ဝင်းထွဋ်ဦး
ပြီးခဲ့သည့်ရက်က မြန်မာ့သနပ်ခါးကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုနှင့် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုတို့ကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပသည်ကို တွေ့ရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ အမျိုးသားပြတိုက်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်များတွင် မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်လှုပ်ရှားမှုများကို သနပ်ခါးရက်သတ္တပတ် (Thanakha Week) သို့မဟုတ် သနပ်ခါးလ (Thanakha Month) အနေဖြင့် ဖေဖော်ဝါရီလတစ်လလုံး ဆောင်ရွက်လှုပ်ရှားကြရန် နှိုးဆော်တိုက်တွန်းထားသည်ဟုလည်း သိရသည်။
သနပ်ခါးရက်သတ္တပတ် သို့မဟုတ် သနပ်ခါးလ
မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများအဖြစ် သနပ်ခါးရက်သတ္တပတ် (Thanakha Week) သို့မဟုတ် သနပ်ခါးလ (Thanakha Month)ကို ဖေဖော်ဝါရီလတစ်လလုံး ဆောင်ရွက်ခြင်းသည် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity)သို့ အမည်စာရင်းတင်သွင်းနိုင်ရေးနှင့် ပါဝင်နိုင်စေရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ပေးခြင်းပင်ဖြစ်ပါသည်။
မြန်မာပြည်သူပြည်သားများတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ လက်ဆင့်ကမ်းမျှဝေပေးခဲ့သော ရိုးရာအမွေအနှစ်ဓလေ့စရိုက်များများစွာရှိသည်။ ထိုဓလေ့စရိုက်အမွေအနှစ်များထဲတွင် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းသည် ဆင်ယင်ထုံးဖွဲ့မှုနှင့် အလှအပခြယ်သမှုများတွင် ယခုအချိန်ထိ စွဲမြဲစွာဆောင်ရွက်နေသည့် ချစ်စရာဓလေ့စရိုက်တစ်ခုဟု ဆိုနိုင်သည်။
သနပ်ခါးသည် မြန်မာ့နံ့သာ ၁၀ မျိုးတွင် ပါဝင်သည့် အခေါက်နံ့သာတစ်မျိုးဖြစ်သည်။
မြန်မာ့သနပ်ခါးလိမ်းခြင်း၏ အရေးပါမှုတစ်ခုမှာ မိခင်ကသားသမီးကို ရေချိုးသန့်စင်ပြီးလျှင် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည်ပျစ်ပျစ်ကို လက်လေးဖြင့်သပ်ယူ၍ ဘုရားကိုအာရုံပြုကာ ကလေးငယ်များ၏ နဖူးပေါ်နှင့် ပါးပြင်နှစ်ဖက်လုံးပေါ်သို့ လိမ်းခြယ်ပေးလေ့ရှိသည်။ ကျန်နေသေးသော ကျောက်ပျဉ်ထက်မှ သနပ်ခါးကို ပါးစပ်ထဲခွံ့ပေးလေ့ရှိသည်။ ကလေးငယ်ကို သနပ်ခါးခွံ့ကျွေးခြင်းသည် ကလေးငယ်များ၏ ကျန်းမာရေးကို အထိုက်အလျောက်ကာကွယ်ပေးသည်ဟု ဆိုကြသည်။ သနပ်ခါး၏ အေးမြမှုနှင့် မိခင်၏ချစ်ခြင်းမေတ္တာနှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါတွင် သနပ်ခါးလိမ်းခံရသည့်ကလေးမှာ ပြီးပြည့်စုံသည့် အေးချမ်းသာယာကျန်းမာပျော်ရွှင်ခြင်းနှင့် နွေးထွေးမှုတို့ကို ရစေသည်ဟု မှတ်ယူထားခဲ့ကြသည်။
“မြန်မာ့သနပ်ခါးနေ့” ဟု သတ်မှတ်
“မြန်မာ့သနပ်ခါးနေ့” ဖြစ်တည်လာခြင်းကို အကျဉ်းချုပ်ဖော်ပြအပ်ပါသည်။ တပို့တွဲလတွင် ကျင်းပသည့်ပွဲမှာ မီးပုံပွဲဖြစ်သည်။ ထမနဲပွဲကိုလည်း ကျင်းပကြသည်။ “မီးဖုန်းလှူမြဲ၊ တပို့တွဲ” ဟု ဆိုသည့်အတိုင်း တပို့တွဲလတွင် မီးဖုန်းပွဲ(မီးပုံပွဲ) ကျင်းပလေ့ရှိကြသည်။ မီးဖုန်းပွဲဆိုသည်မှာ တပို့တွဲလ အအေးဓာတ်ပိုသဖြင့် မြတ်စွာဘုရားရှင်လက်တော်ကင်ရန် ရည်စူးကာ မီးပုံပြီးပူဇော်သော ပွဲဖြစ်ပါသည်။ ထိုမီးဖုန်းပွဲ(မီးပုံပွဲ)သည် ပုဂံခေတ်တွင် အစပြုခဲ့ပြီး မြန်မာမင်းများအဆက်ဆက် တခမ်းတနားကျင်းပခဲ့သည်။ သနပ်ခါးပင်အများဆုံးပေါက်သည့် အညာမြေဒေသများ၌ မီးဖုန်းပွဲကျင်းပရာတွင် ထင်းကိုအသုံးမပြုဘဲ သနပ်ခါးအတုံး၊ အကိုင်းအခက်အလက်များကို အသုံးပြုကြသည်။ ကရမက်၊ နံ့သာဖြူ၊ နံ့သာနီ စသည့် အမွှေးနံ့သာသားများနှင့်ရောပြီး မီးရှို့ပူဇော်ကြသည်။ မီးဖုန်းပွဲတော်အတွက် သနပ်ခါးခုတ်ရန် သနပ်ခါးတောရှိရာသို့ တပျော်တပါး စုပေါင်းထွက်ကြသည်။ ရရှိသည့်သနပ်ခါးများကို တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းကာ အမွှေးနံ့သာသားတို့နှင့် ပေါင်းစုပြီး မီးပူဇော်ကြသည်။ တပို့တွဲလပြည့်နေ့ သနပ်ခါးဖြင့် မီးဖုန်းပွဲ(မီးပုံပွဲ)ပူဇော်ခြင်းသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာ အစဉ်အဆက်သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြုအမှတ်ရစေရန် တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။ ထိုနေ့ကို မြန်မာနိုင်ငံ သနပ်ခါးအသင်းက သတ်မှတ်ပေးခဲ့သည်။
မြန်မာတို့ သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့သည် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့သည်ဟုလည်း ပြောဆိုမှုရှိခဲ့သည်။ ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြသည်ဟုလည်း ယူဆကြသည်။ သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့သည် အေဒီ ၁၁ ရာစု ပုဂံခေတ်ကတည်းက စတင်ခဲ့သည်။ မြန်မာ့ရိုးရာသနပ်ခါးလိမ်းသည့် ယဉ်ကျေးမှုအထောက်အထားအဖြစ် အေဒီ ၁၁ ရာစု ပုဂံနဂါးရုံ ဘုရားနှင့်အပယ်ရတနာဘုရားရှိ နံရံဆေးရေးပန်းချီ ကားများတွင် သနပ်ခါးနှင့် ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့် အလှဆင်နေသည့် မိန်းမပျိုပုံများကို တွေ့ရသည်။ ထို့ကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်းမပျိုတို့သည် သနပ်ခါးဖြင့် အလှဆင်လိမ်းခြယ်ကြကြောင်း သိနိုင်သည်။
သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ဖြစ်တည်ခဲ့မှုကို ပြသ
သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇာဓိရာဇ်မင်းသည် ဗညားနွဲ့မင်းသားဘဝဖြင့် ဒဂုန်သို့ချီတက်ရာ ကြင်ရာတော်ထံရေးသားပေးပို့သည့် အိုင်ချင်းတွင် သနပ်ခါးအကြောင်းကို “သနပ်ခါးကျောက်ပြား ပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်” ဟု ရေးသားထားပါသည်။ မြိုင်မြို့နယ်တွင် သနပ်ခါးနှင့်ပတ်သက်သည့် ပါးစပ်ရာဇဝင်တစ်ခုကိုလည်း သိမှတ်ရသည်။ အလောင်းစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်လာစဉ် ပခန်းဒေသရှိ ရှင်မတောင် အရောက်တွင် မိဖုရားအသုံးပြုသော သနပ်ခါးအစ်တိမ်းမှောက်ရာ သနပ်ခါးအရည်များ ဖိတ်စဉ်ကျကျန်ခဲ့သည်။ ဖိတ်ကျန်ခဲ့သော သနပ်ခါးအရည်များကြောင့် ရှင်မတောင်တွင် ပေါက်ရောက်နေသော သနပ်ခါးပင်များ မွှေးကြိုင်ထုံသင်းကြသည်ဟု မှတ်သားရသည်။ ထိုအကြောင်းအရာ အချက်အလက်များသည်လည်း မြန်မာတို့သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်တည်ခဲ့မှုကို ပြသနေခြင်းပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးသုံးစွဲလာကြသည်မှာ နှစ်များရှည်ကြာခဲ့သည်ကို ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားကြီးက ကဏှာနှင့်ဇာလီအား နှိပ်စက်သဖြင့် ဒဏ်ရာများရခဲ့ရာ နတ်များက ထိုဒဏ်ရာကို သနပ်ခါးလိမ်းပေးခဲ့ခြင်းဆိုသည့် မှတ်တမ်းကဖော်ပြနေသည်။
သက္ကရာဇ် ၈၄၆ ခုနှစ် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ပျို့အရ အင်းဝခေတ် မြန်မာအမျိုးသမီးများ သနပ်ခါးအသုံးပြုခဲ့မှုကို သိနိုင်သည်။ သက္ကရာဇ် ၁၁၄၃ ခုနှစ်က ရာမရကန်ဦးတိုး၏ နန်းတွင်းသူတို့ အလှအပအပြင်အဆင်ကို ရေးသားခဲ့သည်မှာလည်း ဘိုးတော်ဘုရားလက်ထက်ကပင် သနပ်ခါးသုံးစွဲမှု ရှိနေသည်ကို သိရှိနိုင်ပါသည်။
မြန်မာနိုင်ငံတွင် မည်သည့်နေရာသို့သွားသွား သနပ်ခါးလိမ်းကျံထားသော အမျိုးသမီးများကို မြင်တွေ့နေရခြင်းက မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို သက်သေသာဓကဖြင့် ပြသနေခြင်းပင်ဖြစ်သည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိမ်းကျံအလှခြယ်သသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ သနပ်ခါးကို မခုံမင်မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။ ယခုအခါတွင် မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုလာကြသည်။ နိုင်ငံအတွင်းနေထိုင်ရာ အရပ်ဒေသ၊ လူမျိုး၊ ဘာသာကွဲပြားကြသော်လည်း မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းဓလေ့သည်ကား အားလုံးတူညီမှုရှိနေသည်။
မြန်မာ့ရိုးရာသနပ်ခါးကို မြန်မာအမျိုးသမီးများအနေဖြင့် တောရောမြို့ပါ နှစ်သက်မြတ်နိုးစွာ လိမ်းလေ့ရှိခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုကို ဖော်ထုတ်ပြသနေခြင်းပင်ဖြစ်ပါသည်။ ရှေးခေတ် နန်းတွင်းသူများမှအစ တောသူတောင်သားများ ကောက်စိုက်၊ စပါးရိတ်အဆုံးအထိ သနပ်ခါးကို မျက်နှာတွင် လည်းကောင်း၊ လက်မောင်းများနှင့် လည်ပင်းတို့တွင်လည်းကောင်း နေရောင်ခံအဖြစ် လိမ်းလေ့ရှိကြသည်။
သနပ်ခါးလိမ်းခြင်းဓလေ့ကို ရှေးပဝေသဏီကပင် စတင်ခဲ့ကြသကဲ့သို့ နောင်တွင်လည်း မည်သည့်ခေတ်အခါမျှ သနပ်ခါးလိမ်းခြင်းဓလေ့ အစဉ်အလာပျောက်ကွယ်သွားမည်မဟုတ်ပါ။ ယနေ့ထက်တိုင် မြန်မာအမျိုးသမီးအားလုံးနီးပါး ခြေဆုံးခေါင်းဆုံးလိမ်းကာ အမျိုးမျိုးခြယ်သစွဲမက် နေကြဆဲ၊ မြတ်နိုးနှစ်သက်နေဆဲဖြစ်သည်။ ပါးပြင်ထက်တွင် သနပ်ခါးပါးပါးလေးလိမ်းထားသည့် မိန်းမပျိုလေးတစ်ဦး၏ အလွန်ယဉ်ကျေးဖွယ် အလှတရားများကို ယနေ့တိုင်မြင်တွေ့နေရခြင်းသည် မြန်မာတို့၏ ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်တံ့ထွန်းကားနေမည်ကို ပြသနေခြင်းဖြစ်သည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့သည် မြန်မာတစ်မျိုးသားလုံးက မြတ်နိုးတန်ဖိုးထားကြသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့်အပြင် မြန်မာတို့အတွက် အဖိုးတန်ယဉ်ကျေးမှုဓလေ့ တစ်ရပ်လည်းဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာတစ်မျိုးသားလုံးက မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းဓလေ့ ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု ဓလေ့ရေရှည်တည်တံ့စေရန် ကြိုးစားကြရမည်ဖြစ်ပါသည်။
ထို့အတူ မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုကို ကမ္ဘာကသိရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” ကို ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များရှိခဲ့သည်။ ယခုနှစ်တွင် ယင်းလိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်း၍ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဝင်ရန် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုများလည်း ကျင်းပလျက်ရှိသည်။
ထို့ကြောင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” ပါဝင်နိုင်စေရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


No comments:
Post a Comment