Sunday, November 17, 2024

 

ပြည်စိုးညိမ်း

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ။

ရွှေကျီးညို တာရာနှင့်

ကြတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်

ချမ်းစရာသီ။

ရှေးစာဆို

အချိန်ကား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ညနေဆည်းဆာ။ နေရာကား နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်။ သပ္ပာယ်လှစွာ ပြုံးတော်မူနေသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကြည်ညိုဖွယ်မျက်နှာတော်ကို စိတ်နှလုံး ချမ်းမြေ့ကြည်နူးဖွယ် ဖူးမြော်တွေ့မြင်ခွင့်ရနေသည့်မြင်ကွင်းအခြေအနေ။




တွေ့ဆုံနှုတ်ဆက်

ရင်ပြင်တော်မှာတစ်နံတစ်လျားကြီးဖြစ်၏။ ပြန့်ပြူးကျယ်ဝန်းသော ဧရိယာကြီးလည်းဖြစ်၏။ အရှေ့ဘက်ကောင်းကင် ၌ ပြည့်ဝိုင်းစပြုနေပြီဖြစ်သော လပြည့်ဝန်းမှာ ရှမ်းရိုးမတောင်တန်းကြီးကို မေးတင်လျက် တရိပ်ရိပ်တက်လာနေသည်။ နေ့တစ်နေ့၏ နိဂုံးနှင့် ညတစ်ည၏နိဒါန်းတို့ တွေ့ဆုံနှုတ်ဆက်ကြတော့မည့် အချိန်လည်းဖြစ်၏။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းဝယ် အရာရာသည် ပကတိအေးငြိမ်းကြည်သာလျက် သန္တရသတို့ဖြင့် ထုံမွမ်းနေသည်လည်းဖြစ်၏။ မုခ်ဦးမှဝင်၍ အနည်းငယ် လျှောက်လှမ်းမိသည်နှင့် ရေကန်တော်ကြီးများ၏ အေးချမ်းခြင်းနိမိတ်နှင့် သုဓမ္မာဇရပ်များ၏ လှပတင့်တယ်ခြင်းတို့က ငံ့လင့်ဆီးကြို၍နေသည်။ ထိုမှသည် ခမ်းနားလေသမျှ သမိုင်းတန်ဖိုးကြီးမားသော ဗိသုကာလက်ရာမြောက်ကျောက်စာရုံများ၊ မုစလိန္ဒရေအိုင်၊ တံခွန်တိုင်၊ မင်္ဂလာတံတား၊ ဗောဓိပင်၊ အင်ကြင်းပင်၊ လင်းလွန်းပင်တို့နှင့်တကွဖြစ်သော ဗုဒ္ဓဥယျာဉ်တော်ကြီးကား ရင်သပ်ရှုမောဖွယ်။

ကြည်ညိုစွာပါဝင်ဆင်နွှဲ

ထိုပရိဝုဏ်ကြီးအတွင်း၌ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် အရောင်အသွေးစုံလင်လှသော ဘုရားဖူးပြည်သူတို့မှာ ထောင်သောင်းမက များလှချေသည်။ ပျားပန်းခပ်မျှဟုဆိုရပါမည်။

ထိုဘုရားဖူးပြည်သူတို့မှာ ရပ်ဝေးမှလာကြသည်ဆိုသော်ငြား ပင်ပန်းနွမ်းနယ်နေဟန်မရှိ။ ပျော်ရွှင်အေးချမ်းခြင်း၊ နှစ်သက်ကြည်နူးခြင်းတို့နှင့်အတူ ရွှင်လန်းလျက်ရှိကြသည်ကို တွေ့ရပါ၏။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးသို့ ကြည်ညိုစွာပါဝင်ဆင်နွှဲနိုင်ရန် အားခဲရောက်ရှိလာကြခြင်းဖြစ်သည်။ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည့် အမျိုးသားဂုဏ်အင်ပွဲတော်ကြီးတစ်ရပ်အဖြစ် အလေးအမြတ်ပြု လာရောက်ကြခြင်းလည်းဖြစ်သည်။

နောက်ထပ်ထူးခြားချက်တစ်ရပ်မှာ ပြီးခဲ့သည့်နှစ်မှစ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်းနှင့် မသိုးရွှေကြာသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းတို့ကို နိုင်ငံတော်အစိုးရက ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပေးခဲ့ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ်တွင်လည်း ကြည်ညိုသဒ္ဓါစိတ်အရင်းခံဖြင့် ရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်အောက်သို့ စုစည်းရောက်ရှိလာကြခြင်းပင် ဖြစ်ပါ၏။

မီးပုံးပျံလွှတ်တင်ပူဇော်

မကြာမီ ဒုတိယအကြိမ်မြောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို စတင်ဖွင့်လှစ် တော့မည်ဖြစ်သည်။ ထက်ကောင်းကင်ယံ၌ လပြည့်ဝန်းကြီးသည် ရွှန်းရွှန်းမြမြပေါ်ထွက်လာလေပြီ။ ဘုရားဖူးပြည်သူများကို သူ့ရင်ခွင်အတွင်း ပွေ့ပိုက်ထားသော ရေပန်းရင်ပြင်တော်ကြီးအား ညင်သာစွာ တိုက်ခတ်နေသောလေနုအေးနှင့် တဖိတ်ဖိတ်တောက်ပနေသော ငွေလစန္ဒာ၏ ဘော်ငွေရောင်အသွေးတို့က တန်ဆာဆင်ထားလျက်ရှိနေပါ၏။

မီးပုံးပျံလွှတ်တင် ပြိုင်ပွဲဝင်မည့်သူများ သတ်မှတ်နေရာအသီးသီးသို့ ဝင်ရောက်လာကြသည်။ နတ်သမီးဝတ်စုံ ဆင်မြန်းထားသည့် အမျိုးသမီးငယ်များကလည်း လှပသောဖဲကြိုးများကို ကိုင်ဆောင်၍ နေရာယူထားကြ၏။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီးတို့ ဝင်ရောက်လာချိန်တွင် တိုင်းရင်းသား၊ တိုင်းရင်းသူလေးများက မီးကြာခွက်များ ကိုင်၍ ကြိုဆိုနေကြပုံ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များက ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် ကြိုဆိုနေကြပုံ၊ တိုင်းရင်းသား ရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်များ တီးမှုတ်၍ ကြိုဆိုနေကြပုံ၊ နိုင်ငံတော် အကြီးအကဲက အပြုံးနှင့်တုံ့ပြန်နှုတ်ဆက် နေပုံမြင်ကွင်းတို့မှာ မင်းနှင့်ပြည်သူ ချစ်ကြည်ဖြူခဲ့ကြသည့် မြန်မာတို့၏ အတိတ်သမိုင်းကြောင်းမှ လွမ်းမောဖွယ် ပုံရိပ်ဟောင်းများကိုပင် ပြန်ပြောင်းအောက်မေ့ဖွယ်ဖြစ်မိရသည်။

နိုင်ငံတော်အကြီးအကဲနှင့်ဇနီးတို့က အခမ်းအနားကိုဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ လှပသောရောင်စုံမိုးပျံ ပူဖောင်းများထက်ကောင်းကင်ယံသို့ လွင့်ဝဲပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် မီးပုံးပျံငယ် အလုံး ၅၀၀ တို့ကလည်း အထက်သို့ပျံတက်သွားကြသည်။ မီးရှူးမီးပန်းများ ပစ်ဖောက်လိုက်သည်တွင် ညဉ့်ဦးယံ၏ အမှောင်ရိပ်လွှမ်းစကောင်းကင်ပြင်မှာ တောက်ပသော အရောင်တို့ဖြင့် ဝင်းလက်ပြိုးပြက်သွားသည်။ ထိုစဉ် “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” တေးသီချင်းက မြိုင်မြိုင်ဆိုင်ဆိုင်ပင် ပေါ်ထွက်လာသည်။ တေးသီချင်းများဖြင့် ဖျော်ဖြေနေကြခြင်းဖြစ်သည်။

ရောင်စုံမီးအလင်းတန်းများ ပူဇော်

နိုင်ငံတော်အကြီးအကဲနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက စိန်နားပန်မီးပုံးပျံနှင့် ညမီးကျည် (ညမီးကြီး) မီးပုံးပျံများလွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ ထက်အာကာကောင်းကင်နန်း၌ ရောင်စုံမီးရှူးမီးပန်းများ ယှက်ဖြာ လင်းလက်လျက်ရှိသည်။ ညမီးကျည်၊ စိန်နားပန်နှင့် မီးပုံးပျံငယ်တို့မှာ မိုးယံ၌ ရောင်စုံလွှမ်းကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ၎င်းတို့၏ ရောင်စုံ မီးအလင်းတန်းများနှင့် ညွတ်တွားပူဇော် နေကြဘိသို့ ရှိလေသည်။

မီးပုံးများလွှတ်တင်ရန် ပြင်ဆင်ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသား ရိုးရာအကအလှများ၊ ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် ကြည်ကြည်နူးနူး၊ ပျော်ပျော်ရွှင်ရွှင် သီဆိုကပြဖျော်ဖြေကြသည်။ ထောင်ပေါင်းများစွာသော ဘုရားဖူးပြည်သူများမှာ ရင်ပြင်တော် တစ်လျှောက်အကအလှများကို ကြည့်ရှုခံစားရင်း၊ တေးသီချင်းသံသာများကို နားဆင်ခံစားရင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြလျက်ရှိသည်။

နိုင်ငံတော်အကြီးအကဲနှင့်ဇနီးသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရင်းတနှီးပင် ထိတွေ့ဆက်ဆံ၍ မီးပုံးပျံငယ်များကို လွှတ်တင်ပူဇော်ပေးသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော် ကြည်ညိုသည်။ တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ ပါဝင်ဆင်နွှဲရောက်ရှိလာကြသည့် ဘုရားဖူး ပြည်သူများနှင့်အတူ ဆီမီးများကို အတူတကွထွန်းညှိပူဇော်ပေးနေသည့် မြင်ကွင်းပုံရိပ်များမှာ ကျက်သရေအပေါင်းကို ဆောင်လျက်ရှိသည်။ ဘာသာတရား၊ ထုံးဓလေ့နှင့် မိမိတို့၏ အမျိုးသားဂုဏ်အင်အပေါ် ထားရှိသည့် အကြီးအကဲ၏ လေးနက်သော ခံယူချက်မှာ ရဟန်းရှင်လူ၊ ပြည်သူတို့နှင့်အတူ တစ်သားတည်းကျ၍ တစ်ထပ်တည်း ဖြစ်ကြောင်း ခိုင်မာသည့် သက်သေပြဆိုချက် မြင်ကွင်းများပင်ဖြစ်သည်။ အကြီးအကဲ၏ အမျိုး၊ ဘာသာ၊ သာသနာကို လေးမြတ်စွာ ဦးထိပ်ပန်ဆင် ဆောင်ရွက်လေ့ရှိသည့် ကမ္ပည်းစာမျက်နှာများဟုပင် ဆိုရပါမည်။

ဗုဒ္ဓဥယျာဉ်တော်အတွင်း LED မီးများဖြင့် အလှဆင်ထားသည်မှာ ရှုမငြီးဖွယ်ဖြစ်သည်။ ခမ်းနားထည်ဝါလှသော ဗိသုကာလက်ရာများကို ပိုမိုပေါ်လွင်စေသည်။ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများကလည်း စီရရီ။ ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်တန်းကြီးကလည်း တစ်နံတစ်လျား။ ထက်ကောင်းကင်၌ကြည်လင် အေးချမ်းသော စန်းလသော်တာသည် ထိန်ထိန်ဖြာလျက်။ မြန်ပြည်တစ်ဝန်းဘေးမသန်းဘဲ ချမ်းမြပျော်စရာ ချိန်ခါမယွင်းတော့မည့် နိမိတ်ပါပေ။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကြီးကျင်းပသည့် နေ့ပင်ဖြစ်ပါပေ၏။ ဖွင့်ပွဲအခမ်းအနားကြီးကို နိုင်ငံတော်အကြီးအကဲနှင့်ဇနီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် မင်္ဂလာငွေခရု သုံးကြိမ်မှုတ်၍ ပူဇော်ကြသည်။

အပြိုင်အဆိုင်ယှဉ်ပြိုင်

ထို့နောက် မင်္ဂလာရွှေမောင်းတော် တီးခတ်အချက်ပေးလိုက်သည်တွင် ရက်ကန်းအဖွဲ့များက ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။ ပြိုင်ပွဲဝင်များမှာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရက်ကန်းစင်တော် ၁၅ ဖွဲ့ဖြစ်သည်။

ရက်ကန်းအဖွဲ့များမှ အပြိုင်အဆိုင် ယှဉ်ပြိုင်ရက်လုပ်နေကြချိန်တွင် အနုပညာရှင်များက “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” တေးသီချင်းဖြင့် ပါဝင်အားဖြည့်၍ ပျော်ပျော်ပါးပါးတီးမှုတ် သီဆိုကြသည်။

အခမ်းအနားတက်ရောက်လာကြသူများကလည်း မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကို တစ်ပြိုင်နက် လွှတ်တင်ပူဇော်ကြသည်။ ထိုမြင်ကွင်းများကိုမြင်ရသည်မှာ စည်းလုံးညီညွတ်မှု၏ စွမ်းအား၊ ချစ်ကြည်ရင်းနှီးမှု၏ စွမ်းအားနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်သည့်အခါ ထွက်ပေါ်လာသည့် ရလဒ်နှင့် စွမ်းအားတို့ကို လက်တွေ့ကျကျ မျက်ဝါးထင်ထင် သိရှိခံစားရစေပါ၏။ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူအပေါင်းတို့မှာ ပထမနေ့ကထက်ပင် ပို၍များပြား လာကြပုံရသည်။ ဗုဒ္ဓဥယျာဉ်တော်နှင့် ရင်ပြင်တော်တစ်လျှောက်တိုး၍ မျှမပေါက်နိုင်အောင် စည်ကားများပြားလှချေသည်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီးတို့မှာ ရက်ကန်းစင်တော်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားကြည့်ရှု၍ လှည့်လည်အားပေးကြသည်။ တန်ဆောင် တိုင်မီးထွန်းပွဲတော်သို့ လာရောက် ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ အပြုံးချင်းဖလှယ်ကြရုံမျှမက မေတ္တာဓာတ်ချင်း ကူးလူးဆက်နွှယ်ကြသည့်ပွဲဟုလည်း ဆိုရပါမည်။

ဝတ်အသင်းများက ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ အသံမစဲ မဟာပဋ္ဌာန်းများလည်း ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ မီးရှူးမီးပန်းများ၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများကို လည်း လွှတ်တင်ပူဇော်လျက်ရှိသည်။ ရက်ကန်းစင်တော်များကလည်း အပြိုင်အဆိုင် ရက်လုပ်ပူဇော်လျက်ရှိသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးမှာ ဘယာမသန်းအောင်လို့ မဟာပဋ္ဌာန်း ဒေသနာတော်နှင့်ပူဇော်ကာ ဦးတော် ညွှတ်သည့်ပွဲဟုဆိုရပါမည်။ ရောင်စုံလှိုင်ထိန်ထိန်ညီးသည့် ဆီမီးမြိုင်သည့်ပွဲဟုဆိုရပါမည်။ ရက်ကန်းရက်အပြိုင်အဆိုင် ပိုင်နိုင်သည့် လက်အစွမ်းနှင့် ကထိန်လျာပေါင်းစုကြိုးစားကြသည့် မသိုးသင်္ကန်း ကပ်လှူပွဲဟု ဆိုရပါမည်။

ပြိုင်ပွဲဝင်ကြသူ၊ အားပေးကြသူများ ခြိမ့်ခြိမ့်သဲစည်ကားလျက် ပျော်ပွဲအစုံစုံ၊ ရွှင်ပွဲအဖုံဖုံတို့ဖြင့် သိုက်မြိုက်စည်ကားလှသည်လည်း ဖြစ်ပါ၏။ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ကုသိုလ် ကောင်းမှုပြုလုပ်ရင်း ပျော်ပွဲများဆင်နွှဲနိုင်ရန် ကျန်းမာရေးဝန်ထမ်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ပေးထား သည်ကိုလည်း တွေ့ရပါ၏။

ဖူးမြော်ကြည်ညို

ရက်လုပ်ပြီးစီးသည့် မသိုးရွှေကြာသင်္ကန်းတော်များကို နိုဝင်ဘာလ ၁၅ ရက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ကာ သမ္မာဒေဝနတ်ကောင်း နတ်မြတ်များနှင့် ၃၁ ဘုံသားတို့အား မေတ္တာပြု၍ ကုသိုလ်အမျှပေးဝေကြသည်။

ပွဲတော်၏ နောက်ဆုံးညဖြစ်သော တန်ဆောင်မုန်းလပြည့်ညကား လှလည်းလှ၍ သာလည်းသာလှပါ၏။ သာမည ဖလအခါတော်ကျင်းပသည့် အချိန်အခါလည်းဖြစ်ပါ၏။ ဆောင်းဦးပေါက် လေပြည်သည် နုထွေးညင်သာစွာ တိုက်ခတ်လျက်။ ကောင်းကင်ပြာပြာမှာ မြူတိမ်ကင်းစင်နေ၏။ ဖြူဖြူဖွေးဖွေး ဘော်ငွေရောင်လမင်းကြီးနှင့် ပြာပြာလွင်သော ကောင်းကင်သာရှိ၏။ တိမ်ဆို၍ ကြက်မတစ်ဝပ်စာမျှပင်မရှိ။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများမှာ တစ်ရက်ထက်တစ်ရက်တိုး၍သာ များလာပါ၏၊ အပြုံးမျက်နှာကိုယ်စီဝယ် အပြုံးပန်းတို့ တဝေဝေပွင့်လျက်ရှိ၏။ ကြည်နူးခြင်း ပီတိအဟုန်ဖြင့် လန်းရွှင်လျက်ရှိ၏။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို လပြည့်နေ့၏ ညဦးပိုင်းတွင် ကျင်းပသည်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး၊ တာဝန်ရှိပုဂ္ဂိုလ်များအပြင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ၊ ဘူရားတီးရား ပြည်နယ်အစိုးရဥက္ကဋ္ဌနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များပါ စုံလင်စွာတက်ရောက်ကြသည်ကို တွေ့ရသည်။ ထူးခြားလေးနက်သော မြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် နှစ်သက်ဝမ်းမြောက်နေပုံမှာ ဧည့်သည်တော် များ၏မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများကလည်း စည်ကားများပြားစွာ တစ်ခဲနက်လာရောက်ကြည့်ရှုကြသည်။

အကြီးအကဲနှင့်ဇနီးတို့သည် ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆီမီးများထွန်းညှိကြသည်။ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာသို့ လာရာလမ်းတစ်လျှောက်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကအလှများ ဖြင့် ကြိုဆိုနေကြပုံမှာ ရှုမငြီးနိုင်အောင် ပင်ဖြစ်သည်။ ပွဲတက်ရောက်လာသူများ နှင့် ကြိုဆိုကြသူတို့မှာ အပြုံးချင်းဖလှယ်ကာ ရင်းနှီးချစ်ကြည်မှုတို့ အပြန်အလှန် ဖြစ်ထွန်းတိုးပွားလျက်ရှိသည်။

မီးပုံးရောင်စုံများဖြင့် ချိတ်ဆွဲထားရှိ

နိုင်ငံတော်အကြီးအကဲနှင့်ဇနီးတို့က မီးပုံးပျံများ လွှတ်တင်ယှဉ်ပြိုင်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးသည်။ ထူးခြားသော အစီအစဉ်တစ်ရပ်အဖြစ် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်း အမှတ် မြတ်ရောင်ခြည်စိန်နားပန်မီးပုံးပျံလွှတ်တင်ခြင်းပင်ဖြစ်သည်။ မီးပုံးပျံ၏ ကိုယ်ထည်တွင် ကနုတ်ပန်းခက်များ၊ ကြာပန်းခက်များ အလှဆင်ထားသည့်အပြင် မီးပုံးပျံအောက်ဆွဲတွင် ကြာပန်းပုံ နှင့် ဘူရားတီးရားစာသားကို မီးပုံးရောင်စုံများဖြင့် ချိတ်ဆွဲထားရှိလေသည်။

မီးပုံးပျံများ လွှတ်တင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် တိုင်းရင်းသားရိုးရာ အကအလှများ၊ ယိမ်းအကအလှများနှင့် တေးသီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြဖျော်ဖြေတင်ဆက်ပေးကြသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲအတွက် ဆုအမျိုးအစား ငါးဆုကို ပေးအပ်ချီးမြှင့်လေသည်။ အဖွဲ့လိုက်အတွက် ပေးအပ်သော ဆုများဖြစ်သည်ကို သတိထားမိပါသည်။ မှန်ပါ၏။ မသိုးရွှေကြာသင်္ကန်းရက်လုပ်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်တွင် တစ်ဦးတစ်ယောက်တည်းက ကိုယ့်သဘောကိုယ်ဆောင်ပြီး ပြုလုပ်၍မရပါ။ အဖွဲ့ဝင်အားလုံး၏ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်ဆောင်ရွက်မှုတို့ဖြင့်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစား ယှဉ်ပြိုင်ကြရသည်ဖြစ်ပါ၏။ ထိုနည်းတူပင် မီးပုံးပျံများ လွှတ်တင်ပူဇော်ရာတွင်လည်း အဖွဲ့သားအချင်းချင်း ရိုင်းပင်းကူညီမှု၊ တိုင်ပင်နှီးနှောမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စိတ်ကူးကြံဆမှု၊ စည်းကမ်းလိုက်နာမှုနှင့် စည်းလုံး ညီညွတ်မှုတို့ကို အခြေခံ၍ ဆောင်ရွက် ကြရသည်ဖြစ်ပါ၏။

ထို့နောက် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပါသည်။ ဆုများချီးမြှင့်ခြင်း၊ ဆုလက်ခံရယူခြင်း ပြုလုပ်သည့်အခါ ထောင်သောင်းမကများလှစွာသော ရဟန်းရှင်လူ၊ ဘုရားဖူးပြည်သူတို့၏ ဂုဏ်ပြုလက်ခုပ်ဩဘာသံများမှာ ထိလုမိုးယံဘဝဂ်လျှံမျှ သောင်းသောင်း ညံလျက်ရှိနေပါသည်။ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ဂုဏ်ပြုသည့် မင်္ဂလာရှိသော အခမ်းအနားတစ်ရပ်ပင် ဖြစ်ပါပေသည်။

အလားတူပင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ ပုထိုး၊ စေတီများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၍ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ မီးပုံးပျံလွှတ်တင်ခြင်းများအား ပျော်ရွှင်စွာ ကျင်းပဆင်နွှဲနေကြသည်ကို တွေ့ရသည်။ ဆီမီးပူဇော်ခြင်း၊ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည့်အပြင် စတုဒိသာအာဟာရကျွေးမွေးကုသိုလ်ပြုကြခြင်းများဖြင့် မြန်မာတို့၏သဒ္ဓါတရားထက်သန်မှုစိတ်ရင်းအား ပုံဖော်နိုင်ခဲ့ကြသည်ကိုလည်း တွေ့ရပါ၏။

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၌ အစဉ်အဆက်လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးဓလေ့အစဉ်အလာများ ရှိကြသည်သာဖြစ်၏။ ထိုအမွေအနှစ်များတွင် ဒြပ်ရှိယဉ်ကျေးမှုများလည်းပါ၏။ ဒြပ်မဲ့ယဉ်ကျေးမှုများလည်းပါ၏။ မည်သို့ပင်ဖြစ်စေ မိမိတို့၏ အမျိုးသားရေးစရိုက် လက္ခဏာများအဖြစ်၊ အမျိုးသားဂုဏ်အင်များအဖြစ် အမြတ်တနိုး ထိန်းသိမ်း စောင့်ရှောက်ကြသည်သာဖြစ်၏။ ထိုအခြင်းအရာတို့မှာ ကောင်းမြတ်မှန်ကန်သည်လည်းဖြစ်၏။ မိမိတို့၏ ဇာတိနှင့်အစဉ်အလာ၊ မျိုးနွယ်နှင့် ယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင်က အထွတ်အမြတ်ပြု၍ အလေးအနက်ထား ခြင်းသည် မင်္ဂလာထိုက်သော အမှုကိစ္စဖြစ်၏။

အံ့ချီးဂုဏ်ယူဖွယ်ရာပင်ဖြစ်

ယခုမူကား ထိုမျှမကပါလေ။ မိမိတို့၏ စံကိန်းအညွှန်းတစ်ရပ်ဖြစ်သော အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရုံမျှမက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ခြင်းနှင့် မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကဲ့သို့သော အမျိုးသားဂုဏ်အင်ပွဲတော်ကြီးများကိုပါ မွမ်းမံဆတိုး၍ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်မှာ အံ့ချီးဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီးခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကိုပြသနိုင်ခြင်း၊ ဂုဏ်ယူမြတ်နိုးဖွယ် ယဉ်ကျေးမှုအစဉ် အလာတစ်ရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ခြင်း၊ ဘာသာရေးအသိ အမြင်များ တိုးပွားစေခြင်း၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေခြင်း၊ ငြိမ်းအေးသာယာမှုဖြစ်စေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း စသည်ဖြင့် ပွဲတော်ကြီးမှပေးသော အကျိုးတရား တို့မှာ စုံလင်များပြားလှပါသည်။ သို့ဖြစ်ရကား တန်ဆောင်မုန်းလဆန်း ၁၃ ရက် မှ လပြည့်နေ့အထိ စည်ကားသိုက်မြိုက် ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်းနှင့် မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းပွဲတော်ကြီးမှာ “ညွှန်းစံပြရိုး အမျိုးသားဂုဏ်အင် မွမ်းမံဆတိုး အကျိုးတရားစုံလင်” ပါပေသည်ဟု လှိုက်လှဲသော စိတ်နှလုံးဖြင့် ထောမနာပြု ကျူးရင့်လိုက်ရပါသည်။ ။

No comments:

Post a Comment