ပညာသည် လူတိုင်းလူတိုင်း၏ဘဝ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းဖြစ်သည်။ ပညာပတ်ဝန်းကျင်ကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံသည် လူမှုစီးပွားဘဝမြင့်မားရေးကိုသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည်။ ပညာပတ်ဝန်းကျင်အားနည်းသောနိုင်ငံများတွင် လူမှုစီးပွားဘဝနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်
နိုင်ငံတော်က ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် ကျောင်းပြင်ပရောက်ကလေး ၂ ဒသမ ၇ သန်းခန့်ရှိသည်ဟု
သိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အသက် ၁၅
နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူ ၄ ဒသမ၁ သန်းခန့်ရှိကြောင်း သိရသည်။
သို့ဆိုပါလျှင် ကျောင်းပြင်ပရောက် ပညာမသင်ကြားနိုင်သူ နိုင်ငံသူ နိုင်ငံသား ၆ ဒသမ ၈
သန်းခန့််ရှိနေသည်ကို တွေ့ရမည်။ မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၅၀ ကျော်တွင် ပညာရေးနှင့်ကင်းကွာနေသူ
ခုနစ်ပုံတွင် တစ်ပုံခန့်ရှိနေသည်။
ထိုမျှများပြားသောပမာဏအတွက်
စိတ်မကောင်းဖြစ်မိသည်။ ၎င်းတို့၏ အနာဂတ်မျှော်လင့်ချက်အတွက် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
ပညာမတတ်သဖြင့် နိမ့်ကျနေသောဘဝများမှ လွတ်မြောက်အောင် အားပေးမြှင့်တင်ရမည်ဖြစ်သည်။ ထုတ်ပြန်ခဲ့သော
သန်းခေါင်စာရင်းအရ စာမတတ်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ရွာဒေသအတွင်း ကျောင်းမနေခဲ့ရသူများနှင့်
မူလတန်းပညာအဆင့် မသင်ကြားခဲ့ရသူများ၊ တစ်နည်းအားဖြင့် စာမတတ်သူများနှင့် အရေးအဖတ်အတွက်အချက်
မသိနားမလည်သူများကို နိုင်ငံတော်၏ အစီအစဉ်ဖြင့် သင်ကြားပေးပြီး ၎င်းတို့ဘဝများကို မြှင့်တင်ပေးကြရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈ (က) တွင် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတိုးတက်စေရေးတို့အတွက်
အလေးထားဆောင်ရွက်ရမည်ဆိုသည့်အချက် ပြဋ္ဌာန်းထားသည်။ အမျိုးသားပညာရေးဥပဒေ အခန်း (၅)၊
အမျိုးသားပညာရေးစနစ် ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင်
ပညာသင်ယူနည်းများဖြစ်သော (က) ကျောင်းပညာရေး၊ (ခ) ကျောင်းပြင်ပပညာရေး၊ (ဂ) ကိုယ်တိုင်သင်ယူပညာရေးတို့ကိုကျင့်သုံး၍
ယင်းတို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အဆိုပါအစီအစဉ်များဖြင့်
ယခုအခါ ပညာရေးကွက်လပ်ကို ဖြည့်ဆည်း ပေးနေပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျေးလက်ဒေသအစွန်အဖျားနေ
ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အလေးထားဆောင်ရွက်သွားရန်”
အခါအားလျော်စွာ မကြာခဏ မှာကြားချက်များအရ ပညာမသင်ကြားရသည့် မြို့ရွာနေပြည်သူများသာမက
ကျေးလက်ဒေသ အစွန်အဖျားဒေသများမှ ပြည်သူများကိုပါ လက်လှမ်းမီသည့် ပညာသင်ကြားရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
အကြောင်းအမျိုးမျိုးကြောင့်
ပညာမသင်ကြားခဲ့သူများတွင် အချို့ပညာသင်ချင်သော်လည်း ပညာသင်နိုင်ရန် အခွင့်အရေးမရှိခြင်း၊
မိဘများက အားမပေးဘဲ လုပ်ငန်းခွင်သို့စေလွှတ်ခဲ့ခြင်း၊ အချို့လည်း ပညာသင်ကြားလိုစိတ်မရှိခြင်းစသည့်
အကြောင်းအမျိုးမျိုးရှိရာ သက်ဆိုင်ရာနှင့် အုပ်ထိန်းသူများအနေဖြင့် ၎င်းတို့ဘဝနောင်ရေးအတွက်
ပညာသင်ကြားလိုစိတ်ရှိအောင် စည်းရုံးလှုံ့ဆော် အားပေးကူညီ ကြရမည်ဖြစ်သည်။ ယခုအခါ ပညာသင်သည်ဖြစ်စေ၊
မသင်သည်ဖြစ်စေ လူတိုင်း လူတိုင်းအနေဖြင့် လက်ကိုင်ဖုန်းအများစုရှိကြသည်။ သက်ဆိုင်ရာတို့က
ပညာသင်ကြားပေးနိုင်ရန်အတွက် အခြေအနေမရှိသော ဝေးလံသည့်ဒေသ၊ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ဖြစ်စေ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာ ပံ့ပိုးမှုအစီအစဉ်ဖြင့် ၎င်းတို့၏ လက်ကိုင်ဖုန်းနှင့်
အခြေခံစာတတ်မြောက်ရေးအစီအစဉ် ဆောင်ရွက်ပေးနိုင်ခဲ့သည့် သတင်းကောင်းကို ကြားသိရသည်။
ယခုအခါ အဆိုပါပညာသင်ကြားမှုအခွင့်အလမ်းများ
ဆုံးရှုံးနေသည့် ကလေးသူငယ်အရွယ်ရောက်သူ နိုင်ငံသား ခုနစ်သန်းနီးပါးအပြင် ပြည်တွင်းနေရာဒေသအချို့၌
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ် ငါးသန်းကျော် ပညာသင်ယူမှုအခွင့်အလမ်းများ
ဆုံးရှုံးနေသည်ဟု သိရသည်။
သို့ဖြစ်ရာ ပညာသည်
အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတို့ကို ဝေဖန်ခွဲခြားပိုင်းခြားနိုင်သည့်
အသိဉာဏ်ပညာကိုရရှိစေပြီး နိုင်ငံသားတိုင်း အသိဉာဏ်ပညာပြည့်စုံကြမှသာ နိုင်ငံအကျိုးကို
သယ်ပိုးထမ်းဆောင်နိုင်မည့် စွမ်းအားထက်မြက်သော အင်အားစုကြီးကို ထူထောင်နိုင်မည်ဖြစ်ရာ
မြန်မာနိုင်ငံသူ နိုင်ငံသားများ အသိဉာဏ်ပညာပေါများ ကြွယ်ဝစေရေးတွင် ကွက်လပ်ဖြစ်နေသော
ပညာသင်ကြားမှုအခွင့်အလမ်းဆုံးရှုံးနေသူများအား ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးနိုင်ပါရန်
တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment