(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)
အားလုံး မင်္ဂလာပါ။
ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီးကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြ ည့်aစုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့
ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်နိုင်စေဖို့
ရည်ရွယ်ပြီး မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ကျင်းပလာခဲ့တာ ယခုအခါ
(၅၃) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။
၁၉၆၅ ခုနှစ်မှာ
ပထမအကြိမ်ညီလာခံကို စတင်ကျင်းပနိုင်ခဲ့ပါတယ်။ ညီလာခံစတင်ကျင်းပခဲ့တဲ့ နှစ်တွေမှာ သုတေသနစာတမ်းတွေကိုသာ
တင်သွင်းဖတ်ကြားနိုင်ခဲ့ရာက ၁၉၉၁ ခုနှစ်မှာပြုလုပ်တဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကစပြီး
သုတေသနပိုစတာပြပွဲကို ထည့်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၀၂ ခုနှစ် ညီလာခံက စတင်ပြီး
ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲတွေကိုပါ ထည့်သွင်းပြီး ပိုမိုအကျိုးရှိထိရောက်အောင်
ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ကြောင်း သိရှိရပါတယ်။
ကျန်းမာရေးဆိုင်ရာ
သုတေသနညီလာခံတွေကနေ ပေါ်ထွက်လာတဲ့ ခိုင်မာတိကျတဲ့ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်တွေဟာ
နိုင်ငံအတွက် ခေတ်နဲ့အညီသင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒတွေချမှတ်နိုင်ဖို့၊ ကျန်းမာရေးလုပ်ငန်းတွေ
ပိုမိုထိရောက်အကျိုး ရှိအောင် ဆောင်ရွက်နိုင်စေဖို့၊ လူတိုင်းလက်လှမ်းမီတဲ့ အရည်အသွေးပြည့်
ကျန်းမာရေးစောင့်ရှောက်မှုရရှိစေဖို့ စတဲ့လုပ်ငန်းစဉ်ကြီးတွေ ဖော်ဆောင်ရာမှာ များစွာအထောက်အကူ
ဖြစ်စေမှာဖြစ်ပါတယ်။
ယခု (၅၃) ကြိမ်မြောက်
မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ဆောင်ပုဒ် (Congress Theme) က “ကျန်းမာသောဘဝ
ပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများ စဉ်ဆက်မပြတ် ဖော်ထုတ်ဖြေရှင်းကြပါစို့ -
Moving forward to a healthy lifestyle and addressing health risk behaviors” ဖြစ်တယ်လို့
သိရှိရပါတယ်။ လက်ရှိအခြေအနေမှာ မကူးစက်တတ်တဲ့ရောဂါတွေရဲ့ အရေးကြီးလာပုံကို မီးမောင်းထိုးပြနိုင်ဖို့
ရည်ရွယ်ပြီး ညီလာခံဆောင်ပုဒ်ကို ရွေးချယ်ခဲ့တာလို့လည်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့
အခြားဝန်ကြီးဌာနအသီးသီးနဲ့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်မှာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို
ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ယခုအချိန်မှာ ထပ်မံဦးမော့လာနိုင်တဲ့
မကူးစက်တတ်တဲ့ရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO)နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနဲ့
ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြီး မြန်မာ နိုင်ငံရှိ မကူးစက်တတ်တဲ့ရောဂါတွေရဲ့ ဖြစ်ပွားနိုင်ခြေကို
“စစ်တမ်း ကောက် လေ့လာခြင်းသုတေသန - ၂၀၂၄” ကို (STEP SURVEY) နဲ့ ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရပါတယ်။
အထူးသဖြင့် မိမိတို့ပြည်သူတွေ
အခြေခံကျန်းမာရေးကောင်းမွန် ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုနေထိုင်နိုင်ဖို့အတွက်
အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာတွေကို ရွေးချယ်စားသုံးနိုင်ရေး၊ ကျန်းမာရေးနဲ့ညီညွတ်အောင်
နေထိုင်ပြုမူရေး စတာတွေနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနတွေကို တိုးမြှင့်ဆောင်ရွက်ပြီး
တွေ့ရှိချက်တွေကို ပြည်သူတွေသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြီး အသိပညာပေးရမှာ
ဖြစ်ပါတယ်။
တိုင်းရင်းဆေးပညာနဲ့ပတ်သက်ပြီးတော့လည်း
လက်တွေ့အသုံးချ သုတေသနတွေကတစ်ဆင့် ပြည်သူတွေ လက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့
တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက်
တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများနဲ့
တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိကျမှန်ကန်တဲ့
သုတေသနရလဒ်တွေအပေါ် မူတည်ပြီး ကျန်းမာရေးစီမံချက်တွေကို ချမှတ်ဆုံးဖြတ်ရခြင်းနဲ့ ရလဒ်အခြေပြုမူဝါဒများ
ရေးဆွဲခြင်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သုတေသနတွေကို ဆောင်ရွက်နေကြတဲ့
သုတေသီများကိုယ်တိုင်က လည်း မိမိတို့ရဲ့ သုတေသနရလဒ်တွေရဲ့ အရေးပါပုံကို သေချာစွာသိရှိနားလည်ပြီး
သုတေသနကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာလည်း အမြဲမပြတ် သတိပြုရမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ
အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊
တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့ စိတ်ရှိတဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေများစွာပေါ်ထွက်လာအောင်
ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးကျင့်ဝတ်နဲ့အညီ သုတေသနပြုလိုစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ
မိမိတို့နိုင်ငံမှာ များစွာပေါ်ပေါက်လာပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်တစ်ခု တိုးတက်ဖြစ်ထွန်း
ရှင်သန်လာစေဖို့ ဆောင်ရွက်ရာမှာ သုတေသနဆိုင်ရာ အကြံပေးအဖွဲ့များကိုလည်း စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်း၊
သုတေသနကျင့်ဝတ်ဆိုင်ရာ ဘုတ်အဖွဲ့များကိုလည်း လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းခြင်းတွေကိုလည်း
ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ယခုညီလာခံကြီးကို
ပေးပို့လာတဲ့ သုတေသနစာတမ်းတွေကို ညီလာခံမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေး
ဆပ်ကော်မတီက အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနဲ့ ကျန်းမာရေးစနစ်သုတေသနစာတမ်းဆိုပြီး
စနစ်တကျ အမျိုးအစားခွဲခြားသတ်မှတ် စိစစ်ရွေးချယ် ဆောင်ရွက် ထားကြောင်းနဲ့ သုတေသနစာတမ်း
(၅၄) စောင်နဲ့ ပိုစတာ (၄၃) စောင်ကို ဖတ်ကြားပြသဖို့ စီစဉ်ဆောင်ရွက်ထားတာကို သိရှိရပါတယ်။
ဒီညီလာခံကို တင်သွင်းလာတဲ့
စာတမ်းနဲ့ ပိုစတာတွေထဲက အကောင်းဆုံးစာတမ်းနဲ့ ပိုစတာတွေကို ဆုရွေးချယ်ရေးဆပ်ကော်မတီက
စိစစ်အမှတ်ပေးရွေးချယ်ပြီး ဆုများထိုက်ထိုက်တန်တန် ပေးအပ် ချီးမြှင့်ဂုဏ်ပြုဖို့ အစီအစဉ်များရှိကြောင်း
သိရှိရပါတယ်။
နိဂုံးချုပ်အနေနဲ့
-
- ကျန်းမာရေးသုတေသနလုပ်ငန်းတွေ
ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်း
ယခုထက် ပိုမိုမြင့်မားလာစေရေး၊ အခြေခံကျန်းမာရေး ကောင်းမွန်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ
နေထိုင်စားသောက်ရေး၊ ကူးစက်ရောဂါများနဲ့ မကူးစက်တတ်တဲ့ရောဂါများရဲ့ ဖြစ်ပွားတတ်တဲ့
သဘောသဘာဝကိုသိရှိပြီး ကြိုတင်ကာကွယ် ကြနိုင်ရေးတို့အတွက် လက်တွေ့အသုံးချသုတေသနများ၊
တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများကို
တိုးမြှင့် ဆောင်ရွက်သွားကြပါ။
- သုတေသနတွေက
တွေ့ရှိရတဲ့ အချက်အလက်များကိုလည်း ယခုလို ညီလာခံများကျင်းပခြင်း၊ သုတေသနဂျာနယ်များ၊
စာစောင်များထုတ်ဝေခြင်းစတဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို
ဆောင်ရွက်ပေးကြပါ။
- အလားတူ ပြည်သူတွေအနေနဲ့
ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာဘေးကင်းလုံခြုံစိတ်ချရေးနဲ့
အရည်အသွေးပြည့်ဝတဲ့ ကုသ စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့
ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးကြပါ။
- ကျန်းမာရေးသုတေသနလုပ်ငန်းတွေကတစ်ဆင့်
မိမိတို့နိုင်ငံနဲ့ သင့်တော်မယ့် ကျန်းမာရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေး၊ လူတိုင်းလက်လှမ်းမီတဲ့
အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အားလုံးကိုယ်စီရရှိနိုင်ရေးနဲ့
မိမိတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးအတွက်
ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment