ရွှေစင်မိုးဥ
နိုင်ငံတော်အကြီးအကဲ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြင်လွင်ဦးမြို့ ခရီးစဉ်မှာ သွားရောက်ခဲ့တဲ့ နေရာလေးတစ်ခု။ အဲဒီနေရာက ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းပါ။ ဒီသတင်းကို နားထောင်လို့အပြီးမှာ ကျွန်မရဲ့ စိတ်အစဉ်ဟာ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကာလက အဲဒီကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ ပုံရိပ်တွေဆီလွင့်ပါရောက်ရှိသွားခဲ့ပါတယ်။ ဖခင်တာဝန်ကျရာ နေရာဒေသအသီးသီးကို လိုက်ပါပြောင်းရွှေ့ခဲ့ရတဲ့ မြို့တွေအနက် ကျွန်မမှတ်မှတ်ထင်ထင်ရှိခဲ့တဲ့၊ ဇာတိချက်ကြွေမွေးရပ်မြေလို့ မှတ်ထင်ထားတဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ကိုတော့ ကျွန်မတစ်သက်ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူး ။
မိမိဒေသကို
ချစ်မြတ်နိုးပြီး အဲဒီဒေသမှာ မွေးဖွားခဲ့တဲ့၊ အသက်အရွယ်ကြီးမြင့်စွာ ရှိနေကြတဲ့
ဒေသခံများနဲ့ Elder အဖွဲ့ ဖွဲ့စည်းပြီး ဒေသရဲ့ အစဉ်အလာနဲ့ ဂုဏ်သတင်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့နဲ့
ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တာတွေကို အကြံပြုပေးပါလို့ ပြင်ဦးလွင်ခရီးစဉ်မှာ
မှာကြားခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ စေတနာကို တွေ့မြင်ခဲ့ရပါတယ်။
ဖခင်တာဝန်ကျရာနေရာတွေကို
လိုက်ပါနေထိုင်ရတဲ့ ကျွန်မတို့လို တပ်မတော်သား သားသမီးတွေ ဘဝက ဇာတိမြေဆိုတာ
သတ်သတ်မှတ်မှတ်မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အချိန်အတော်ကြာနေထိုင်ခဲ့ရတဲ့
ဒေသကိုတော့ ကိုယ့်မွေးရပ်ဇာတိလို တွယ်တာခုံမင်ခဲ့ကြပါတယ်။ ဖခင်တာဝန်ကျရာ
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်မှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့ရတော့ ပြင်ဦးလွင်ဟာ ကျွန်မတို့
နှစ်သက်တွယ်တာ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ဇာတိမြေဆိုလည်း မှားမယ်မထင်ပါဘူး ။
မေမြို့
သို့မဟုတ် ပြင်ဦးလွင်ဟာ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ပညာရေးမြို့တော်၊
ကျန်းမာရေးမြို့တော် စသည်ဖြင့် အမည်နာမမျိုးစုံနဲ့ လှပတင့်တယ်စွာရှိနေတဲ့
အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေးတစ်ခုပါ။ ဒီမြို့လေးရဲ့ အ.ထ.က(၃)မှာ ကျွန်မတို့
ညီအစ်မတစ်တွေ ပညာရည်နို့သောက်စို့ခဲ့ကြတာ ဖြစ်ပါတယ်။ ယခင်ကတော့
မိန်းကလေးကျောင်းဖြစ်ပြီး ကျောင်းအိပ်၊ ကျောင်းစား မိန်းကလေးဘော်ဒါဆောင်ရှိလို့
ပြင်ဦးလွင်နဲ့ နီးစပ်ရာဒေသတွေက တိုင်းရင်းသားသွေးချင်း ညီအစ်မတွေဟာ
ဒီကျောင်းတော်ကြီးမှာ အတူတကွ ပညာသင်ကြားခဲ့တာကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းခဲ့ကြပါတယ်။
မိမိမှတ်မိသလောက်
၁၉၇၈ ခုနှစ် လောက်မှာတော့ မိန်းကလေး၊ ယောက်ျားလေး ရောလိုက်ပြီး ဘော်ဒါလည်း
လက်မခံတော့ပါဘူး။ ဒီကျောင်းတော်ကြီးမှာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့၊
အိမ်တွင်းမှုအချိန်၊ ကာယအချိန်၊ ပြင်ပဗဟုသုတတွေရစေဖို့ အဖွဲ့လိုက် ပတ်ဝန်းကျင်ရှိ လေ့လာ စရာနေရာတွေကို ပို့ဆောင်ပေးပြီး
အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေဖို့ ဆောင်ရွက်ပေးခဲ့တာတွေကို ပြန်လည်အမှတ်ရနေမိပါတယ်။
“ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သုတ၊ ရသ၊ ဗဟုသုတများစွာကို
မျှဝေပေးနေတဲ့ ကျွန်မတို့ရဲ့ ကျောင်းတော်ကြီးရဲ့ အလံတိုင်ရှေ့မှာ
နေ့စဉ်နိုင်ငံတော်အလံအလေးပြုမှုနဲ့အတူ ကျောင်းသီချင်းကို သံပြိုင်သီဆိုခဲ့ကြတာကို
အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ ဒီကျောင်းသီချင်းရဲ့ ဖန်တီးရှင်ကတော့ ဆရာကြီး
ဦးအောင်သင်းဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ မြန်မာစာကထိက တာဝန်ထမ်းဆောင်စဉ် အ.ထ.က(၃)
အတွက် ရေးသားစပ်ဆိုပေးခဲ့တဲ့ ကျောင်းသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့
သိပ္ပံဆရာ မာဂရက်ဘသောင်းက သူ့ရဲ့အကော်ဒီယံနဲ့ သံစဉ်ရှာဖွေလို့ စာသားနဲ့
လိုက်ဖက်အောင် ပုံဖော်ပေးခဲ့တဲ့ တေးသွားနဲ့အတူ ကျွန်မတို့ ကျောင်းသား
ကျောင်းသူတွေအားလုံး သံပြိုင်သီဆိုခဲ့ကြတာတွေကို အတူတကွပညာဆည်းပူးခဲ့ကြတဲ့
သူငယ်ချင်းရောင်းရင်းမိတ်ဆွေတွေ၊ စီနီယာအစ်ကိုတွေ၊ အစ်မတွေ၊ မောင်ငယ်ညီမငယ်တွေ
ပြန်လည်အမှတ်ရစေဖို့ ဖော်ပြလိုက်ပါတယ်။
အ.ထ.က(၃)၊
ပြင်ဦးလွင် ကျောင်းသီချင်း
စိမ်းနီပြာ
အဝါလွှမ်းတဲ့ ပန်းဥယျာဉ်သို့အညီ x x x x x x အမုံရင့်လွှာ ညှာတံချီ x x x x x x အဟုန်းပြင်းစွာပွင့်ရာ မြေမှန်သည် x x x x x x အော်
ဆရာများရဲ့ စွမ်းအားညီ x x x x x x ဂါရဝတရားနဲ့ အားထားသည် x
x x x x x အမှတ်(၃) ကျောင်း ဂုဏ်ရည် x x x x x x မိဘတွေပါပေါင်း x x x x x x အောင်ကြောင်းစိတ်ညီ x
x x x x x ဒို့တစ်တွေ ဦးဆောင်မည် x x x x x x စည်းကမ်းရှိရှိ
တာဝန် သိသည် x x x x x x ကျောင်းဂုဏ်ကို ထိန်းသိမ်း
မြှင့်ရမည် x x x x x x
ပညာဟူသည်မြတ်ရွှေအိုး
x x x x x x ဆိုရိုးရှိ ခဲ့သည် x x x x x x ဝိဇ္ဇာသိပ္ပံစွယ်စုံညီ
x x x x x x သဲသဲမဲမဲဆည်းပူးမည် စိတ်လည်းကြံ့ခိုင်ကိုယ်လည်းကြံ့ခိုင်
x x x x x x ပိုင်ပိုင်နိုင်နိုင်တက်လှမ်းမည် x x x x
x x ဟေ့တက်လှမ်းမည် အားကစားမှာလည်း ယှဉ်မယ်ပြိုင်မယ်ဇွဲဖွံ့ဖြိုးရေးကို
တူတူနွှဲတက်ညီလက်ညီ x x x x x x ဟင် .... အားကစားမှာလည်း x
x x x x x ယှဉ်မယ်ပြိုင်မယ်ဇွဲ x x x x x x ဖွံ့ဖြိုးရေး
ကို တူတူနွှဲတက်ညီလက်ညီ x x x x x x တစ်သွေးထဲ တစ်သားထဲ
မိသားစုစိတ်ဓာတ်မပြတ်သုံး အမြတ်ဆုံး အမှတ် (၃) ယုံယုံကြည်ကြည် x x x x x x
x x
ကျောင်းကို
ရောက်ရှိစဉ် နိုင်ငံတော်အကြီးအကဲရဲ့ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေအပေါ်
ထားရှိတဲ့စေတနာကို ဆရာ ဆရာမတွေနဲ့ တွေ့ဆုံမှာကြားခဲ့တဲ့အချက်တွေက သက်သေပြလျက်ရှိပါတယ်။
အဲဒါတွေကတော့ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းဟူသည့် ဆောင်ပုဒ်နှင့်အညီ
အနာဂတ်နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ
မွေးထုတ်ပေးနိုင်ရမည်။ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊
လိမ္မာယဉ်ကျေးမှုရှိစေရေးသင်ကြားလေ့ကျင့်ပေးမှသာလျှင် အနာဂတ်ဘဝလမ်းတစ်လျှောက်၌
သာယာကောင်းမွန်သည့် လူမှုဘဝကို ရရှိစေမည်... ” ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။
ဒီအချက်တွေကို
ဆရာ ဆရာမတွေက လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာဆောင်ရွက်ကြရင်းဖြင့်
အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ကြမယ့် နိုင်ငံသားကောင်း၊ သမီးကောင်းတွေ၊ နိုင်ငံတော်က
အားထားရမယ့် သားကောင်းသမီးမွန်တွေကို မွေးထုတ်ပေးနိုင်ပါစေကြောင်း
ဆန္ဒမွန်ပြုမိပါတယ်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပညာရည်နို့ သောက်စို့ခဲ့ရတဲ့
အ.ထ.က(၃) ပြင်ဦးလွင်မှ ဆရာ ဆရာမများနဲ့ ဘဝတစ်သက်တာတစ်လျှောက်လုံး မိမိရဲ့သင်ဆရာ
ကြားဆရာများအားလုံးကိုလည်းကောင်း၊ တစ်ယောက်တစ်နေရာဆီမှာ တာဝန်ကိုယ်စီ
ထမ်းဆောင်နေဆဲ၊ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမိကျောင်းတော်ကြီးမှာ ပညာသင်ကြားဖူးခဲ့တဲ့
ကျောင်းသား ကျောင်းသူဟောင်းများ၊ ပညာသင်ကြားနေဆဲ ကျောင်းသား ကျောင်းသူများအားလုံးကိုလည်းကောင်း
မှတ်မှတ်ထင်ထင်သတိရလျက်ရှိပါကြောင်းနဲ့ မိမိတို့ရဲ့ ကျောင်းသီချင်း ကမ္ဘာတည်သရွေ့တည်တံ့ပါစေကြောင်း
ဆုမွန်တောင်းလိုက်ပါတယ်။ ။

No comments:
Post a Comment