ရန်ကုန်ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီမှ “မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ အသိပညာပေးကော်မတီ” နှင့် “ရန်ကုန်တိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံး” တို့ ပူးပေါင်းကျင်းပသည့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ အ.ထ.က(၄) အလုံ(သီရိရတနာခန်းမ)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/မြို့နယ်/ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာကော်မတီအထောက်အကူပြု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြသီတာဆွေတင်နှင့် ကော်မတီဝင်များ၊ အ.ထ.က(၄)အလုံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည်နှင့်အညီ
အနာဂါတ်နိုင်ငံတော်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့်
ယနေ့လူငယ်လူရွယ်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးအကြောင်းကို
ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ပြီး မူးယစ်ဆေးဝါးဆိုရင် အသေးအဖွဲ့ဖြစ်သည့်
ဆေးလိပ်၊ ကွမ်းယာက စလို့လက်တည့် မစမ်းကြပဲဝေးဝေးမှ ရှောင်ရှားနိုင်ဖို့ လိုအပ်ကြောင်း၊
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို
အိမ်နီးချင်းနိုင်ငံများ၊ ASEAN ဒေသတွင်းနိုင်ငံများ၊
BIMSTEC နိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ
စသဖြင့် နိုင်ငံတကာအသီးသီးနှင့် ပူးပေါင်းကာနိုင်ငံတကာစာမျက်နှာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံသားများအားလုံး မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များပါမကျန် အားလုံးလက်တွဲကာ
မူးယစ်ဆေးဝါးအန္တရာယ်ကို ဘုံပြသနာအဖြစ် ခံယူလျက်သိရှိနားလည်သဘောပေါက်ကာ
အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာကော်မတီ အထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ
ဒေါက်တာမြသီတာဆွေတင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော
ဆေးဝါးများအကြောင်းနှင့် လူငယ်များသိရှိနားလည် သတိထားရှောင်ရှားနိုင်ရန်များကို
အမှတ်(၄၂) မူးယစ်တပ်ဖွဲ့စု(ရန်ကုန်အနောက်ပိုင်းခရိုင်)ဒုတိယတပ်ဖွဲ့စုမှူး
ဒုတိယရဲမှူး မြတ်ဖုန်းကလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရန်အတွက် မိမိကိုယ်တွေ့ဖြစ်ရပ်များနှင့်
ယှဉ်ကာ ယနေ့လူငယ်များ သင်ခန်းစာယူနိုင်ရန်လေးထပ်ကွမ်း အကယ်ဒမီဒါရိုက်တာဝိုင်းကလည်းကောင်း
အသိပညာပေးဟောပြောကြသည်။
ထို့နောက်
ယနေ့လူငယ်များ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန်
ခွန်အားတစ်ရပ်ဖြစ်စေမည့် Motivation Talk အားမူးယစ်ဆေးဝါးနှင့်
အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ အသိပညာပေးကော်မတီအတွင်းရေးမှူး ဦးနိုင်လင်းခန့်က
အသိပညာပေးဟောပြောပြီး တေးရေးမေသော်ရေးစပ်သီကုံးသည့် “ရွှေရောင်နေ့သစ်များဆီ” သီချင်းအား
အဆိုတော်လိမ္မော်သီး (ခ) မမိမွန်မွန်သိုက်က ဖျော်ဖြေသည်။
ယင်းနောက်အသိပညာပေးဟောပြောကြသည့်
ပုဂ္ဂိုလ်များအား ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး
လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ
ချီးမြှင့်ပေးအပ်သည်။
ထို့နောက်
အသိပညာပေးဟောပြောချက်များအပေါ် ကျောင်းသား/သူများအား ဉာဏ်စမ်းမေးခွန်းများ
မေးမြန်းခြင်းနှင့် ဆုချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပြီး၊ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့်
အန္တရာယ်များ အသိပညာပေးကော်မတီဥက္ကဋ္ဌ ဒေါ်ဌေးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်
အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက
ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို
ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်
(ပြန်/ဆက်)
No comments:
Post a Comment