Wednesday, February 19, 2025

ရှေးဟောင်းအမွေအနှစ်များကိုပါ ဖျက်ဆီးလာသူတို့ကို ဝိုင်းဝန်းချေမှုန်းသုတ်သင်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသများတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အဆောက်အအုံများ၊ လမ်းတံတားများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ မိုက်မိုက်မဲမဲဖျက်ဆီးမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယင်းအပျက်အစီးများကို ပြန်လည်ပြုပြင်တည်ဆောက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှောင့်နှေးနေရသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရမည့် ငွေကြေးအရင်းအမြစ်များကို ပြန်လည်ထူထောင်ရေး၊ ပြုပြင်တည်ဆောက်ရေးတို့တွင် အသုံးပြုနေရခြင်းက နိုင်ငံတော်နှင့်အတူ ပြည်သူတို့ကိုပါ ထိခိုက်နစ်နာစေသည်။

ပြီးခဲ့သည့် ခြောက်လတာကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အမျိုးမျိုးကြောင့် ထိခိုက်သေဆုံးပျက်စီးမှုကိုကြည့်မည်ဆိုပါက အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၅၁၆ လုံးတို့ကို ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယင်းအရေအတွက်သည် အကြမ်းဖက်အဖျက်သမားတို့၏ အတောမသတ် သတ်ဖြတ်ဖျက်ဆီးမှုများနှင့်အတူ ကိန်းဂဏန်းများ ဆက်လက်တိုးလာနေပြီး ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း သေကျေပျက်စီးခဲ့ရသည့်ပမာဏများမှာ ကြီးမားလှသည်။

ယခုအခါအကြမ်းဖက်သမားတို့၏နည်းမျိုးစုံ စွပ်စွဲသတ်ဖြတ်မှုတွင် ဗုဒ္ဓဘာသာ ဆရာတော်၊ သံဃာတော်၊ သီလရှင်များသာမက ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးပင် ပါလာပြီဖြစ်သည်။ ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားတို့၏ ဖျက်ဆီးမှုများတွင် ပြန်လည်အစားထိုး၍မရနိုင်သည့် သမိုင်းတန်ဖိုးကြီး ရှေးဟောင်းအမွေအနှစ်များ ထပ်မံပါဝင်လာသည်။ ယခုရက်ပိုင်းအတွင်း ထားဝယ်ဒေသရှိ နှစ်ပေါင်းထောင်နှင့်ချီ၍ သက်တမ်းရှိသော သာဂရမြို့ဟောင်း၏မြို့ရိုးကို စက်ယန္တရားများဖြင့်ဖြိုဖျက်ကာ ကျုံးကိုပါမြေဖို့၍ အကွက်ရိုက်ရောင်းချမှုများကို ဒေသခံအကြမ်းဖက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြုလုပ်နေကြောင်း သတင်းများတွင်တွေ့ရှိရသည်။ ယင်းဒေသတွင် ၂၀၂၃ ခုနှစ်အတွင်းကလည်း စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့် အရွယ်မရောက်သေးသည့် သားတစ်ဦးအပါအဝင် ဆရာ၊ ဆရာမအချို့ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စိုက်ပျိုးရေးနည်းပြဆရာတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။

ရှမ်းပြည်နယ် (‌မြောက်ပိုင်း) မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့ အမြတ်တနိုးထိန်းသိမ်းထားရှိသော စဝ်ဆေခန်ဖ၏ နန်းမြို့ရိုးဟောင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူတို့က ဘူဒိုဇာဖြင့် မြေလှန်ဖျက်ဆီးခဲ့ရာ ရှမ်းတိုင်းရင်းသားများက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများမှာ ပညာရေး၊ ကျန်းမာရေး၊ လူနေအဆောက်အအုံ၊ လမ်းတံတားများ စသည်တို့ကို ဖျက်ဆီးရာတွင် နိုင်ငံတော်ကငွေကုန်ကြေးကျခံ၍ ပြန်လည်ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နိုင်သော်လည်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးမှုများမှာမူ ယင်းအဆောက်အအုံများနှင့်အတူ ပျက်စီးသွားရသည်မှာ သမိုင်းတန်ဖိုးပင်ဖြစ်သည်။ ၎င်းတို့ ဖျက်ဆီးသွားသည့် ရှေးဟောင်းမြို့ရိုးများကို ပုံသဏ္ဌာန်တူ ပြန်လည်တည်ဆောက်၍ရနိုင်သော်လည်း သမိုင်းတန်ဖိုး ပျက်စီးသွားမှုကိုမူ မည်သည့်အရာနှင့်မျှ ပြန်လည်အစားထိုး၍မရနိုင်။ သောင်းကျန်းသူအကြမ်းဖက်အဖျက်သမားတို့၏ မိုက်မဲမှုနှင့် အသိဉာဏ်နည်းပါးမှုမှာ ဩချရလောက်ပေသည်ဟု ဆိုရမည်ဖြစ်သည်။

ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ဒေသတွင်းရှိ အကြမ်းဖက်သမားတို့က ဖျက်ဆီးနိုင်သကဲ့သို့ ဒေသခံပြည်သူတို့၏အားဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်သည်။ မိမိတို့နေထိုင်ရာ ‌ဒေသများအတွင်းရှိ အခြေခံအဆောက်အအုံများကိုသာမက ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများကို ရှင်းလင်းဖယ်ရှားသုတ်သင် ချေမှုန်းရာတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment