နေပြည်တော် ဖေဖော်ဝါရီလ ၁၉
နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။
သို့ရာတွင် နိုင်ငံတော်အတွင်းရှိ
ဒေသအချို့တွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများကို
အခွင့်ကောင်းယူကာ မတော်လောဘစီးပွားရေးသမားများက နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်နေကြပြီး
အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်သောင်းကျန်းသူများအား ထောက်ပံ့ခြင်းများ
ကိုလုပ်ဆောင်နေကြသည်။ ထိုသို့သော မတော်လောဘဖြင့် ဥပဒေမဲ့ နိုင်ငံပိုင်သယံဇာတ ပစ္စည်းများကို
ခိုးထုတ်ကြရာတွင် ဥပဒေကို မသိနားမလည်သည့်အပြင် ဆင်းရဲနွမ်းပါးသည့် ဒေသခံပြည်သူများကို
ငွေကြေးဖြင့် ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေလျက်ရှိကြောင်းကိုလည်း တွေ့ရသည်။
ယင်းသို့လုပ်ကိုင်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှုမြောက်ကြောင်း
ယင်းကဲ့သို့ ဥပဒေမဲ့ခိုးထုတ်မှုများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် ပြည်သူများ သတိပြုကြရန်လိုပါသည်။
နိုင်ငံတော်အနေဖြင့်
မတော်လောဘဖြင့် နိုင်ငံ၏ သယံဇာတပစ္စည်းများကို
ဥပဒေမဲ့ ခိုးထုတ်နေကြပြီး အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို
ထောက်ပံ့နေမှုများအား စိစစ်ဖော်ထုတ်၍ လိုအပ်သလို တိုက်ဖျက်ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို
အားပေးထောက်ပံ့မှုပြုနေသည့် ယင်းကဲ့သို့ဥပဒေမဲ့သယံဇာတခိုးထုတ်သည့် လုပ်ငန်းများတွင်
ပါဝင်လုပ်ကိုင်ခြင်းမှ အထူးသတိပြုရှောင်ရှားကြရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း
သိရသည်။
No comments:
Post a Comment