နေပြည်တော် စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။
နှုတ်ခွန်းဆက်စကားပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့တက္ကသိုလ်ရှိ စာသင်ဆောင်များနှင့် အဆောက်အအုံများ အမြန်ပြီးမြောက်ရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ တက္ကသိုလ်အလိုက် စည်းကမ်းထိန်းသိမ်းရေး၊ ဝတ်စားဆင်ယင်မှုနှင့် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးတို့ကို ကြီးကြပ်ဆောင်ရွက်ရန်မှာကြားပြီး ဒုတိယဝန်ကြီးများက နှုတ်ခွန်းဆက်စကားပြောကြား ကြသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်က တက္ကသိုလ်၏ သင်ကြားစီမံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများက လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီးကျောင်းအတွင်း စာသင်ဆောင်ပြုပြင် တည်ဆောက်ထားရှိမှု၊ ယာယီစာသင်ဆောင်များတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု ကာ လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် မန္တလေးမြို့ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးများ၊ မန္တလေးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ပညာရေး တိုးတက်မြင့်မားအောင် အထူးအားပေးလျက်ရှိရာ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား ကျောင်းသူများ အမှန်တကယ်စာတတ် မြောက်အောင်သင်ကြားပေးကြရန် ဆွေးနွေးမှာကြားပြီး ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ် သုတေသနစင်တာ၌ ကျင်းပ ပြုလုပ်သည့် မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ကျင်းပရေးဆွေးနွေးပွဲသို့ တက်ရောက်၍ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် မန္တလေး တက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းသားဟောင်းများက မန္တလေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို တာဝန်ရှိသူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment