နေပြည်တော် ဇွန် ၂၃
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား၊ စီမံဌာနများမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက
နိုင်ငံတစ်ခု စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရ၏မူဝါဒများ ကို အကောင်အထည်ဖော်ရသည့်
အရာရှိကြီးများ၏ အခန်းကဏ္ဍသည် အရေးကြီး ကြောင်း၊ အရာရှိကြီးများအနေဖြင့် နိုင်ငံတော်နှင့်
နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး ကဏ္ဍအလိုက်၊ အဆင့်အလိုက် မိမိတို့၏ လုပ်ငန်းတာဝန်များကို
စွမ်းရည်ထက်မြက်စွာဖြင့် စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့်
လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သည့်
ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာစေရန် ယခုကဲ့သို့ သင်တန်းများကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း
တိုက်တွန်းပြောကြားသည်။
အဆင့်မြင့် အရာထမ်းသင်တန်း
အမှတ်စဉ် (၂၀) သို့ သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၂၃ ဦး စုစုပေါင်း ၄၆ ဦး တက်ရောက်ကြပြီး
သင်တန်းကာလမှာ ဇွန် ၂၃ ရက်မှ ဩဂုတ် ၂၀ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။
အခမ်းအနားအပြီးတွင်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ် ပင်မရုံးအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ၊
ပါမောက္ခ၊ ပညာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ သင်ခန်းစာမှတ်စုများ၊ သင်ရိုးညွှန်းတမ်းများကို
ကြည့်ရှုစစ်ဆေးပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသော သင်ရိုးညွှန်းတမ်းများ ဖြစ်စေရေး၊
ရည်ညွှန်းကိုးကားစာအုပ် များ မှန်ကန်စွာကိုးကားပြုစုနိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment