Sunday, September 29, 2024

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာပြေးဆွဲနေသော စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဖက်သင်္ဘောများကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်နေသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

 

နေပြည်တော် စက်တင်ဘာ ၂၉

ဧရာဝတီမြစ်ကြောင်းအတွင်း ခရီးသွားပြည်သူလူထုမှ ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ခြင်းများ ဆောင်ရွက်နေသည့် သင်္ဘောများကို PDF အမည်ခံအကြမ်းဖက်သမားများက ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန်နှင့် ၎င်းတို့အတွက် ငွေကြေးမလုံလောက်မှုများ ဖြစ်ပေါ်လာသည့်အတွက် ဆက်ကြေးတောင်းခြင်း၊ ဆက်ကြေးမပေးနိုင်သည့် သင်္ဘောများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။











ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ လူမဆန်သည့် လုပ်ရပ်များအား လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများက မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ကြောင်းနှင့် ၎င်းတို့ လှုပ်ရှားသွားလာနေမှုများအား တပ်မတော်စစ်ကြောင်းများသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို စက်တင်ဘာလ ၂၀ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းမှုများကြောင့် ၎င်းကျေးရွာများမှ အကြမ်းဖက်သမားများသည် စက်လှေများဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများ နောက်သို့ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းရာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ အကြမ်းဖက်သမားများ နေထိုင်အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိရပြီး လူနေအိမ်များကို အကာအကွယ်ရယူ၍ တည်ဆောက်ထားသော သဲအိတ်ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများကို သိမ်းဆည်းရရှိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းတန်းလေးကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဘုရားမကုန်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွှေဘောင်ကျေးရွာ၊ သဖန်းဒေါင့်ကျေးရွာ၊ ငယ်တိုးကျေးရွာနှင့် သနပ်ကုန်းကျေးရွာများတွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာများတွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်ခြံစည်းရိုးများ၌ အုတ်များ၊ သံပေပါများဖြင့် ပြုလုပ်ထားသည့် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများနှင့် ပစ်ကျင်းများကို သိမ်းဆည်းရမိခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများကို အကာအကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသော စစ်ရေးနှင့် မသက်ဆိုင်သည့် ခရီးသွားသင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေးသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ကြောင်းအတွင်း ပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရန်နှင့် ကုန်စည်များသယ်ယူပို့ဆောင်နိုင်ရန်အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှုကို နှောင့်ယှက်တိုက်ခိုက်နေပြီး ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နည်းလမ်းမျိုးစုံဖြင့် စုံစမ်းဖော်ထုတ်၍ လိုအပ်သည့် တိုက်ခိုက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်သမားကင်းစင်ပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်သွားလာနိုင်ရန်အတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာ၊ ခိုအောင်းနေထိုင်လျက်ရှိကြောင်းသိရှိရပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

No comments:

Post a Comment