Saturday, July 19, 2025

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားသို့ တက်ရောက်



ပဲခူး ဇူလိုင် ၁၉

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ကုန်ပစ္စည်းစတင်စစ်ဆေးခြင်းအခမ်းအနားကို ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။







ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုဖြစ်ပေါ်စေပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာများအား စဉ်ဆက်မပြတ်တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းနေရာသည် Choke Point နေရာအဖြစ်ရွေးချယ်၍ တည်ဆောက်ထားခြင်းဖြစ်သဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးမှုများကို ထိရောက်စွာဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မှတ်ယူ၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရတို့က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုန်ပစ္စည်းစစ်ဆေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment