Friday, September 5, 2025

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၄

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းတို့မှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်ခဲ့သည်မှာ ငါးလကျော်ကာလအထိ ရောက်ရှိပြီဖြစ်၍ ငလျင်ကြောင့် ပျက်စီးခဲ့ရသော ရုံးနှင့်လူနေ အဆောက်အအုံများကို အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်၍ ပြုပြင်ပေးနေခြင်းအား အမြန်ပြီးစီးစေရေး တာဝန်ရှိ သူများက ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း။

ခန့်မှန်းခြေစာရင်းများကိုလည်း အမြန်တွက်ချက်၍ ပေးပို့တင်ပြစေလိုပါကြောင်း၊ သို့မှသာ စိစစ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရန်ပုံငွေများ ဆက်လက်တင်ပြတောင်းခံနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း အိမ်ရာ ၅၂ လုံးကို အသစ်စတင် တည်ဆောက် လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် အရည်အသွေးမီရေး စနစ်တကျ ဆောင်ရွက်ရန်လိုပါကြောင်း၊ နည်းပညာအကူအညီပေးရေးနှင့် စစ်ဆေးရေးအဖွဲ့များတွင် အင်ဂျင်နီယာအသင်းအဖွဲ့များမှ ပညာရှင်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့်အတူ ပျက်စီးမှုများအလိုက် ပြန်လည်ပြင်ဆင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်လည်း နိုင်ငံပိုင်ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများနှင့် သာသနိကအဆောက်အအုံများ စနစ်တကျပြုပြင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် နိုင်ငံပိုင်အဆောက်အအုံများအား ဖျက်သိမ်းခြင်းနှင့်စာရင်းမှ ပယ်ဖျက်ခြင်းဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၂၅) အရဖျက်သိမ်းရမည့် နိုင်ငံပိုင်အဆောက် အအုံများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက မြန်မြန်ဆန်ဆန် စုစည်း တင်ပြပေးရန် လိုအပ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure - SOP) နှင့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ - ၂၀၂၅ (MNBC-2025)သည် အဆောက်အအုံများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက ငလျင်ကာလအလွန် အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌတို့က ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူမှု ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေး ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment