မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရသည့်အခါ နိုင်ငံတော်အနေဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျ ထိထိရောက်ရောက် အလျင်အမြန်ဆောင်ရွက်ပေးနိုင်ခဲ့သလို သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာစေရေးနှင့် နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်သာယာဝပြောစေရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်စေမည့် သစ်တောသစ်ပင်များသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အကျိုးပြုလျက်ရှိသည်။
သက်ရှိများအားလုံးကို
အကျိုးပြုလျက်ရှိသည့် ကမ္ဘာကြီး၏ ပုံမှန်ရာသီဥတုဖြစ်စဉ်ကို
ဖောက်ပြန်ပြောင်းလဲစေသော အကြောင်းရင်းများတွင် သဘာဝပတ်ဝန်းကျင်
ပျက်စီးယိုယွင်းမှုဖြစ်စေသည့် သစ်တောသစ်ပင်များ ပျက်သုဉ်းခြင်းသည် အဓိကကျသော
အချက်တစ်ခုဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းကြောင့်
ရာသီဥတုပြောင်းလဲခြင်းဖြစ်ပေါ်လာပြီး ယနေ့ကမ္ဘာကြီးတွင်
မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်း၊
ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း
စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာရသည်။
မြန်မာနိုင်ငံသည်
ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံ၏ ဂေဟစနစ်များ ပိုမိုကောင်းမွန်စေရန်အတွက် သစ်တောသယံဇာတများ
ကာကွယ်ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနှင့်
တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဦးစားပေးအစီအစဉ်အဖြစ်
ရေရှည်စီမံချက်များ ဖော်ထုတ်ဆောင်ရွက်လျက်ဆိုသည်။ မြန်မာနိုင်ငံတွင်
အများဆုံးကြုံတွေ့ရသော ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှု၊
မြေဆီလွှာပျက်သုဉ်းမှု သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် သစ်တောသစ်ပင်များ
ထိန်းသိမ်းမြှင့်တင်ပျိုးထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်က နှစ်စဉ်အလေးထားအကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည်
အာဆီယံနှင့် ဒေသတွင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှုကောင်းမွန်ပြီး
သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။
နိုင်ငံ၏သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၂ ဒသမ ၉၂
ရာခိုင်နှုန်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် တွင်
ပဏာမအစီရင်ခံစာအရ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူပြီးနောက်ပိုင်းတွင် သစ်ပင်စိုက်ပျိုးမှု၊
သစ်တောများ ပြုပြင်ထိန်းသိမ်းမှုကို အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ကုလသမဂ္ဂသစ်တောကဏ္ဍဆိုင်ရာ
မဟာဗျူဟာရည်မှန်းချက်အရ ၂ဝဝ ပြည့်နှစ်တွင်ရှိခဲ့သည့် ကမ္ဘာ့သစ်တောဧရိယာ ဧက ၁၀
ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် ဧရိယာဧကသန်း ၃၀၀ ခန့်( ၃ ရာခိုင်နှုန်းခန့်)
ပိုမိုတိုးပွားလာစေရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် “ရာသီဥတုမျှတပြီး သစ်တောဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ
ပိုမိုရရှိစေရေးအတွက် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ
သစ်တောများဖုံးလွှမ်းအောင်" ရည်မှန်းချက်ထားပြီး သက်ဆိုင်ရာဌာနများ၊
ဒေသဆိုင်ရာများနှင့် အဖွဲ့အစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
ဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။
နိုင်ငံတော်အနေဖြင့်
၂ဝ၂၁ ခုနှစ် မိုးရာသီမှ ၂ဝ၂၄ ခုနှစ် မိုးရာသီအထိ နိုင်ငံတစ်ဝန်းတွင်
ပျိုးပင်စုစုပေါင်း ၉ဝ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့ပြီးဖြစ်သည်။
နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲကိုးကြိမ်ပြုလုပ်ခဲ့ပြီး သစ်ပင် ၃၂၀၉၇ဝ၃
ပင်စိုက်ပျိုးနိုင်ခဲ့သည်။ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့်
ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ၌ စိုက်ပျိုးခြင်းသာမကဘဲ
သစ်တောနယ်မြေပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက
မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးလိုက်သည့်
သစ်ပင်များ ရာခိုင်နှုန်းပြည့် အောင်မြင်ရှင်သန်ရန်အတွက် ဝိုင်းဝန်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ယခုနှစ်မိုးရာသီ၌လည်း အမြင့်နှစ်ပေအထက် ပျိုးပင် ၂ဝ ဒသမ ၅၉ သန်းကို
နိုင်ငံတစ်ဝန်းသို့ ဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားကြမည်ဖြစ်သည်။
သို့ဖြစ်ရာ
“အိမ်တိုင်းမှာ သစ်ပင်၊ ရွာစဉ်မှာ တောတန်း၊ တစ်တောဝင် တစ်တောဆက်၊
မြို့တက်မယ့်လမ်း" ဆိုသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို
ကာကွယ်ရန်အတွက် ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာအသီးသီးစိမ်းလန်းစိုပြည်ပြီး
အရိပ်အာဝါသရရှိရေးကို ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
သစ်ပင်သစ်တောများကို ထိန်းသိမ်းတိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်ပါကြောင်း။
No comments:
Post a Comment