အားမာန်(အလရ)
ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆိုရိုးစကားအတိုင်း နောင်တစ်ချိန်တွင် တိုင်းပြည်၏ အချုပ် အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အနာဂတ်နိုင်ငံတော်ကို ယနေ့လူငယ်များ၏လက်ထဲ သို့ လွှဲပြောင်းတာဝန်ပေးအပ်ရမည်ဖြစ်သည်။ လူငယ်များက ကလေးဘဝမှသည် လူငယ်၊ လူကြီး အဖြစ်သို့ ရောက်ရှိကြရသည်ဖြစ်ရာ ကလေးဘဝမှပင် စတင်၍ ထူးချွန်ထက်မြက်သည့် နိုင်ငံ့သား ကောင်းရတနာများ လူကောင်း၊ လူတော်လေးများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးကြရန် တာဝန်ရှိပါသည်။ ထိုတာဝန်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၊ မိဘများနှင့် လူမှုအဖွဲ့အစည်း အားလုံးအပေါ်တွင် ကျရောက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည်
အရှေ့တောင်အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၄ ခုနှစ်
လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော် ရှိပါသည်။ အသက်
၁၈ နှစ်အောက် လူဦးရေသည် နိုင်ငံလူဦးရေ ၏ ၃၃ ဒသမ ၃၁ ရာခိုင်နှုန်းခန့်ရှိသဖြင့် ကလေး
ဦးရေ များပြားသည့်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံး နေထိုင်ကြပါသည်။ ကျေးလက်ဒေသရှိ
ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ဝန်ဆောင်မှု၊
ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေကြပါသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့်
မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေး သူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊
အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး၊ အသက် ရှင်သန် ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက်
ပြုစုစောင့်ရှောက်ကာကွယ်မှုများ ပေးလျက်ရှိ ပါသည်။ ထိုအထဲတွင် အသက် ၁၈ နှစ် မပြည့်သေး
သည့် ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းပြီး ကာကွယ်
စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီ နိုင်ငံတကာနှင့် လူမှုအသိုင်းအဝိုင်းက
လက်မခံသော ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
Child
labour, Global Estimate 2020, Trends and The Road Forward အရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်းတိုးလာသည်နှင့်အမျှ
နိုင်ငံအသီးသီးတွင် ကလေးအလုပ်သမား အနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင်သည်ကို
ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘာပေါ်၌ ကလေးသူငယ် ၁၀ ဦးတွင် တစ်ဦးနှုန်း ကလေးအလုပ်သမားဖြစ်နေသောကြောင့်
၂၀၁၆ ခုနှစ်တွင် ကလေးအလုပ် သမားစုစုပေါင်း ၁၅၂ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင်
ကလေးအလုပ်သမား စုစုပေါင်း သန်း ၁၆၀ ရှိသဖြင့် လေးနှစ်တာကာလအတွင်း ကလေးအလုပ်သမား ၈ သန်းကျော်
တိုးလာကြောင်း၊ ၎င်းတို့အနက် ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင် များတွင်
လုပ်ကိုင်နေရကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးနီးပါး၏ စားဝတ်နေရေးအတွက် ကလေးအလုပ်သမားများက ကူညီဖြေရှင်းမှုယန္တရားတစ်ခု
ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းနီးပါး
တိုးလာကြောင်း လေ့လာသိရှိရပါသည်။
ကမ္ဘာ့နိုင်ငံအများအပြားတွင်
ကလေးအလုပ်သမားအများစုသည် စိုက်ပျိုးရေး၊ မိုင်းတူးဖော်ရေး၊ ထုတ်လုပ်ရေး၊ အိမ်အကူအလုပ်နှင့်
ဝန်ဆောင်မှုလုပ်ငန်းများ၌ အခကြေးငွေအနည်းငယ် သို့မဟုတ် အခကြေးငွေမရရှိဘဲ အန္တရာယ်ရှိသော
အခြေအနေတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံအကြောင်း တရားများမှာ ဆင်းရဲနွမ်းပါးမှုနှင့်
မိသားစုဦးရေများ ပြားမှု၊ အခြေခံပညာ နိမ့်ပါးမှု၊ ရှေးရိုးစွဲ လူမှုဓလေ့ ထုံးစံများ
လက်ခံကျင့်သုံးနေမှု စသည်ဖြင့် အကြောင်းခြင်းရာအလိုက် အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့်
တိုင်းပြည်ရှိ လူတစ်ဦးချင်း ဝင်ငွေနိမ့်ကျမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ ရွှေ့ပြောင်းသွားလာ
လုပ်ကိုင်မှု၊ မိသားစုအတွင်း ကလေးများပြားမှု၊ မိမစုံ၊ ဖမစုံဖြစ်မှု၊ လူကြီးလုပ်သား
ရှားပါးမှုနှင့် လုပ်အားခသက်သာမှု၊ စစ်ပွဲများနှင့် ဒေသတွင်းပဋိပက္ခဖြစ်မှု၊ သဘာဝဘေးအန္တရာယ်
များ ဖြစ်ပွားမှု၊ ပတ်ဝန်းကျင်၏ စည်းရုံးလှုံ့ဆော်မှု၊ ဥပဒေစည်းကြပ်ခြင်း အားနည်းမှု
စသည်တို့ဖြစ် ကြောင်း သိရှိရပါသည်။
ထို့အတွက် စဉ်ဆက်မပြတ်
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၈ ဒသမ ၇ ကို လက်ခံကျင့်သုံး ခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည်
၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမားခိုင်းစေမှု ပုံစံ အားလုံး ပပျောက်ရေးကတိကဝတ်များကို
ပြုလုပ်ခဲ့ပြီး ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အား
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံနှင့် ILO ပြဋ္ဌာန်းချက် (အမှတ် ၁၃၈)
အား အဖွဲ့ဝင်နိုင်ငံ ၁၇၆ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားပြီး အကောင် အထည်ဖော်ဆောင်ရွက်မှုများ
ပြုလုပ်လျက်ရှိပါသည်။
ကလေးအလုပ်သမားဟူသည်
အဘယ်နည်း
ကလေးသူငယ်များ
လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေးအလုပ်သမားဟု ဆိုလိုခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ် သမား (Child Labour) ဆိုသည်မှာ
၎င်း၏ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး လုပ်ကိုင်နေရသူများကို ဆိုသည်။
ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တ ပိုင်းဆိုင်ရာကို
ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက် စေမည့်
ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှ မဖြစ်မနေ
ထွက်ရခြင်းနှင့် ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သော အလုပ်ကို အချိန်ကြာမြင့်စွာ
လုပ်ကိုင်နေရ ခြင်းတို့ ဖြစ်ပါသည်။
အလုပ်လုပ်သော
ကလေးသူငယ်များ (Working Children) ဆိုသည်မှာ ကလေးသူငယ်များအနေဖြင့် နေအိမ်တွင်လည်းကောင်း၊
မိသားစုပိုင် လယ်ယာအလုပ်ခွင်တွင်လည်းကောင်း၊ မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွင်လည်းကောင်း
လုပ်ကိုင်ခြင်း သို့မဟုတ် အခြားဝန်မပိသော အလုပ်အကိုင် အမျိုးအစား (ကျန်းမာရေး သို့မဟုတ်
ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အန္တရာယ် ဖြစ်ဖွယ်ရာမရှိသော အလုပ် အကိုင်၊ ကျောင်းတက်ခြင်း၊
လုပ်ပိုင်ခွင့်ရှိသော ဥပဒေအရ ခွင့်ပြုထားသည့် အသက်မွေးဝမ်းကျောင်း၊ လမ်းညွှန်သင်ကြားခြင်း
သို့မဟုတ် လေ့ကျင့်သင်ကြားခြင်းအစီအစဉ်များတွင် ပါဝင်ခြင်း သို့မဟုတ် လက်ခံရရှိသော
ညွှန်ကြားချက်များမှ အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သည့် စွမ်းရည်ကို မထိခိုက်စေသော အလုပ်များ)
လုပ်ကိုင်ရခြင်းဖြစ် ပါသည်။
အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) အရ ကလေးအလုပ် သမားများကို အဆိုးရွားဆုံးပုံစံခိုင်းစေခြင်းတွင်
ကလေးသူငယ်များအနေဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ စီးပွားရေးအရ လိင်မှုဆိုင်ရာ
အမြတ်ထုတ်ခံရခြင်း၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် တရားမဝင်လုပ်ငန်းများတွင် အသုံးပြုခံရ
ခြင်းများ ပါဝင်ပါသည်။
မြန်မာနိုင်ငံတွင်
ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိရာ ကလေးအလုပ်သမားများ၏
အခွင့်အရေး များကို အကာအကွယ်ပေးသည့် ကလေးအလုပ် သမား ဥပဒေသီးခြားမရှိသေးသော်လည်း စပ်ဆိုင်သည့်
ဥပဒေများအနေဖြင့် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၂၀၁၆ ခုနှစ်
အခကြေးငွေပေးချေရေးဥပဒေတို့ဖြင့် ၎င်းတို့ကို အကာအကွယ်ပေး ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။
အလုပ်လုပ်ကိုင်နိုင်သော
အနိမ့်ဆုံးအသက်အရွယ်
ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံအသီးသီး၏ ကလေးများနည်းတူ မြန်မာနိုင်ငံရှိ ကလေးများသည်လည်း အလုပ်တစ်မျိုး မဟုတ်တစ်မျိုး
လုပ်ကိုင်လျက်ရှိကြ ပါသည်။
ကလေးများလုပ်သော
အလုပ်တိုင်းသည် ၎င်းတို့ အတွက် အန္တရာယ်ရှိသော သို့မဟုတ် ခေါင်းပုံဖြတ် ခံရသော အလုပ်များမဟုတ်ပါ။
မြို့ပြနှင့် ကျေးလက်ဒေသအများစုတွင် အလုပ်လုပ်သော ကလေးများ သည် မိသားစုစားဝတ်နေရေးကို
တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေကြသူများ ဖြစ်ပါသည်။ အလုပ်လုပ်ခြင်းဖြင့် ကလေးများသည် ဘဝအတွက်
ကျွမ်းကျင်မှုများကိုလည်း ရရှိလာပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးခြင်းဖြင့်
ကလေးများသည် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် လေးစားမှုမြင့်မားလာမည်ဖြစ်ပါသည်။
ထိုသို့ ကလေးသူငယ်များ
အလုပ်လုပ်ကိုင်ရာ၌ ကလေးအလုပ်သမားများ မဖြစ်စေရေးအတွက် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ရေးနှင့်
အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်နိုင်ရေးတို့အတွက်လည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့်
အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့၏ အနိမ့်ဆုံးအသက်အရွယ်ဆိုင်ရာ ပြဋ္ဌာန်းချက်
(အမှတ် ၁၃၈) (Minimum Age Convention-138) နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သားခိုင်းစေခြင်းဆိုင်ရာ
ပြဋ္ဌာန်းချက် (အမှတ် ၁၈၂) (Worst Forms of Child Labour Convention -182) တို့နှင့်အညီ
၁၉၅၁ ခုနှစ် အလုပ်ရုံ
များ အက်ဥပဒေနှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတို့တွင် (၁၄) နှစ်
မပြည့်သည့် ကလေးများကို လုံးဝအလုပ်ခိုင်းစေခြင်းမပြုဘဲ (၁၄) နှစ်ပြည့်ပြီး (၁၈)နှစ်
မပြည့်သေးသည့် လူငယ် အလုပ်သမားများအား အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်၏
ထောက်ခံချက် လက်မှတ်ရယူ၍ စေခိုင်းနိုင်ကြောင်းနှင့် မည်သည့် လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊
ကျန်းမာရေး ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့် အရေးကို အနှောင့်အယှက်ဖြစ်စေသော၊
စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရပါကြောင်း
စသည်ဖြင့် လူငယ်များခိုင်းစေခြင်းဆိုင်ရာ သတ်မှတ်ချက်များ ကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။
ကလေးအလုပ်သမား
လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ
ပြဋ္ဌာန်းချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးပြီး
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် စတင်အာဏာသက်ဝင်ကျင့်သုံးခဲ့ရာ
မြန်မာနိုင်ငံရှိ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်လုပ်သော
ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာနသည် Focal
Ministry အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊
ILO ၊ UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံတွင်
ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုး ရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား
လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ် ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့်
ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော အလုပ်နှင့်
လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ သည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့်
အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်
ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို
ကာလတို၊ ကာလ ရှည် အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန်နှင့် ကာလတို (၅) နှစ် စီမံချက်
(၃)ကြိမ်ဖြင့် ကာလရှည် (၁၅)နှစ်စီမံချက် သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး အစိုးရဌာနများ၊
အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများဖြင့်
အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ကာ
ရေးဆွဲခဲ့ပါသည်။
အမျိုးသားကော်မတီဖွဲ့စည်းခြင်း
မြန်မာနိုင်ငံအနေဖြင့်
ကလေးအလုပ်သမားပပျောက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိရာ ဒုတိယသမ္မတ(၁) ဦးဆောင်ပြီး
အဖွဲ့ဝင် ၃၇ ဦး ပါဝင်သည့်
ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ လုပ်ငန်းတာဝန် (၈)ရပ် သတ်မှတ်ကာ
စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ တွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအပါအဝင်
အဖွဲ့ဝင် ၃၆ ဦးဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၁၈၀/ ၂၀၂၃) ဖြင့် သတ္တမအကြိမ် ပြင်ဆင်ဖွဲ့စည်း၍ အမျိုးသားအဆင့်
လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)အား ဦးစားပေးလုပ်ငန်းကဏ္ဍ နှစ်ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍနှင့်
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကဏ္ဍများတွင် အသက် (၁၄) နှစ် အောက်နှင့် (၁၄)
နှစ်မှ (၁၈) နှစ်အကြား အုပ်စုနှစ်စု ခွဲခြားပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် အမျိုးသားကော်မတီ၏
လုပ်ငန်းကော်မတီ (၈) ရပ် တို့မှ အညွှန်းကိန်းရလဒ်များရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သလို
အမျိုးသား အဆင့်လုပ်ငန်းစီမံချက်၏ ဒုတိယကာလတို (၂၀၂၄-၂၀၂၈ ခုနှစ်) ငါးနှစ်တာလုပ်ငန်းစီမံချက်ကို
ရေးဆွဲ၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတို့တွင် ဆက်လက်အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။
ကမ္ဘာ့ကလေးအလုပ်သမား
ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျင်းပခဲ့မှု
အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကလေးအလုပ်သမားများ၏ အတိဒုက္ခများ၊ အခက်အခဲများနှင့်
၎င်းတို့ကို မည်သို့သော အကူအညီအထောက်အပံ့ပေးနိုင်ရေးတို့ကို မီးမောင်းထိုးပြနိုင်ရန်
ရည်ရွယ်ပြီး နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့ကို “ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့”
အဖြစ် သတ်မှတ်ကာ ၂၀၀၂ ခုနှစ်မှစတင်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများ၊
လူမှုအဖွဲ့အစည်းများနှင့် မိဘပြည်သူများဖြင့် ပြုလုပ်လျက်ရှိပြီး အခွင့်အလမ်းများ ဆုံးရှုံးနေသည့်
သန်းပေါင်းများစွာသော ကလေးအလုပ်သမားများ၏ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့
ကလေးအလုပ်သမားများ၏ ပျံ့နှံ့နေသည့် ပြဿနာများကို အာရုံ စူးစိုက်မှုရှိစေရန်အတွက် အဆိုပါနေ့တွင်
ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (Theme Title) ကို ဗဟိုပြုသော အသိပညာပေးဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာနှင့် စာစီစာကုံးပြိုင်ပွဲကဲ့သို့
ဖန်တီးမှုရှိသော လှုပ်ရှားမှုများကို အသားပေး ကျင်းပပြုလုပ်ကြ ပါသည်။
ယခု ၂၀၂၅ ခုနှစ်
ဇွန်လ ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့၏
Theme Title မှာ Progress is clear, but there’s more to do: Let’s speed up
efforts! (တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှု အရှိန်အဟုန်မြှင့်တင်စို့)
ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်
လုပ်ငန်းစီမံချက်အား Focal ဌာနအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ဇွန်လ
၁၂ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားများကို
ပြည်သူများအကြား ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များ၊ အသိအမြင် ဗဟုသုတများ ပိုမိုရရှိစေရန်အတွက်
၂၀၁၄ ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက် ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ
ပြုလုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ၊ ဈေး များနှင့် လမ်းဆုံများ၌
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ကလေးသူငယ်များအတွက်
ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များ စာရင်းထုတ်ပြန်နိုင်ရေး
ဆောင်ရွက်နေမှု
ILO ပြဋ္ဌာန်းချက်
(အမှတ် ၁၈၂) တွင် ၎င်းပြဋ္ဌာန်းချက်ကို သဘောတူလက်မှတ် ရေးထိုးထားသည့်အဖွဲ့ဝင်နိုင်ငံတိုင်းသည်
သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်
တည်ဆဲဥပဒေများဖြင့် လည်းကောင်း (သို့) စည်းမျဉ်းဖြင့်လည်းကောင်း (သို့) အခွင့်ရအာဏာပိုင်များက
သော်လည်းကောင်း ကလေးများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကို
အန္တရာယ်ဖြစ်စေ သော အလုပ်အကိုင်အမျိုးအစားများကို သတ်မှတ်ပေးရမည်ဟုပါရှိသဖြင့် ၂၀၁၄
ခုနှစ်မှ စတင်ပြီး ကလေးအလုပ်သမားဆိုင်ရာ နည်းပညာရပ်လုပ်ငန်းအဖွဲ့ (TWG - CL) အစည်းအဝေးများ၊
အလုပ်ရုံ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ညှိနှိုင်းအစည်း အဝေးများ၊ သုံးပွင့်ဆိုင်အစည်းအဝေးများ
ကျင်းပ ပြုလုပ်ခြင်း၊ အမျိုးသားကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများထံ သဘောထားမှတ်ချက် တောင်းခံခြင်း
တို့ကို ဆောင်ရွက်ခဲ့ပြီး ကလေးသူငယ်များအတွက် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များစာရင်း
(မူကြမ်း) ရရှိလာပြီဖြစ်ပါသည်။
လုပ်ငန်းအမျိုးအစားများနှင့်
လုပ်ငန်းခွင်များ စာရင်းအတည်ပြုထုတ်ပြန်နိုင်ရေးသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် နိုင်ငံ၏အလေ့အထ၊
မြေပြင်အခြေအနေတို့အရ စိန်ခေါ်မှုတစ်ခုဖြစ်ပါသဖြင့် အစိုးရ၊ အလုပ်ရှင်၊ လူမှုအဖွဲ့အစည်းများက
များစွာသတိပြုကိုင်တွယ်ရမည်ဖြစ်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ အတည်ပြုထုတ်ပြန်နိုင်ရေးကို
စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
အဆိုပါ ကလေးသူငယ်များအတွက်
လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းခွင်များ စာရင်း(မူကြမ်း) အား အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါက
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၀၃ (က)(၃) အရ မည်သူမဆို ဘေးအန္တရာယ်ရှိသော
အလုပ်ကိုဖြစ်စေ၊ ကျန်းမာရေးထိခိုက်စေသော အလုပ်ကို ဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန်
ခွင့်ပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးရှစ်လမှ
အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်း ဆုံး ကျပ်ရှစ်သိန်းမှ အများဆုံးကျပ်
၁၆ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် ကလေးသူငယ်များအတွက်
ထိရောက်သည့် ဥပဒေအကာအကွယ် ရရှိလာမည် ဖြစ်ပါသည်။
နိုင်ငံတော်၏
အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆီသို့
ကလေးအလုပ်သမားအရေးကိစ္စသည်
မိမိတို့မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ မဟုတ်ဘဲ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံအသီးသီးတွင်
တွေ့ကြုံနေရသော ပြဿနာဖြစ်သည့်အတွက် ကမ္ဘာ့စိန်ခေါ်မှု (Global Challenge) တစ်ခုအဖြစ်
မှတ်ယူရမည်ဖြစ်ပါသည်။ အရွယ်မတိုင်မီ လုပ်ငန်းခွင်သို့ ရောက်ရှိနေသော ကလေးသူငယ်များ၏ဘဝကို
ကယ်ထုတ်မြှင့်တင်နိုင်မှသာ အနာဂတ်ကမ္ဘာအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လူသားအကျိုးပြုသော
လူငယ်၊ လူကြီးများဖြစ်လာနိုင်ပေမည်။
နိုင်ငံတော်အနေဖြင့်
ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး
အမျိုးသားကော်မတီသည် ချမှတ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း ပြည်ထောင်စုဝန်ကြီးဌာနများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ၊
လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်
ရွက်လျက်ရှိရာ မိဘပြည်သူအားလုံးကလည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းများကို
အရှိန်အဟုန်မြှင့်တင်၍ ပိုမိုအလေးထား ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားကြမည် ဆိုလျှင်
နိုင်ငံတော်၏ စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို မလွဲ ဧကန်
အထောက်အကူဖြစ်လာစေမည်ဟု ယုံကြည်မိပါကြောင်း ဇွန် ၁၂ ရက်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား
ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment