နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev နှင့် Minsk International Exhibition Center BELEXPO ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဥရောပ-အာရှ
စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက်
တွေ့ဆုံဆွေးနွေးပွဲကို စတင်ပြုလုပ်ရာ ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌက
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား
လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှ
စီးပွားရေးဖိုရမ် (EEF
2025) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို
ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ယခုတွေ့ဆုံဆွေးနွေးမှုမှတဆင့် မိမိတို့မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ
စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
တွန်းအားဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ
စီးပွားရေးသမဂ္ဂ (EAEU) တို့အကြား ၂၀၂၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော်အစိုးရနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of
Cooperation-MOC) အား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊
မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား
ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊
လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတဆင့်
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လေ့လာသူနိုင်ငံအဆင့်အထိ
တက်လှမ်းနိုင်မည်ဟုလည်း ယုံကြည်မျှော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုခိုင်မာကျယ်ပြန့်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့သည် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား
စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊
သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊ သတ္တုတူးဖော်မှုဆိုင်ရာ နည်းပညာမြှင့်တင်ရေးနှင့်
စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
လုပ်ဆောင်သွားနိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များ ကျင်းပခြင်းတို့ဖြင့်
စီးပွားရေးကုန်သွယ်မှုအခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့်
ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများစွာကို
ဖော်ဆောင်ပေးနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး
ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment