုပ်ငန်းအတွက်သာမက အခြားလုပ်ငန်းတူများ၏ လိုအပ်ချက်များအပေါ် ညွှန်ပြနိုင်၍ လုပ်ငန်းချောမွေ့ပြီးဆုံးအောင် ဆောင်ရွက်တတ်သော အဆင့် ၃ သတ်မှတ်ချက်ရှိ အဆင့်မြင့်ကျွမ်းကျင်လုပ်သား (Advanced–Skilled Worker)၊ မိမိနှင့်သက်ဆိုင်သော လုပ်ငန်းအတွက်စီမံခန့်ခွဲခြင်း၊ ဆန်းသစ်တီထွင်ခြင်းများဖြင့် ဆောင်ရွက်တတ်သော အဆင့် ၄ သတ်မှတ်ချက်ရှိ ကြီးကြပ်သူအဆင့် ကျွမ်းကျင်လုပ်သား (Supervisor) ဟူ၍ ခွဲခြားနိုင်ပါသည်။
အဆိုပါအဆင့်အတန်းရှိသော ကျွမ်းကျင်လုပ်သားများရရှိရန် စစ်ဆေးအကဲဖြတ်ရာတွင် NSSA သည် အာဆီယံနိုင်ငံများအတွင်းရှိ လုပ်သားများကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို နမူနာယူ၍ မိမိနိုင်ငံနှင့်ကိုက်ညီသော ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးပုံစံဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့က အဓိက ပူးပေါင်းပါဝင်ခဲ့ကြပြီး လုပ်သားထုနှင့်နှီးနွှယ်နေသော ဆက်စပ်ဝန်ကြီးဌာနများလည်း အားဖြည့်ပူးပေါင်းပါဝင်လာကာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီနှင့် လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ ၁၆ ခုတို့နှင့်ပူးပေါင်းပြီး ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အားအင်အပြည့် ဆောင်ရွက်လျက်ရှိပါသည်။
NSSA ၏ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် လုပ်သားတစ်ဦး၏ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု၊ အလုပ်အကိုင်ဆိုင်ရာအသိပညာ၊ လုပ်ငန်းအပေါ်တန်ဖိုးထားသော စိတ်ဓာတ်အပြုအမူများပါဝင်သော ကျွမ်းကျင်မှုစံ (Competency Standard) နှုန်းများကို အဓိကအခြေခံထားပါသည်။ အဆိုပါစံနှုန်းများဖြင့် မေးခွန်းများပြုစုကာ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ကျွမ်းကျင်မှု ၇၀ ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် အလုပ်အကိုင်ကျွမ်းကျင်မှုကို စစ်ဆေးအကဲဖြတ် လျက်ရှိသဖြင့်လုပ်ငန်းခွင်များတွင် လုပ်ငန်းရှင်များ လိုအပ်သော ကျွမ်းကျင်မှုစံနှုန်းများအတိုင်း စစ်ဆေး အကဲဖြတ်ပေးလျက်ရှိပါသည်။ ရေးဆွဲလိုက်သည့် ကျွမ်းကျင်မှုစံများသည် မြန်မာနိုင်ငံအနေအထား၊ မြန်မာ့လုပ်သားထုနှင့် လိုက်လျောညီထွေဖြစ်ရန်လည်းလိုအပ်ကာ အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှသာလျှင် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သော မြန်မာလုပ်သားထု ပေါ်ပေါက်လာမည်ဖြစ်ပါသည်။
မြန်မာ့လုပ်သားဈေးကွက်တွင် အလုပ်အကိုင်အခွင့်အလမ်းများ၍ ကျွမ်းကျင်မှုလိုအပ်သော ဂဟေဆက်အလုပ်အကိုင်၊ လေအေးပေးစက်တပ်ဆင်ခြင်းအလုပ်အကိုင်၊ အိမ်တွင်း လျှပ်စစ်ဝိုင်ယာသွယ်တန်းခြင်းအလုပ်အကိုင်ကဲ့သို့ စက်မှုနှင့် အင်ဂျင်နီယာအလုပ်အကိုင်များ၊ ဟိုတယ်အိပ်ခန်းဆောင်ပြုပြင်သော သန့်ရှင်းရေးအလုပ်အကိုင်၊ ဟိုတယ်စားပွဲထိုးအလုပ်အကိုင်၊ အကူသူနာပြုအလုပ်အကိုင်ကဲ့သို့သော ဝန်ဆောင်မှုအလုပ်အကိုင်များ၊ ရော်ဘာအစေးခြစ်အလုပ်အကိုင်၊ ကြက်ခြံလုပ်သားကဲ့သို့သော စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အလုပ်အကိုင်များ စသည့် ကဏ္ဍအသီးသီးတွင် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများကို အဆင့် ၄ ဆင့် သတ်မှတ်၍ စစ်ဆေးအကဲဖြတ်ပေးလျက်ရှိပါသည်။
NSSA အနေဖြင့် လုပ်သားအင်အားများပြားသော အလုပ်အကိုင်များအတွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ စစ်ဆေးအကဲဖြတ်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ မြန်မာ့စီးပွားရေးဈေးကွက်ဝင် လုပ်ငန်းကဏ္ဍအသီးသီးရှိ အလုပ်အကိုင် ၇၁ မျိုးအတွက် ကျွမ်းကျင်မှုစံ ၁၀၄ ခု ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ အလုပ်အကိုင် ၅၈ မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန ၃၀၂ ခုဖြင့် ဖြေဆိုသူ ၃၃၆၀၅ ဦး ကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ကာ အရည်အသွေးပြည့်မီသူ အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သား ၃၁၀၇၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်
အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ကိုင်ဆောင်ထားသော လုပ်သားများသည် အလုပ်အကိုင်အခွင့်အလမ်းတည်မြဲခြင်း၊ ကိုင်ဆောင်ထားသော ကျွမ်းကျင်မှုလက်မှတ်နှင့် လိုက်လျောညီထွေဖြစ်သော လုပ်ခလစာမျှော်မှန်းရရှိလာနိုင်ခြင်း၊ ဒေသတွင်း နိုင်ငံများရှိ လုပ်သားများနှင့် ရင်ပေါင်တန်းလာနိုင်ခြင်းတို့ကြောင့် မိမိတို့အလုပ်အပေါ် မြတ်နိုးတွယ်တာစိတ်များ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အလုပ်သမားများသည် အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ အသင့်ကိုင်ဆောင်ထားနိုင်ခြင်း၊ အာဆီယံဒေသတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာရာတွင် တန်းတူအခွင့်အရေးရရှိနိုင်ခြင်းနှင့် ပြည်တွင်းလုပ်ငန်းခွင်များတွင် ရရှိထားသည့် ကျွမ်းကျင်မှုအဆင့်နှင့်ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
အလုပ်ရှင်များသည် မိမိလုပ်သားများ၏ ကျွမ်းကျင်မှုကိုမြှင့်တင်ပေးခြင်းဖြင့် မိမိလုပ်သားများ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက မိမိတို့လုပ်ငန်းခွင်တွင် ကျွမ်းကျင်လုပ်သားများနှင့် လက်တွဲလုပ်ကိုင်ပါက လုပ်ငန်းခွင်ပြဿနာနည်းပါးခြင်း၊ အရည်အသွေးပြည့်မီသည့် ကုန်ထုတ် စွမ်းအားတိုးတက်လာခြင်း၊ ဝင်ငွေတိုးတက်လာခြင်း၊ လုပ်ငန်း၏ နာမည်ဂုဏ်သတင်းကောင်းများရရှိလာခြင်း စသည့်ရလဒ်ကောင်းများကို မလွဲမသွေရရှိခံစားရမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လက်တွဲပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါသည်။ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် ခိုင်မာသော ကျွမ်းကျင်လုပ်သားစာရင်း ဇယားများနှင့်အတူ နိုင်ငံ့စီးပွားဘဝမြင့်မားရေး မျှော်မှန်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးလုပ်ငန်းစဉ်များ သဘာဝသည် တစ်ဦးတစ်ယောက်တည်း အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍ရခြင်းမျိုးမဟုတ်ဘဲ စစ်ဆေးအကဲဖြတ်မည့်သူ၊ စစ်ဆေးအကဲဖြတ်ခံယူမည့်သူ၊ စစ်ဆေး အကဲဖြတ်မည့်နေရာ၊ အသိအမှတ်ပြုပေးမည့် အဖွဲ့အစည်း စသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လုပ်ငန်းရှင်များ၊ လုပ်ငန်းကဏ္ဍအသီးသီးရှိ လုပ်သားများ၊ လုပ်သားရှိသော ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည့်လုပ်ငန်းစဉ်များဖြစ်ပါသည်။ “တိုင်းပြည်၏ စွမ်းအားသည် ပြည်တွင်း၌သာရှိပြီး” တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လုပ်သားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးသည် အရေးပါသည့်အခန်းကဏ္ဍ ဖြစ်သောကြောင့် ခေတ်ကာလနှင့်အညီ ပြောင်းလဲတိုးတက်နေသော နည်းပညာတတ်ကျွမ်းသည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ်သမားသုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းကာ အနာဂတ်များ ထွန်းတောက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment