Sunday, September 29, 2024

ရေကြီးနစ်မြုပ်မှုမရှိခဲ့သည့်ဧရိယာများရှိ သီးနှံအားလုံး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ ကျဆင်းမသွားစေရေးကြိုးပမ်း



နေပြည်တော် စက်တင်ဘာ ၂၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုသဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သော သီးနှံစိုက်ခင်းများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေကြီးနစ်မြုပ်မှုကင်းလွတ်ဧရိယာများရှိ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာရှိ ရေတင်စက်ရုံ၊ ရေပေးမြောင်း၊ ရေသွင်းမြောင်းများနှင့် ရှားတော၊ ဂွေးပင်နှင့် ရေအေးကျေးရွာများရှိ မိုးစပါးအပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှားတောကျေးရွာ ငရုတ်စိုက်ကွင်း၌ တောင်သူများ ငရုတ်ဆွတ်ခူးနေမှုကို ကွင်းဆင်းကြည့်ရှုကာ ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေ အခြေအနေများကို ခင်မင်ရင်းနှီးစွာ မေးမြန်းပြီး အားပေးစကားပြောကြားသည်။ ဆက်လက်၍ ရှားတောကျေးရွာ ဆိုလာစနစ် ရေတင်စခန်းထိခိုက်ခဲ့မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေတင်လုပ်ငန်းကို တစ်ပတ်တစ်ကြိမ် ရေတင်ပေးခြင်းဖြင့် စက်ပုံမှန်လည်ပတ်ကောင်းမွန်ရေး စီမံရန်လိုအပ်ကြောင်း၊ လာမည့်ဆောင်းသီးနှံ နှင့်နွေသီးနှံစိုက်ပျိုးရာသီတွင် ရေပေးဝေမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ရေပေးမြောင်းတစ်လျှောက် နုန်းဆယ်ယူခြင်း၊ မြောင်းဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စိုက်ခင်းရေသွင်းမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေအသုံးချသူအဖွဲ့တောင်သူများ စုပေါင်းဆောင်ရွက်ရေး နှိုးဆော်စည်းရုံးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှားတော၊ ဂွေးပင်နှင့် ရေအေးကျေးရွာများရှိ မိုးစပါး အပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူများအား တွေ့ဆုံ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့်ဧရိယာများတွင် ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးခဲ့ကြသည့် မိုးစပါးစိုက်ခင်းများကို အနီးကပ်စောင့်ကြည့်ကူညီပေးရန်၊ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသည့် ဧရိယာများတွင် အခြားသီးနှံတစ်မျိုးမျိုးစိုက်ပျိုးနိုင်စေရေး ကူညီဆောင်ရွက်ပေးရန်၊ သဲဖုံး၊ နုန်းဖုံးဧရိယာများမှ တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးရာသီအမီ သဲနုန်းများ ဖယ်ရှား ရှင်းလင်းခြင်းကို စက်မှုလယ်ယာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်နိုင်ရေး စီမံပေးရန်၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ရာဒေသ၏ အထက်ဘက်တွင် ရွှေသတ္တုကဲ့သို့ သတ္တုတူးဖော်ခြင်းလုပ်ငန်း များရှိသဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့်စိုက်ခင်းများ၌ ဓာတုဓာတ်ကြွင်းများ ကျန်ရှိနိုင်မှုကြောင့် မြေဆီလွှာ ဓာတ်ခွဲဆောင်ရွက်နေမှုများ၏ ရလဒ်အဖြေရရှိချိန်တွင် အမြန်ဆုံးတင်ပြပြီး လိုအပ်ပါက မြေပြုပြင်မှုလုပ်ဆောင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်မှုမရှိခဲ့သည့် ဧရိယာများရှိ သီးနှံအားလုံးအထွက်နှုန်းတိုးတက်အောင် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ ကျဆင်းမသွားစေရေး စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment