Tuesday, February 18, 2025

အကြမ်းဖက်သမားများက တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ၁ စီးအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့၌ မိုင်းစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး လမ်း၊ တံတားများဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လူနေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့လက်နက်ကြီး၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပနပ်ငယ်ကျေးရွာအနီး၌ အပြစ်မဲ့ပြည်သူများစီးနင်းလာသည့် ဘုရားဖူးယာဉ် ၁ စီးကိုလည်း ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးမျိုးမောင်းနှင်လာပြီး အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အား ပနပ်ငယ်ကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၉ ဦး မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment