Thursday, June 26, 2025

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံမှပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (ကမ္ဘာ့မူးယစ်ဆေးဝါးနေ့)အဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးအလွဲသုံးမှု ကင်းစင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၈) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ လူမျိုးတစ်မျိုးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးရှိ လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ဆိုးရွားစွာခြိမ်းခြောက်နေသော ပြဿနာတစ်ခုဖြစ်ပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် နက်ရှိုင်းစွာဆက်စပ်နေကာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတို့ကိုပါ ထိခိုက်ပျက်စီးစေလျက်ရှိပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို ဆိုးရွားစွာထိခိုက်စေပြီး ရာဇဝတ်မှု များလည်း မြင့်တက်လာစေလျက်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

ယခင်က ဘိန်းစိုက်ပျိုးမှုနှင့်ဘိန်းဖြူထုတ်လုပ်မှုသည် မြန်မာနိုင်ငံအတွက် အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှု ပြဿနာများကိုပါ ရင်ဆိုင်နေရ ပါသည်။ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ကြီးစိုး ရာဒေသများတွင် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့ပါသည်။ လူလုပ်မူးယစ်ဆေးဝါးများသည် မည်သည့်နေရာတွင်မဆို ထုတ်လုပ်နိုင်သဖြင့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် မတည်ငြိမ်မှုများရှိသည့် ဒေသများတွင် ထုတ်လုပ်မှုများ မြင့်တက်လျက်ရှိကြောင်း၂၀၂၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးအစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအတွင်းအချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်လျက်ရှိပြီး ထိုအခြေအနေများကို အခွင့်ကောင်းယူကာ ဝင်ငွေရလမ်းလွယ်ကူသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများသည် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်မှု မရှိသော်လည်း တရားမဝင်နယ်စပ်ဒေသများမှတစ်ဆင့် အလွယ်တကူ ဝင်ရောက်လျက်ရှိပြီး ထွက်ရှိလာသော မူးယစ်ဆေးဝါးအများစုသည် နယ်စပ်ဒေသများမှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ဝယ်လိုအား မြင့်မားသည့်နိုင်ငံများသို့ သယ်ဆောင်ရောင်းဝယ်လျက်ရှိသည့်အတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ် မှုများနှင့်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အုပ်ချုပ်ရေး ယန္တရား စနစ်တကျလည်ပတ်နိုင်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့သည် အဓိကအခန်းကဏ္ဍမှပါဝင်သဖြင့် ဒေသခံပြည်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အထူးအရေးကြီးပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ထာဝရငြိမ်းချမ်းရေးရရှိစေရန် အားသွန်ခွန်စိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၃၀)ကြိမ်မြောက် အထူးအစည်းအဝေး၏ တိုက်တွန်းချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ၂၀-၂-၂၀၁၈ ရက်နေ့တွင် ရေးဆွဲထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါမူဝါဒများကို အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များအလိုက် မိမိဒေသနှင့်ကိုက်ညီသည့် လုပ်ငန်း စီမံချက်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေများကိုလည်း ခေတ်နှင့်လျော်ညီသည့် ဥပဒေဖြစ်စေရန် ပြန်လည်သုံးသပ်ပြီး ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ အလားတူမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာနည်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇-၂-၂ဝ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၇/၂၀၂၄ ဖြင့် အဖွဲ့ဝင် ၁၉ ဦး၊ လုပ်ငန်းတာဝန် ၂၁ ချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ ၁၁ ခွဲ၊ တပ်ဖွဲ့စု ၇၁ စု တို့ဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ခေတ်မီရှာဖွေရေးကိရိယာများ ဝယ်ယူတပ်ဆင်ပေးခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးသည့်ဒေသများတွင် နှစ်စဉ်ရန်ပုံငွေ အမြောက်အမြား ကုန်ကျခံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့မှ သီးခြားဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ ခုနှစ်မှ ၂၀၂၈-၂၀၂၉ ခုနှစ်အထိ ၅ နှစ်တာကာလ ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်းအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၅ ရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်းတံတား၊ မီးရရှိရေး၊ အသက်မွေးဝမ်းကျောင်း၊ သာသနာရေး၊ ဆက်သွယ်ရေး၊ အသိပညာပေးရေး၊ ကုန်သွယ်ရေး၊ အသေးစားချေးငွေလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် UNODC နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် ဘိန်းအစားထိုး သစ်တောစိုက်ခင်းများထူထောင်ခြင်း၊ ကော်ဖီနှင့်လက်ဖက် စိုက်ပျိုးခြင်းတို့ကို အထူးစီမံကိန်းများအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုဒေသများမှထွက်ရှိ သည့်ကော်ဖီများကို နိုင်ငံတကာသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ၁၅၆.၇၂ တန်၊ ၂၀၂၄ ခုနှစ်တွင် ၁၅၃.၃၆ တန်ကို ပြင်သစ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ အလားတူ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသတွင်လည်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်မှစတင်၍ ကော်ဖီသီးခြောက် ၉.၇ တန်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါသည်။

သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့မှ နိုင်ငံတော်အစိုးရ၏ နှစ်စဉ်လျာထားရန်ပုံငွေများဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဆောင်ရွက်လျက်ရှိသည့် မြို့နယ် ၅၆ မြို့နယ်အတွင်း နှစ်ချင်းသီးနှံမျိုးစေ့ဖြန့်ဖြူးခြင်း၊ နှစ်ရှည်ပျိုးပင် ဖြန့်ဖြူးခြင်းနှင့်စိုက်ပျိုးခြင်း၊ ဓာတ်မြေသြဇာ/ ပိုးသတ်ဆေး ခွဲဝေပေးခြင်း၊ နှစ်ချင်းစံပြကွက်များစိုက်ပျိုးခြင်း၊ သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးပညာပေး သင်တန်းများ ဖွင့်လှစ်ခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာငွေကျပ် ၄၇၃၅၀.၂၈ သန်း ကုန်ကျခံ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွေးမြူရေးကဏ္ဍစီမံကိန်းများအတွက် ခွဲဝေချထားပေးခဲ့သည့် ပြည်ထောင်စုဘဏ္ဍာငွေ ၅၁.၇၃၄ သန်းဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မူးယစ်စီမံကိန်းဝင်မြို့နယ်များတွင် တိရစ္ဆာန်များ (ကြက်/ဝက်) ထောက်ပံ့ပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အထောက်အကူပြု ပညာပေးဟောပြောပွဲများ၊ သင်တန်းများပို့ချခြင်း၊ ပျားမွေးမြူရေး သင်တန်းများပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် ဒုတိယအကြိမ်ရှေ့ပြေးစီမံကိန်းအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ၁၄.၆ သန်းအကုန်ကျခံကာ မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများနှင့် တိရစ္ဆာန်များအား ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးစွဲသူများကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် ရှုမြင်သုံးသပ်ပြီး အိပ်ချ်အိုင်ဗွီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသည်းရောင်ရောဂါ ဘီပိုးနှင့်စီပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကာလသားရောဂါ စစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခု၊ မက်သာဒုံးဆေးခန်း ၃၆ ခုနှင့် ဗျူပရီနော်ဖင်း ဆေးခန်း ၃ ခုတို့၌ မူးယစ်ဆေးစွဲလူနာ ၂၆,၉၆၄ ဦးအား ၂၀၂၄ ခုနှစ်အတွင်း ကုသ ပေးနိုင်ခဲ့ပါသည်။

မူးယစ်ဆေးစွဲကုသမှု ခံယူပြီးသူများအား ပိုမိုကောင်းမွန်သော လူမှုဘဝပြန်လည်ရောက်ရှိစေရေးအတွက် စခန်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ပြီး မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ ပညာရေး ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများနှင့် ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်စေရေးအတွက် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် လူငယ်စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးဘုတ်များ စိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များမှ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ပညာပေးစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူတစ်ရပ်လုံး မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးလှုံ့ဆော်ရေး လုပ်ဆောင်မှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး စသည့်ဌာန၊ အဖွဲ့အစည်း ၅ ခုတို့မှ ပြန်ကြားရေးနည်းလမ်းများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ Talk Show ၊ ဇာတ်လမ်းတို၊ သတင်းစာ၊ ဂျာနယ်၊ဆောင်းပါး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ စသည့်မီဒီယာများမှတစ်ဆင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများကို ပြည်သူတစ်ရပ်လုံးသို့ ပညာပေးလှုံ့ဆော် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးပေါင်း အကြိမ် ၄၀ ဆောင်ရွက် ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၅၉၃ မှုမှ တရားခံ ၇၈၂၈ ဦး၊ တန်ဖိုးငွေကျပ် ၁၁၆၃ ဘီလီယံကျော်ဖိုး ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါသည်။ ဘိန်းစိုက်သည့်နေရာများနှင့် ထုတ်လုပ်သည့်နေရာများအား စုံစမ်းဖော်ထုတ်ပြီး ဘိန်းခင်းဖျက်ဆီးခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ခုနှစ် ဘိန်းစိုက်ရာသီတွင် တရားမဝင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၄၇၃၄.၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါသည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှု လျော့ကျစေရေးအတွက် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၄၃ မျိုးအား တင်းကျပ်စွာထိန်းချုပ်ကန့်သတ်ထားပြီး နိုင်ငံအတွင်း တရားမဝင် တင်သွင်းမှုနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများသို့ လမ်းလွဲမရောက်ရှိစေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းလုပ်ငန်းကို ပို့ကုန်ကြိုတင်သတင်းပေးစနစ် (Pre Export Notification- PEN)နှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများအား Pre Export Notification- PEN Online Light စနစ်တို့ဖြင့် ဆက်သွယ်စစ်ဆေးကာ လမ်းလွဲရောက်ရှိမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိနေသော်လည်း ဖမ်းဆီးရမိသည့် အဓိကတရားခံများကို ထိရောက်သောပြစ်ဒဏ် ချမှတ်နိုင်ရေးနှင့် ပြစ်ဒဏ်မှလွတ်မြောက်ပြီးနောက် ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိစေရေးအတွက် ပြစ်မှုကျူးလွန်သူ တရားခံများ၏ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံစစ်ဆေးကာ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့များ၌ ဖျက်ဆီးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဖျက်ဆီးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မရှင် (NNCC) ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ (ONCB) တို့နှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုနှစ် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (UNODC) မှပေးပို့သည့် ဆောင်ပုဒ်များဖြစ်သည့် “The evidence is clear: invest in prevention” “မူးယစ်အန္တရာယ်ကင်းစင်ရေး၊ ဘက်စုံကြိုတင် ကာကွယ်ပေး” နှင့် “Break the cycle. #Stop OrganizedCrime” “အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့” ဆိုသည့်အတိုင်း နိုင်ငံတိုင်းက အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးအန္တရာယ်ကို တွန်းလှန်တိုက်ဖျက်ရာတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများအပြင် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍအသီးသီးတို့၌လည်း ဟန်ချက်ညီညီတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိ‌ရောက်စွာ တိုက်ဖျက်နိုင်မည့်အပြင် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးမှုရှိပြီး ပြည်သူများ၏ ဘဝလုံခြုံမှုရှိကာ အနာဂတ်နိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်နိုင်ကြပါ‌စေကြောင်း အလေးအနက်ဆန္ဒပြုရင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment