မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက တရားဝင်ထုတ်ဝေထားသော အများ ပြည်သူ လှည့်လည်သုံးစွဲသည့် ငွေစက္ကူများကို တန်ဖိုးထား၍ စနစ်တကျသုံးစွဲနိုင်ရန် လိုအပ်သည်။ ငွေစက္ကူသည် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးအပါဆုံး အရာဖြစ်သည့်အတွက် ငွေစက္ကူအမျိုးမျိုးတို့ကို စနစ်တကျကိုင်တွယ်အသုံးပြုကြရ မည်ဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားဘဝတွင် ဟောင်းနွမ်းငွေစက္ကူများ ကိုင်တွယ်အသုံးပြုရာတွင် အခက်အခဲအမျိုးမျိုးရှိနိုင်ပေသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ ၃၆-င တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသောငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟု အတိအလင်းပြဋ္ဌာန်းထားရာ လက်ရှိသုံးစွဲနေသော ငွေကြေးများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ်ဖြစ်စရာအကြောင်းမရှိပေ။ သို့ရာတွင် သုံးစွဲနေသော ငွေစက္ကူအဟောင်းအနွမ်းအစုတ်အပြဲများနှင့် ပတ်သက်၍ ပြည်သူလူထုကြားတွင် အခက်အခဲအနည်းအများရှိနေသည်။ နိုင်ငံအတွင်း လက်ရှိလှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများနှင့်ငွေအကြွေများသည် တရားဝင်ငွေကြေးအဖြစ် ခိုင်မာစွာတည်ရှိနေသဖြင့် ငွေစက္ကူများကို တန်ဖိုးထားကိုင်တွယ်အသုံးပြုကြရန် လိုအပ်ပေသည်။
ပြည်သူများအနေဖြင့် ငွေစက္ကူများကို ကိုင်တွယ်အသုံးပြုကြရာတွင် တန်ဖိုးထားသိမ်းဆည်းအသုံးပြုကြသော်လည်း အခြေခံစားကုန်ရောင်းဝယ်ဖောက်ကားမှုများတွင် လုပ်ငန်းသဘာဝအရ မသန့်ရှင်းမှု၊ စနစ်တကျသိမ်းဆည်းလှည့်ပတ်သုံးစွဲ မှုမရှိသောကြောင့် မူလကသန့်ရှင်းသစ်လွင်စွာ ထုတ်ဝေထားသော ငွေစက္ကူများမှာ ဟောင်းနွမ်း၊ စွန်းပေယိုယွင်းမှုများရှိတတ်သည်ကို တွေ့ရသည်။ ယခင်က တစ်ရာ၊ နှစ်ရာ၊ ငါးရာ၊ တစ်ထောင်ငွေအကြွေများသာ ပျက်စီးယိုယွင်းမှုရှိတတ်သော်လည်း ယခုအခါ ကျပ်ငါးထောင်တန်နှင့် ကျပ်တစ်သောင်းတန်များတွင်ပါ အဟောင်းအနွမ်းများတွေ့လာတတ်ရာ ပြည်သူများအကြားတွင် အခက်အခဲမဖြစ်စေရေးအတွက် သုံးစွဲသူရော၊ တာဝန်ရှိသူများပါ စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်သည်။
ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများနှင့်ပတ်သက်၍ ဗဟိုဘဏ်အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများကြားတွင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းငွေစက္ကူများများစွာ ရှိနေသည်။ ဟောင်းနွမ်းငွေစက္ကူများကို နီးစပ်ရာဘဏ်များတွင် ကောင်းမွန်သည့် ငွေစက္ကူများဖြင့် လဲလှယ်နိုင်ပေသည်။ ငွေစက္ကူလဲလှယ်ရာ၌ လာရောက်လဲလှယ်သည့် ငွေစက္ကူအရွက်ရေတန်ဖိုး(အရွက်တန်ဖိုး)အတိုင်း လဲလှယ်ပေးခြင်းမဟုတ်ဘဲ လဲလှယ်သည့် ငွေစက္ကူစုစုပေါင်းတန်ဖိုးအတိုင်း သင့်လျော်သည့် အခြားငွေစက္ကူများနှင့် လဲလှယ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၄၀ (င)အရ ပြည်တွင်းသုံးငွေများကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်းမြင့်မားသော ငွေစက္ကူများကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံအတွင်း လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများနှင့်ပတ်သက်၍ ဟောင်းနွမ်းစုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများကြားတွင် ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံ မှန်ကန်ပြီး အလွယ်တကူ မပျက်စီးစေရေးအတွက် အသိပညာပေးဆောင်ရွက်ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏ အခန်းကဏ္ဍသည်အရေးကြီးသဖြင့် ငွေစက္ကူအဟောင်းအနွမ်းချို့ယွင်းမှုများကို ပြည်သူများအဆင်ပြေအောင် စနစ်တကျ လက်ခံဆောင်ရွက်ပေးသင့်သည်။
အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လှည့်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ဘဏ်များမှ ဗဟိုဘဏ်သို့ ဘဏ္ဍာငွေများ ပြန်လည်ပေးပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ငွေစက္ကူ၏ပုံသဏ္ဌာန်ကို ပျက်ယွင်းစေခြင်းဆိုင်ရာကိစ္စရပ်များ၊ ငွေစက္ကူများကို အကျိုးအမြတ်ရယူ၍ ရောင်းဝယ်ဖောက်ကားခြင်းအား တားမြစ်ချက်များ၊ ငွေစက္ကူအတုနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သတိပြုလျက် ကာကွယ်ဆောင်ရွက်ရန်အချက်များ၊ ငွေကြေးမတည်မငြိမ် စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်နိုင်သည့် ကောလာဟလသတင်းထုတ်လွှင့်မှုများ စသည်တို့ကို အလေးထားသတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်နိုင်ငံတွင် နိုင်ငံတကာနှင့်တန်းတူ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်၊ ငွေကြေးစနစ်များ လိုက်ပါပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်သော်လည်း ငွေအကြွေ၊ ငွေစက္ကူအရွက် သုံးစွဲသည့်ဓလေ့များ စွဲမြဲဖြစ်ထွန်းနေဆဲဖြစ်၍ ဖြစ်ပေါ်လာသည့် ငွေစက္ကူအဟောင်းအနွမ်းနှင့်အစုတ်အပြဲပြဿနာများ ရှိနေဦးမည်ဖြစ်ရာ ပြည်တွင်းသုံး ငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးနှင့် ငွေစက္ကူများကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးတို့ကို ပြည်တွင်းဘဏ်များသာမက သုံးစွဲသူပြည်သူများကပါ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment