Tuesday, February 18, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၁၇

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းတန်ဖိုးထားတတ်စေရန်၊ ဝန်ထမ်းများ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှုတို့ရှိကြစေရန်နှင့် မြန်မာတို့၏ ၁၂ လရာသီပွဲတော်များ၏ အနှစ်သာရကို သိရှိနားလည်တတ်စေရန်ရည်ရွယ်ပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထမနဲထိုးပြိုင်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြသည်။

ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဝန်ကြီးဌာန မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ သုံးသင်း၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်း စုစုပေါင်း ၁၀ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မြန်မာ့ရိုးရာဓလေ့စရိုက်များကို ထိန်းသိမ်းတန်ဖိုးထားပြီး စည်းလုံးမှု၏ စွမ်းအားဖြင့် သန့်ရှင်းမျှတစွာ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အမှတ်ပေးဒိုင်အဖွဲ့တာဝန်ရှိသူက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစနစ်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ခရာမှုတ်၍ စတင်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ အသင်းအလိုက် တပျော်တပါးထမနဲထိုးယှဉ်ပြိုင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဉ္စမဆုရရှိကြသည့် အသင်းများနှင့် အရောင်အဆင်း၊ အနံ့အရသာ၊ အပြင်အဆင်ကောင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဝတ်စားဆင်ယင်မှုစသည်တို့တွင် အထူးဆုရရှိကြသည့် အသင်းများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းမိသားစုများကို ထမနဲများဖြင့် ဧည့်ခံ၍ ပြိုင်ပွဲဝင်အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment