နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ “ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ” ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ အဆိုပါဥပဒေသည် လက်ရှိအခြေအနေ အချိန်ကာလအနေအထားအရသော်လည်းကောင်း၊ အများပြည်သူအေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက်သော်လည်းကောင်း များစွာအထောက်အကူပြုသည့် ဥပဒေတစ်ရပ်အဖြစ် ရှုမြင်ပါသည်။
လက်ရှိကာလတွင်
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နှောင့်ယှက်ဖျက်ဆီးနေသော
အဖျက်အမှောင့်လုပ်ရပ်များ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံရေးကိုအကြောင်းပြု၍
ပေါ်ပေါက်လာသော အကြမ်းဖက်မှုများသာမက ဒုစရိုက်မှုအမျိုးမျိုး နေရာဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဒုစရိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊
အများပြည်သူပိုင် အခြေခံအဆောက်အအုံများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၏ လူသားအရင်းအမြစ်များနှင့်
ပိုင်ဆိုင်မှုများစသည့် အများပြည်သူအကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊
အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေရန်အတွက် အကြမ်းဖက်လုပ်ရပ်များကို
နည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်လျက်ရှိရာတွင် လမ်း၊ တံတားများ ဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများ၊
လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ ဒရော့ဗုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ
ပြုလုပ်လျက်ရှိသည်။ ထို့ပြင် စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာ နေထိုင်သွားလာလျက်ရှိသည့်
ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် နေအိမ်အဆောက်အအုံများကိုပါ
တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်နှင့်အညီ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တစ်နိုင်ငံလုံး
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက်
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်
အလေးထားလုပ်ဆောင်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေးနှင့် လက်လှမ်းမမီသော အချို့နေရာဒေသများ၌
ပြည်သူ့စစ်အဖွဲ့များဖြင့် မိမိဒေသကို မိမိတို့ကိုယ်တိုင်ကာကွယ်လျက်ရှိသည်။
အကြမ်းဖက်တိုက်ခိုက်မှုများ၊
ဒုစရိုက်မှုများ အဖြစ်များလာသောအခါတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံအေးချမ်းရေးအတွက်
လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်မည့် ပြည်သူ့လုံခြုံရေး၊ ပုဂ္ဂလိကလုံခြုံရေးစနစ်များ
လိုအပ်လာသည်။ လက်ရှိတွင် နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်နှင့် တိုင်းပြည်ကာကွယ်ရေးအတွက်
ပြည်သူ့စစ်မှုထမ်းစနစ်များကို ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။
ယခုပြဋ္ဌာန်းလိုက်သော ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေသည် နိုင်ငံတော်၏လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့်
ဥပဒေဟုဆိုနိုင်သည်။ ဥပဒေ၏ရည်ရွယ်ချက်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုအား နိုင်ငံတော်၏
လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်စေရေးအချက်ပါရှိသည်။
ထို့ပြင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုနှင့်သက်ဆိုင်သော
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု
ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကို လွဲမှားစွာအသုံးပြုခြင်းမရှိစေရေး
စနစ်တကျကြီးကြပ်နိုင်ရန်၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊
ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များသည် လုံခြုံရေးနှင့်ပတ်သက်၍
ပြင်ပအနေဖြင့် စနစ်တကျလုပ်ကိုင်တတ်ရန်နှင့် နိုင်ငံတကာနှင့်တန်းတူ အဆင့်အတန်းမီမီ လုပ်ကိုင်တတ်စေရေး
ကောင်းမွန်သည့်စနစ်တစ်ရပ် ပေါ်ထွန်းစေနိုင်သည်။
ဥပဒေတွင် လုံခြုံရေးဆိုင်ရာပစ္စည်းများသာမက
လုံခြုံရေးဝန်ဆောင်သည့်နေရာ၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်အတွင်း ပြစ်မှုကျူးလွန်သူကို
ဖမ်းဆီးရန်လိုအပ်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ပြီး နီးစပ်ရာရဲစခန်းသို့
ချက်ချင်း အကြောင်းကြားခြင်းနှင့် အပ်နှံခြင်း၊ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးနေသည့်
လူကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ဘေးအန္တရာယ်ဖြစ်စေပါက ရာဇသတ်ကြီးဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့်နှင့်
လုံခြုံရေးဝန်ဆောင်မှုဆောင်ရွက်နေသည့်လုပ်ငန်းစဉ်အတွင်း နိုင်ငံတော်၏လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် သတင်းတစ်စုံတစ်ရာရရှိလျှင် အနီးဆုံးရဲစခန်းသို့
သတင်းပို့ခြင်းစသည်တို့ပါရှိရာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာအတွက်သာမက နိုင်ငံ၏
တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိုပါ အထောက်အကူများစွာပြုသည့် ဥပဒေအဖြစ်ရှုမြင်ပါ
ကြောင်း။ ။

No comments:
Post a Comment