Saturday, November 15, 2025

မြစ်ကူးတံတားကြီးများကြောင့် ဒေသစီးပွားဖွံ့ဖြိုးစေခဲ့ပြီ

 


သတင်းဆောင်းပါး - ကေတာ

တံတားကြီး၏ အနီးကပ်ရှုမြင်ကွင်းသည် နံနက်ခင်းနေရောင်ခြည်အောက်တွင် အံ့ဖွယ်လှပလွန်းသည်။ တံတား၏အောက်ခြေက မြစ်ရေပြင်သည် ငြိမ်သက်စွာစီးဆင်းနေပြီး နေရောင်ဟပ်မှုကြောင့် မှန်တစ်ချပ်လို လင်းလက်တောက်ပကာ မြစ်ရေပြင်ပေါ်၌ ရွှေရောင်လင်းထိန်နေသည်။ တံတား၏ သံမဏိကြိုးများက သန်မာလွန်းလှပြီး နေရောင်၏ နူးညံ့သည့်အလင်းနှင့် ဆန့်ကျင်ဘက်တည်ရှိနေသည်။ ကြည်လင်သည့်ကောင်းကင်၊ စိမ်းစိုနေသည့် သဘာဝရေမြေ သစ်ပင်သစ်တောတို့နှင့် လိုက်ဖက်ပနံရနေပြီး အေးချမ်းသည့် သဘာဝပန်းချီကားတစ်ချပ်ကို ကြည့်ရှုရသကဲ့သို့ ခံစားရမည်ဖြစ်သည်။



တံတားကြီးသည် အများပြည်သူအတွက် ဆက်သွယ်သွားလာနိုင်ရုံသာမက သဘာဝ၏အလှကိုပါ ထိတွေ့ခံစားနိုင်သော အနုပညာလက်ရာတစ်ခုကဲ့သို့ ခန့်ထည်စွာတည်ရှိနေသည်။ ယခုနှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဂျိုင်း(ဇာသပြင်) တံတားသစ်ကြီးဖြစ်သည်။

ဂျိုင်း (ဇာသပြင်) တံတားသစ်

ဂျိုင်း (ဇာသပြင်) တံတားသစ်တည်ဆောက်ရေးလုပ်ငန်းများကို JICA ODA Loan ဖြင့် ၂၀၂၀ ပြည့်နှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား (Cable-stayed Bridge) ဖြစ်ကာတည် ဆောက်ပြီးစီးပါက လက်ရှိမြန်မာနိုင်ငံတွင် ခန်းဖွင့်အကျယ်ဆုံးတံတားဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ဂျိုင်း(ဇာသပြင်) မြစ်ကူးတံတားသစ်ကြီးတည်ရှိသည့် အရှေ့- အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများအကြားအဓိကဆက်သွယ်သော လမ်းမကြီးဖြစ်သည့်အတွက် တိုးတက်များပြားလာသည့် ယာဉ်စီးရေအရအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်နှင့် တန် ၆၀ ကားများ ဖြတ်သန်းသွားလာနိုင်စေရန် အဓိကရည်ရွယ်အဆင့်မြှင့်တင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်နယ်အတွင်း ဂျိုင်း(အတ္ထရံ)တံတားကို ၁၉၉၈ ခုနှစ်က တည်ဆောက်အသုံးပြုခဲ့သော်လည်း နေ့စဉ်ဖြတ်သန်းသွားလာသော ယာဉ်စီးရေများပြားလာခြင်းနှင့် ကုန်စည်များပိုမိုဖြတ်သန်း စီးဆင်းလာခြင်းတို့ကြောင့် ခံနိုင်ဝန်အားအရ ၁၃ တန်သာ လျှော့ချခွင့်ပြုထားပြီး အိမ်စီးယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုထားသည့်အတွက် မော်လမြိုင်တစ်ဖက်ကမ်းရှိ စက်မှုဇုန်များသို့ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခက်ခဲခဲ့ရသည်။

အတ္ထရံတံတားသစ်

ယခုအခါ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်တည်ဆောက်ပေးထားသည့် အတ္ထရံတံတားသစ် တည်ဆောက်ရေးစီမံကိန်းကို တံတားဟောင်း၏ ရေဆန်ဘက် ၄၅ မီတာအကွာတွင် ကပ်လျက် ဆောင်ရွက်လျက်ရှိသည်။

ယခုတံတားသစ် တည်ဆောက်ရေးလုပ်ငန်းသည် မြန်မာအင်ဂျင်နီယာများအတွက် ခေတ်မီတံတားတည်ဆောက်ရေးနည်းပညာ၊ ဒီဇိုင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ၊ နည်းပညာဗဟုသုတများစွာ တိုးပွားစေပြီး ကျွမ်းကျင်မှုနှင့်ယုံကြည်မှု ပိုမိုမြင့်မားလာစေသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော အရည်အသွေးရှိသည့် အင်ဂျင်နီယာများ ပေါ်ထွက်လာစေသော စီမံကိန်းတစ်ခုဖြစ်သည်။

“ဒီတံတားသစ်နှစ်စင်းကို ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံရဲ့ သက်သာသော အတိုးနှုန်းချေးငွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကိုတော့ တံတားဦးစီးဌာနက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီတံတားသစ်နှစ်စင်းရှိတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံ ရန်ကုန်သီလဝါရေနက်ဆိပ်ကမ်းမှ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ကို ဖြတ်သန်းပြီး ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့အထိ ခရီးပေါက်မှာဖြစ်ပါတယ်။ အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်မှာရှိတဲ့ ပြည်တွင်း ပြည်ပကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့တံတားတွေလို့ ပြောလို့ရပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ တံတားသစ်များကြောင့် မော်လမြိုင်- ကျိုက်မရောမြို့မှတစ်ဆင့် တရနာ - ဘုရား ကုန်းလမ်းသို့ ဆက်သွယ်သွားလာနိုင်သည့်အပြင် မုဒုံ-မြဝတီလမ်းမှတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့လည်း ဆက်သွယ်သွားလာနိုင်ရာ ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးဆက်သွယ်မှုကို အထောက်အကူပြုပြီး ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသော ချိတ်ဆက်မှုတစ်ခုပင်ဖြစ်သည်။

“မွန်ပြည်နယ်အတွင်းမှာ တံတားတွေ တည်ဆောက်ပေးနိုင်ခဲ့အတွက် အချိန်မရွေးဖြတ်သန်းသွားလာနိုင်တဲ့အပြင် မော်လမြိုင်အထူးစီးပွားရေးဇုန်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက်သွယ်ပေးထားပါတယ်။ ထို့အတူပဲ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအထိ သွားလာရေး က ပိုအဆင်ပြေသွားမှာဖြစ်ပါတယ်။ အချိန်တိုအတွင်း ရောက်ရှိနိုင်တဲ့အတွက် ပြည်တွင်း ပြည်ပကုန်စည်စီးဆင်းမှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ပြည်နယ်အတွင်းမှာ ချောင်းဆုံတံတား တည်ဆောက်အသုံးပြုနိုင်တဲ့အတွက် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်တယ်။ ပြီးတော့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ) တံတားကလည်းဒေသစီးပွားရေးကို အထောက်အကူဖြစ်စေတဲ့ တံတားဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒီတံတားက အကြမ်းဖက်သူတွေရဲ့ဖျက်ဆီးမှုကြောင့် အသုံးပြုလို့မရသေးပါဘူး။ ပြည်နယ်အတွင်းက တံတားကြီးတွေဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားပြည်သူတွေရဲ့ ရင်းနှီးချစ်ကြည်ရေး၊ ပြည်နယ်အချင်းချင်း ဆက်သွယ်ဆက်ဆံရေးကို အများကြီးအထောက်အကူ ဖြစ်စေပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပြသည်။

ထိုကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်တည်ဆောက်နေသည့် ဂျိုင်း(ဇာသပြင်)နှင့် ဂျိုင်း(အတ္ထရံ) တံတားသစ်တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တံတားတည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တည်ဆောက်ထားပြီးဖြစ်သည့် အတ္ထရံ မြစ်ကူးတံတားများက ဒေသစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုလျက်ရှိပြီး အတ္ထရံမြစ်ပေါ်တွင် အတ္ထရံ(ကြိုး) တံတား၊ အတ္ထရံ (ချောင်းနှစ်ခွ)နှင့် အတ္ထရံတံတား(စံပယ်ဂူ)တို့ကို တည်ဆောက်ထားပြီး ဖြစ်သည်။

အတ္ထရံမြစ်က ကျိုက်မရောမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့်အတွက် သွားလာရေးခက်ခဲမှု တည်ရှိခဲ့သည်။ ထို့ကြောင့် အတ္ထရံမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း ကျေးရွာများရှိ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေစေရန် ကျိုက်မရောမြို့၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ကျိုက်မရော-စံပယ်ဂူ-ကော့ပနောလမ်း အတ္ထရံတံတား(စံပယ်ဂူ)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်ဆောင်ရွက်ပေးခဲ့သည့်အတွက် မြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်တိုးတက်လာခဲ့သည်။

ထို့အတူ ရန်ကုန် - ကျိုက်ထို - သထုံ - မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မော်လမြိုင်မြို့နှင့် ပေါင်မြို့နယ် မုတ္တမမြို့အား ချိတ်ဆက်ထားသည့် သံလွင်တံတား (မော်လမြိုင်)၊ ဘားအံ - မော်လမြိုင် ကားလမ်းမပေါ်ရှိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့ကို ချိတ်ဆက်ထားသည့် ဇာသပြင်တံတား၊ မော်လမြိုင်မြို့ ဧရိယာအတွင်းရှိ ကျွဲခြံကုန်းရပ်ကွက်နှင့် စက်မှုဇုန်ရပ်ကွက်တို့အား ချိတ်ဆက်ထားသည့် အတ္ထရံတံတားတို့ကို တည်ဆောက်နိုင်ခဲ့သည့်အတွက် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေခဲ့သည်။

“ကျွန်တော်တို့ဒေသက ကုန်စည်စီးဆင်းမှုများတယ်။ လက်ရှိတံတားတွေက အသုံးပြုတာများတော့ ခံနိုင်ဝန်လျော့ကျလာတယ်။ ဒီတော့ မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ သုံးရအောင်တံတားသစ်တွေ အမြန်ပြီးစေချင်တာပေါ့။ တံတားသစ်ကြီးတွေ အသုံးပြုရတော့ ဒေသခံတွေအတွက်၊ ကျွန်တော်တို့လို ကုန်စည်ကူးသန်းရောင်းဝယ်ပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

ထိုသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် တံတားများတည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် တံတားတည်ရှိရာ ဒေသများသည် ခရီးသွားလာရေးလွယ်ကူခြင်း၊ ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်ခြင်းနှင့် ဒေသဖွံ့ဖြိုးခြင်း စသည့် ဖွံ့ဖြိုးမှုအသီးအပွင့်များကို တိုက်ရိုက်ခံစားရရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment