နေပြည်တော် ဇန်နဝါရီ ၂၀
စက်မှုကျွမ်းကျင် နှစ်နှစ်သင်တန်း အမှတ်စဉ် (၄၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့မှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
သင်တန်းတက်ရောက်ကြမည့် မောင်မယ်များအနေဖြင့် သင်ကြားပေးမည့် စက်မှုပညာရပ်များကို အပတ်တကုတ်
ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ပြီး သင်ယူဆွေးနွေးလေ့လာဆည်းပူးခြင်းမှ ရရှိလာမည့် စက်မှုပညာရပ်များကို
စက်ရုံ၊ အလုပ်ရုံများနှင့် တစ်နိုင် တစ်ပိုင်စက်မှုလုပ်ငန်းများတွင် ပြန်လည်အသုံးချပြီး
ဝန်ကြီးဌာန၏ အကျိုး၊ နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြသည့် လူငယ်မောင်မယ်များဖြစ်လာစေရန်
တိုက်တွန်းပြောကြားသည်။
အမှတ် (၁) စက်မှုသင်တန်းကျောင်း
(ဆင်တဲ) ကို ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမှတ်စဉ် (၁) မှ (၄၀) အထိ သင်တန်းသား
သင်တန်းသူစုစုပေါင်း ၄၇၈၇ ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အလုပ်အကိုင်ရရှိသူ ၄၅၇၃ ဦး ရှိခဲ့သည်။
ထို့ပြင် အမှတ်စဉ် (၄၁) ဒုတိယနှစ်သင်တန်းကို သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၀၅ ဦးဖြင့်
ဖွင့်လှစ်သင်ကြားလျက်ရှိကာ အမှတ်စဉ် (၄၂) သို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၀
တက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ
၁၈ ရက်အထိ သက်ဆိုင်ရာဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
အခမ်းအနားအပြီးတွင်
ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့ နဝဒေးစက်မှုဇုန်အတွင်းရှိ ရွှေခေတ္တရာ ဆီစက်၊ ပွင့်ထွန်းဆန်စက်နှင့်
High Power စက်မှုလက်မှုလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်း ရှင်များ၏ တင်ပြချက်များကို
ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် ရွှေတောင်မြို့ရှိ
အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ၌ ပညာရေးဝန်ကြီးဌာနမှ မှာယူ ထားသည့် ကျောင်းဝတ်စုံများ
ထုတ်လုပ်ပေးနိုင်ရေးအတွက် အဖြူချွတ်ခြင်း၊ ဆေးဆိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment