နေပြည်တော် ဇွန် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ၊
ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံသို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
ကုမ္ပဏီအစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏
ဆိုလာစွမ်းအင်နှင့် ပတ်သက်သည့် မူဝါဒနှင့် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊
အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ် (၂၄)
အကြီးစားစက်ရုံ (ဒဂုံ)၊ ဆိုလာပြားအလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ ဆိုလာပြားဈေးကွက်အခြေအနေနှင့်
ပြည်ပမှ ဆိုလာပြားများ တင်သွင်းနေရမှုအခြေအနေများ၊
ဆိုလာပြားထုတ်လုပ်မှုနည်းပညာများ၊ ဆိုလာပြားအမျိုးအစားများနှင့် နှိုင်းယှဉ်ချက်များ၊
ဆိုလာပြားများအသုံးပြု၍ နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေများကိုလည်းကောင်း၊
ရွှေကသာကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာက ကုမ္ပဏီအနေဖြင့် ဆိုလာပြားထုတ်လုပ်မှုလုပ်ငန်းများ
အဆင့်ဆင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆိုလာပြားထုတ်လုပ်မှုများ နှစ်အလိုက်
အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
နည်းပညာများကို
မျက်ခြည်မပြတ်လေ့လာ
တင်ပြချက်များနှင့်
စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ပြည်တွင်းမှထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့်
တန်းတူအရည်အသွေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့်
ဆိုလာထုတ်လုပ်ခြင်း နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာ၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုသာယာကောင်းမွန်ပြီး နေသာသည့်ရက်များပြားသည့်
နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား
ထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား
ထုတ်လုပ်မှုများ တိုးတက်စေရေးမိမိအနေဖြင့် ၂၀၂၂ ခုနှစ်တွင်
စတင်ပြောကြားခဲ့ကြောင်း၊ မိမိတို့ နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအား
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများမှတစ်ဆင့်
အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြားထုတ်လုပ်ခြင်းအတွက် လိုအပ်သည့်
ကုန်ကြမ်းများအား ပြည်တွင်း၌ ထုတ်လုပ်သွားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့်
ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများလိုအပ်သဖြင့် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊
ပြည်တွင်း၌ ဆိုလာပြားများကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို
များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့်
သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လူမှုစီးပွားဘဝများ
ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်
မိမိတို့နိုင်ငံအနေဖြင့်
လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှ လောင်စာဆီများကို တင်သွင်းရလျက်ရှိကြောင်း၊ ထို့ကြောင့်
နိုင်ငံတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊
လျှပ်စစ်ဓာတ်အား ဖူလုံပေါများစွာ ရရှိခြင်းဖြင့် လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများသည်
အချိန်ရယူတည်ဆောက်ရပြီး ငွေကြေးများစွာသုံးစွဲရကြောင်း၊ တည်ဆောက်ချိန်တိုတောင်းသည့်
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်တစ်ပိုင်
တစ်နိုင်သုံးစွဲသည်မှ လုပ်ငန်းများ၊ စက်ရုံများ လည်ပတ်နိုင်သည်အထိ ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့်
နေရောင်ခြည်ကိုရရှိကြောင်း၊ စက်ရုံအလုပ်ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့်
အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်ခြင်းကြောင့်
အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား
ထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး
အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်သူများအတွက် Incentive များ ပေးသွားရမည်ဖြစ်ကြောင်း၊
ဝန်ကြီးဌာန အနေဖြင့်လည်း Small Scale (အိမ်သုံး) မှ Large
Scale (စက်ရုံသုံး) အထိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း
လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့ရွာများ၌လည်း
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို
ဆောင်ရွက်ပေးသွားမည်ဆိုပါက လူနေထိုင်မှု အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊
ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက်
များစွာအကျိုးရှိစေမည့် လုပ်ငန်းဖြစ်ကြောင်း၊ ဆိုလာပြားများအား ပြည်တွင်း၌
လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုပြီးဆိုလာပြားထုတ်လုပ်မှု တိုးတက်ရေးနှင့်ပတ်သက်၍
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း၍
ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ Solar Panel များအား
လုံလောက်စွာ ထုတ်လုပ်သွားကြရန်လိုကြောင်း။
လျှပ်စစ်နှင့်
ပတ်သက်၍ ဝိုင်ယာကြိုးများကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊
မိမိတို့နိုင်ငံတွင် ဝိုင်ယာကြိုးပြုလုပ်ရန်အတွက် အခြေခံဖြစ်သည့် ကြေးနီများ
လုံလောက်စွာ ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ဝိုင်ယာကြိုးလုံလောက်စွာထုတ်လုပ်နိုင်ရေး
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ရုံအထိမ်းအမှတ် ဂါရဝပြုလက်ဆောင်ကို
ပေးအပ်သည်။
ဆက်လက်၍
ဆိုလာပြားစက်ရုံအတွင်း ဆိုလာပြားများ ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့်
ဆိုလာပြားစမ်းသပ်ထုတ်လုပ်ရန် ၂၀၂၁ ခုနှစ်မှစတင်၍ ဈေးကွက်အတွင်းမှ ဝယ်ယူ၍ လေ့လာခဲ့သည့်
ဆိုလာပြားများနှင့် ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် ဆိုလာပြားများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
တာယာစက်ရုံ(ရွာမ)
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ (ရွာမ) မော်တော်ဆိုင်ကယ်တာယာနှင့်
ကျွတ်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက
မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်တာယာများနှင့်ကျွတ်များ ထုတ်လုပ်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ပြည်တွင်းလိုအပ်ချက်များသည့် မော်တော်ဆိုင်ကယ်တာယာများ၊
သုံးဘီးဆိုင်ကယ်တာယာများနှင့် ကျွတ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးပြည့်မီကောင်းမွန်ရေး၊
ပြည်တွင်းဈေးကွက် ဖူလုံမှုရှိစေရေးနှင့် ပြည်ပဈေးကွက်ရရှိရေးတို့အတွက်
ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ် (၃) သံမဏိစက်ရုံ (ရွာမ)
သို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးညိုစောက စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အရည်အသွေးမြင့်သံမဏိများ
ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုနှင့် အရည်အသွေးတိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိမှု၊
ကုန်ထုတ်လုပ်မှုစွမ်းအားကျဆင်းသည့် ကုန်ထုတ်စက်ကြီးများအား
အသစ်ပြန်လည်တပ်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ အမှတ် (၃) သံမဏိစက်ရုံ (ရွာမ) စက်ရုံမှူးကြီးက
စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ရုံမှသံမဏိနှင့် ဆက်စပ်ပစ္စည်းများ၊ ဘိုး၊
နတ်များထုတ်လုပ်လျက်ရှိမှုအခြေအနေများ၊ စက်များမှ သံမဏိထုတ်ကုန်များ
ထုတ်လုပ်နိုင်မှုစက်စွမ်းအား အခြေအနေများ၊ အရည်အသွေးပြည့်မီသည့် သံမဏိများရရှိရေး
စနစ်တကျထုတ်လုပ်နေမှုများ၊ ထုတ်လုပ်ထားသည့် Deformed Bar များကို အရည်အသွေးစစ်ဆေးခြင်းများ
ဆောင်ရွက်ခဲ့ရာ သတ်မှတ်အရည်အသွေးထက် ပိုမိုကောင်းမွန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရမှုနှင့်
သံရည်ကျိုလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းနှင့် စက်ရုံမှထွက်ရှိသည့် HRB-500
Steel Billet များအား ကုန်ထုတ်လုပ်နိုင်ရေး အမှတ် (၁) သံမဏိ စက်ရုံ (ကျောက်စွယ်ကျိုး)
သို့ လွှဲပြောင်းပေးပို့မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်
စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိများ လိုအပ်လျက်ရှိခြင်းကြောင့် ပြည်တွင်းသံမဏိထုတ်လုပ်ခြင်း
လုပ်ငန်းများကို အားပေးရန်လိုကြောင်း၊ အရေအတွက်ပြည့်မီရန် လိုအပ်သကဲ့သို့ အရည်အသွေးအရလည်း
ပြည့်မီရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍
စက်ရုံမှ ထွက်ရှိသည့် သံမဏိများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်ထားသည့် သံမဏိများအား
အရည်အသွေး နှိုင်းယှဉ်ပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း လှည့်လည်၍ HRB-500 Steel Billet များ
ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ် (၃) သံမဏိစက်ရုံ
(ရွာမ) မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးကြီးက
လက်ခံရယူသည်။
အမှတ်(၂)
သံမဏိစက်ရုံ (မြောင်းတကာ)
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ် (၂)
သံမဏိစက်ရုံ (မြောင်းတကာ) သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးညိုစောက စက်ရုံသမိုင်းအကျဉ်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊
စက်ရုံမှူးကြီးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
စက်ရုံစတင်သည်မှ ယနေ့အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ၏
မှတ်တမ်းဓာတ်ပုံများနှင့် ဆက်လက်၍လည်း တံတားသံပေါင်များ ထုတ်လုပ်လျက်ရှိမှု၊ ခုံးကျော်တံတားများအတွက်
လိုအပ်သည့် သံပေါင်များအား ထုတ်လုပ်ပေးခဲ့မှု၊ လျှပ်စစ်တာဝါတိုင်များနှင့် သွပ်ဆေးတင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိမှု၊ တံတားလုပ်ငန်းများအတွက် သံပေါင်များနှင့် ဆက်စပ်ပစ္စည်းများ
ဆက်လက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဓာတ်အားလိုင်းတာဝါတိုင်များ
ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်
စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည်
နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့် လုပ်ငန်းဖြစ်ပြီး စက်ရုံအနေဖြင့် တာဝါတိုင်များ၊
တံတားသံပေါင်များကို စနစ်တကျဖြင့် ဆက်လက်ထုတ်လုပ်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက်
Deformed Bar များ လိုအပ်သဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊
ဆောက်လုပ်ရေးသုံးသံမဏိများကို ပြည်ပမှ နှစ်စဉ်ဝယ်ယူနေရပါက နိုင်ငံတော်အတွက် ငွေကြေးကုန်ကျမှုများပြားနေဦးမည်ဖြစ်ကြောင်း၊
ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ရှိပြီးဖြစ်သည့် သံအရင်းအမြစ်များကို
စနစ်တကျဖြင့် ထုတ်ယူအသုံးချသွားရန်လိုကြောင်း၊ ပထမဦးစားပေးအနေ ဖြင့် Steel Billet
များကို ထုတ်လုပ်သွားနိုင်ရန်လိုပြီး ထိုမှတစ်ဆင့်
ဆောက်လုပ်ရေးလုပ်ငန်းသုံး Deformed Bar များ ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊
ပြည်တွင်း၌ရှိပြီးဖြစ်သည့် သံမဏိစက်ရုံများ အဆင့်မြှင့်တင်ခြင်း
လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးငလျင်ကြီး
လှုပ်ခတ်ခဲ့ချိန်တွင်လည်း အချို့ဆောက်လုပ်ရေးလုပ်ငန်းသုံးသံမဏိများမှာ အရည်အသွေးပြည့်မီမှုမရှိသည်ကို
စစ်ဆေးတွေ့ရှိခဲ့ရပြီး မိမိတို့အတွက် သင်ခန်းစာပင်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင်
ခိုင်ခံ့စွာတည်ဆောက်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးသုံးသံမဏိများကို
ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်
စက်ရုံအတွင်း လှည့်လည်၍ တံတားနှင့် သံထည်ထုတ်လုပ်ရေးလုပ်ငန်းခွင်အတွင်း
လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ
စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် စက်ရုံ Jetty
နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment