Wednesday, February 19, 2025

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား စာနာထောက်ထားဖေးမကူညီ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့််ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် အပြစ်မဲ့ဒေသခံ တိုင်းရင်းသားပြည်သူများသည် ဘေးလွတ်ရာဒေသများ၊ တည်ငြိမ်အေးချမ်းသောမြို့ရွာများသို့ ယာယီနေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ကြရသည်။ အဆိုပါဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့နေရင်းဒေသများတွင် နှစ်ပေါင်းရှည်ကြာ အခြေတကျ နေထိုင်လုပ်ကိုင်စားသောက်ကြစဉ် အကြမ်းဖက်သမားများလက်ချက်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသဖြင့် သင့်တော်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသူများရှိသလို မရွှေ့မပြောင်း နိုင်သောသူများမှာ မိမိတို့နေရင်းဒေသများတွင်သာ ဆင်းရဲဒုက္ခအန္တရာယ်မျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခံပြီး နေရစ်ခဲ့ကြရသည်။

အဆိုပါပြည်သူများသည် မိမိတို့၏ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပင်ဖြစ်၍ လူမျိုး၊ ဘာသာ၊ အသွေးအရောင်မခွဲခြားဘဲ စာနာထောက်ထားဖေးမကူညီကြရမည်ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် အလုပ်ပျက်အကိုင်ပျက် စီးပွားပျက်ပြီး မိမိတို့နေရပ်များကိုစွန့်ခွာ၍ အရပ်တစ်ပါးတွင် ပြောင်းရွှေ့နေထိုင်ကြရသည့် ဒုက္ခများမှာ မည်မျှကြီးမားကြောင်း ကာယကံရှင်များသာ အခံစားရဆုံးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် မိမိတို့၏ပြည်သူများကို ရင်ဝယ်သား၊ ညီအစ်ကိုမောင်နှမများကဲ့သို့သဘောထားပြီး ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့်ပြည်သူအားလုံး တစ်ယောက်မကျန် ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ယခုကဲ့သို့ တစ်နှစ်တာထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးလျက်ရှိသဖြင့် ဝမ်းမြောက်ပီတိဖြစ်မိပါသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ရာ ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ စတင်ပေးအပ်နေသည်ကို တွေ့ရသည်။ ထောက်ပံ့ငွေများပေးအပ်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့သူများမရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး၊ ကောက်ယူထားသည့်စာရင်းတွင်မပါဝင်ဘဲ ယာယီနေရပ်စွန့်ခွာနေရသူများ၏စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြတောင်းခံသွားရေးတို့ကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့သို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူ ၁၅၅၈၈ ဦးအတွက် ငွေကျပ် ၃၁၁၇ သိန်းကျော်၊ ကလောခရိုင်အတွင်းသို့ ယာယီနေရပ်စွန့််ခွာသူ စုစုပေါင်း ၂၃၀၃၈ ဦးတို့အတွက် ငွေကျပ် ၄၆၀၇ သိန်းကျော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့သို့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ်ငွေနှစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများအား သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေများမှ ထောက်ပံ့ငွေများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာကြရသည့်ပြည်သူများ သိန်းနှင့်ချီ၍ရှိနေမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ တိုင်းရင်းသားပြည်သူများအပေါ် စာနာထောက်ထားမှုမရှိဘဲ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများအတိဒုက္ခရောက်ကြပြီး ယာယီနေရပ်စွန့်ခွာကြရသည့် ဒုက္ခများမှာကြီးမားလှသည်။ နိုင်ငံတော်အနေဖြင့် အမြောက်အမြားရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အတတ်နိုင်ဆုံး ထောက်ပံ့ကူညီမှုသည် မိသားစုတစ်စုအတွက် သင့်တင့်လျောက်ပတ်သည့် အထောက်အပံ့တစ်ခုကိုရရှိမည်ဖြစ်သည်။ မိမိတို့၏တိုင်းရင်း သားညီအစ်ကိုမောင်နှမများဖြစ်ကြသည့် ယာယီနေရပ်စွန့်ခွာကြရသော ပြည်သူများအား စာနာထောက်ထားဖေးမမှုများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment