၁၉၂၀ ပြည့်နှစ်သည် ဗြိတိသျှနယ်ချဲ့လက်အောက် ကျရောက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်လာချိန်ဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးရှင်ဘုရင်ကို ဗြိတိသျှတို့က နန်းချကာ မြန်မာတစ်နိုင်ငံလုံးကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းလုံးမှ ဆန့်ကျင်တွန်းလှန် ပုန်ကန်မှုများနှင့် နယ်ချဲ့အစိုးရ ရင်ဆိုင်ခဲ့ရသည်။ ဗြိတိသျှအင်ပါယာအတွင်းရှိ အခြားနယ်မြေများ၊ လူမျိုးများအားလုံးတို့ထက် ပိုမိုပြင်းထန်သည်။ မြန်မာနိုင်ငံ တောင်ပေါ်မြေပြန့်ဒေသအားလုံးမှ တော်လှန်တိုက်ခိုက်မှုများကို နှိမ်နင်းနိုင်ရန် ဗြိတိသျှတို့က စစ်ရေးဘက်တွင် လက်နက်ကိုင်အင်အားခြောက်ဆနီးပါးမျှ တိုးချဲ့ဖြည့်တင်းခဲ့ရပြီး စစ်ရေးများကိုကွပ်ကဲရန် သမ္ဘာအရင့်ဆုံး အတော်ဆုံးစာရင်းဝင် စစ်ဦးစီးချုပ်ကို မြန်မာနိုင်ငံသို့ခေါ်ယူ၍ စစ်ဆင်ရေးအရှိန်အဟုန်မြှင့်ခဲ့ရသည်။
မန္တလေးနန်းတော်ကို သိမ်းပိုက်နိုင်ရန် ရက်သတ္တပတ် နှစ်ပတ်မျှသာအချိန်ယူ၍ စစ်ဆင်နွှဲခဲ့ရသည့် နယ်ချဲ့တို့မှာ မြန်မာ နိုင်ငံအနှံ့အပြားမှ တော်လှန်ပုန်ကန်မှုများကို နောက်ထပ် ၁၀ နှစ် ကြာအောင် နှိမ်နင်းခဲ့သော်လည်း အပြီးတိုင်ချုပ်ငြိမ်းမသွား။ ချင်းတောင်တန်းတွင် ၁၉၀၀ ပြည့်နှစ်ခန့်အထိ၊ ကချင်ဒေသတွင် ၁၉၁၅ ခုနှစ်တွင်မှ ဆန့်ကျင်တိုက်ခိုက်မှုများ ပြီးဆုံးခဲ့သည်။ လက်နက်ကိုင်ဆန့်ကျင်မှုများ ငြိမ်သက်သွားခဲ့သည့် ၁၀ နှစ် တာကာလသည် နိုင်ငံရေးလှုပ်ရှားမှုများ အစပျိုးရန်အရှိန်ယူနေသည့် ကာလတစ်ခုသာဖြစ်ခဲ့သည်။ ဝိုင်အမ်စီအေကို အတုယူကာ ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (ဝိုင်အမ်ဘီအေ)သည် ဘာသာရေးအသင်းအဖွဲ့ အသွင်ဆောင်သော်လည်း နယ်ချဲ့လက်အောက်ခံဘဝ နိုင်ငံရေးနိုးကြားလာခြင်းပင်ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးကာလ အိန္ဒိယကို အုပ်ချုပ်ရေးတိုးပေးရန် ဗြိတိသျှအစိုးရက စဉ်းစားနေချိန် ၁၉၁၉ ခုနှစ် ဇူလိုင်လတွင် ဝိုင်အမ်ဘီအေက ဦးဘဘေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ကို ကိုယ်စားလှယ်အဖွဲ့အဖြစ် စေလွှတ်ကာ မြန်မာပြည် အုပ်ချုပ်ရေးကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးသို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာလူမျိုးတို့ကို အဆင့်မြင့်ပညာများသင်ကြားနိုင်ရန် အခက်တွေ့စေသည့် ရန်ကုန်တက္ကသိုလ်ဥပဒေ(မူကြမ်း)ကိုလည်း ကန့်ကွက်ခဲ့ကြသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်၊ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်တွင် ပေါ်ပေါက်လာသည့် ရန်ကုန်တက္ကသိုလ် ဥပဒေဆန့်ကျင်ရေး အထွေထွေသပိတ်ကြီးသည်
အထက်ပါနိုင်ငံရေးနောက်ခံအခြေအနေတွင် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ရန်ကုန်ကောလိပ်၊ ယုဒဿန်ကောလိပ်တို့မှ
နောက်ဆုံးနှစ်ကျောင်းသားကြီးများမှစကာ မူလတန်းအရွယ် ကျောင်းသူကျောင်းသားများအထိ တစ်နိုင်ငံလုံးရှိ
ကျောင်းသားများပါဝင်သည့် အထွေထွေသပိတ်ကြီးအဖြစ် ကျယ်ပြန့်ခဲ့ပြီး တစ်နိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ်နှင့်
နိုင်ငံရေးအသိတို့ နိုးကြားလာခဲ့ကာ မြန်မာပြည်သူလူထုတစ်ရပ်လုံး ပထမဆုံးအကြိမ် စည်းလုံးမိခဲ့ကြခြင်းဖြစ်သည်။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားများ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့် ကျော် ၁၀ ရက်နေ့ကို ၁၉၂၂ ခုနှစ် ဇွန်လ
၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဂျီစီဘီအေ အထူးကွန်ဖရင့်က
“အမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ကြသည်။ ယင်းနေ့သည့် နယ်ချဲ့ဗြိတိသျှတို့၏ ဖိနှိပ်မှုအပေါ်
ဆန့်ကျင်တွန်းလှန် အောင်ပွဲခံနိုင်သောနေ့ဖြစ်၍ “အမျိုးသားအောင်ပွဲနေ့” ဟုလည်း ခေါ်ဝေါ်ခဲ့သည်။
ယခုနှစ်တွင် အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်း ၁၀၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော် မိမိတို့ဘိုးဘွားများလက်ထက်က စည်းလုံးညီညွတ်မှုမျိုး မျက်မှောက်ကာလ မိမိတို့နိုင်ငံတွင်လည်း စည်းလုံးညီညွတ်ကြရန် လိုအပ်လျက်ရှိသည်။ မိမိတို့ဘိုးဘွားများက တစ်သွေးတည်း၊ တစ်သားတည်းသော စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံလွတ်လပ်ရေးရအောင် စွမ်းဆောင်ခဲ့ကြသကဲ့သို့ပင် မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်ဖြစ်သော ပြည်ထောင်စုကြီးတစ်ဝန်းလုံး ငြိမ်းချမ်းရေးအတွက် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို မဖြစ်မနေကြိုးပမ်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment