ကမ္ဘာ့လူသားများအတွက် အပူချိန်ထိန်းညှိနည်းပညာ
ကမ္ဘာဦးမှစတင်ပြီး လူသားတို့သည် နေထိုင်မှုပုံစံအမျိုးမျိုးဖြင့် သဘာဝဖြစ်စဉ် အထူးသဖြင့် ရာသီဥတုစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားနေထိုင်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာခဲ့ကြပြီး လူသားတို့၏ နေထိုင်မှုပုံစံသည်လည်း အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခဲ့ပါသည်။ လူသားတို့၏ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲလာခြင်းတွင် လေအေးပေးစက်များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
လူမှုစီးပွားရေးအခြေအနေများ
တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နေ့စဉ်ဘဝ၏ လိုအပ်ချက်များကို အဆင်ပြေလွယ်ကူစွာ
ဖြတ်သန်းနိုင်ရန် ခေတ်မီနည်းပညာမျိုးစုံကိုလည်း အသုံးပြုလာကြပါသည်။ ထိုနည်းပညာများတွင်
လူတို့နေထိုင်မှုအတွက် သက်သောင့်သက်သာ ဖြစ်စေသကဲ့သို့ ကုန်ထုတ်လုပ်မှု၊
သယ်ယူပို့ဆောင်ရေး၊ အာကာသခရီးစဉ်အပါအဝင် သုတေသနလုပ်ငန်းအမျိုးမျိုးတို့တွင်
အပူချိန်ကို လိုအပ်သလို ထိန်းညှိနိုင်သည့် နည်းပညာသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
အပူချိန်ထိန်းညှိနည်းပညာသည် လူသားများအတွက် အစားအသောက်၊ အဖျော်ယမကာ၊
ဆေးဝါးထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်း၊ လူနှင့် တိရစ္ဆာန်တို့၏ ဆဲလ်များ၊
သွေးများနှင့် နည်းပညာဆိုင်ရာ အရေးကြီးအချက်အလက်များကို မပျောက်ပျက်ဘဲ တည်တံ့အောင်ထိန်းသိမ်းထားနိုင်ခြင်း၊
အအေးပေးစက်ပစ္စည်းများဖြင့် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်း
အစရှိသဖြင့် ကမ္ဘာ့လူသားများကို အကျိုးပြုနေပေသည်။
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့
ကမ္ဘာ့အအေးပေး
ပစ္စည်းများနေ့ဆိုသည်မှာ အိုဇုန်းလွှာမပျက်စီးစေရန် အအေးပေးနည်းပညာနှင့်
အအေးပေးစက်ပစ္စည်းတို့၏ အခန်းကဏ္ဍကို သတိပြုမိစေရန်နှင့် ရာသီဥတုပြောင်းလဲမှု
တိုက်ဖျက်ရေးကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်ချက်များအား အလေးထားဆောင်ရွက်နိုင်ရန်
မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။
မွန်ထရီယယ် နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် သယံဇာတနှင့်သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဇွန်လ ၂၆ ရက်နေ့ကို
ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အဖြစ် ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၉ ခုနှစ်မှ စ၍
သတ်မှတ်ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့ကို အလားတူသတ်မှတ်ပြီး
နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
ကမ္ဘာ့အသိုက်အမြုံအတွင်း
အပူချိန်ထိန်းညှိ နည်းပညာတိုးတက်လာရုံသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများတွင်
အပူချိန်ထိန်းညှိနည်းပညာ၏ အရေးပါသော ပါဝင်ပတ်သက်မှုကိုလည်း အလေးထားလာကြပါသည်။
ယခုနှစ်၏ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဆောင်ပုဒ်ဖြစ်သော “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး
အလေးထားဆောင်ရွက်ပေး” "Temperature Matters...Absolutely!" သည်
ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ တစ်ဖက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့်
လူနေမှုအဆင့်အတန်းမြင့်မားလာပြီး အအေးပေးပစ္စည်းဆိုင်ရာလိုအပ်ချက် ပိုမိုမြင့်တက်လာသည့်
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အပူချိန်ထိန်းညှိနည်းပညာ၏ အခန်းကဏ္ဍကို
မလွဲမသွေ အလေးထားဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ပါသည်။
“အပူချိန်ထိန်းညှိ နည်းပညာတိုးတက်ရေးအလေးထားဆောင်ရွက်ပေး” ဆောင်ပုဒ်သည်
အအေးပေးပစ္စည်းများအတွက် အပူချိန်ထိန်းညှိ နည်းပညာစွမ်းရည်ကို မြှင့်တင်ရန်နှင့်
ဆက်လက်ကြိုးပမ်းစေရန် တွန်းအားပေးသကဲ့သို့ စွမ်းအင်သုံးစွဲမှုနှင့်
မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံတွင်
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက် နေ့တွင် ကျရောက်သည့် “Mr. Lord Kelvin” ၏ နှစ်(၂၀၀)
ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် “အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး အလေးထားဆောင်ရွက်ပေး”
"Temperature Matters...Absolutely!" ဟူသောဆောင်ပုဒ်ဖြင့်
အထိမ်းအမှတ် အခမ်းအနားနှင့် အသိပညာပေးအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ပါသည်။
အပူချိန်ထိန်းညှိနည်းပညာ၏
အကျိုးသက်ရောက်မှုများ
အပူချိန်ထိန်းညှိနည်းပညာသည်
နေ့စဉ်ဘဝတွင် လူသားများကို သက်သောင့်သက်သာရှိစေရုံသာမက အစားအသောက်နှင့် ဆေးဝါးများကို
တာရှည်ခံထားရှိရန်နှင့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ခိုင်မာစွာ
လည်ပတ်နိုင်ရန်အတွက် အရေးကြီးပါသည်။ လူသားများသည် အဆိုပါနည်းပညာများမှ ကောင်းကျိုးများစွာကို
ရရှိသော်လည်း တစ်ဖက်တွင် အဆိုပါနည်းပညာများကို အသုံးပြုထားသည့် အအေးပေးစနစ်များ
လည်ပတ်နိုင်ရေးအတွက် ထည့်သွင်းအသုံးပြုရသည့် အအေးပေးဒြပ်ပစ္စည်းများကြောင့် လူသားများ၏
ကျန်းမာရေးထိခိုက်ခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ကမ္ဘာကြီးပူနွေးခြင်း
စသည့်ဆိုးကျိုးများ ရှိနေသည်ကို သတိပြုကြရပေမည်။
အအေးပေးစနစ်များ
လည်ပတ်နိုင်ရေးထည့်သွင်းအသုံးပြုရမည့် အအေးပေးဒြပ်ပစ္စည်းများဖြစ်သော ကလိုရိုဖလူရိုကာဗွန်
(CFC)၊
ဟိုက်ဒရို ကလိုရိုဖလူရိုကာဗွန် (HCFC) အစရှိသည့် ကလိုရင်း (Cl)
ကို အခြေခံသော အအေးပေးဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများ
(Ozone Depleting Substances – ODSs) ဖြစ်ကြပါသည်။ အဆိုပါ
အိုဇုန်းလွှာပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများကို အစားထိုးအသုံးပြုသည့်
ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ကဲ့သို့သော ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးမှု
နည်းပါးသော်လည်း ကမ္ဘာ့ပူနွေးမှုအလားအလာ (Global Warming Potential-GWP) မြင့်မားသောကြောင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
အအေးပေးဒြပ်ပစ္စည်းများနှင့်
အခြားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည့်
အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဗီယင်နာကွန်ဗင်းရှင်းမှဖြစ်ပေါ်လာသော
နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်နှင့် ပြင်ဆင်ချက်များတွင်
လက်မှတ်ရေးထိုးပါဝင်ခဲ့ပါသည်။ အိုဇုန်းလွှာပျက်စီးစေသော
ဟိုက်ဒရိုဘရိုမိုဖလူရိုကာဗွန် (HBFC) ကို ၁၉၉၆ ခုနှစ်တွင်လည်းကောင်း၊ ဘရိုမိုကလိုရိုမီသိန်း
(Bromochloromethane) ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊
ဟေလွန်ဂျနိတ်တက် ကလိုရိုဖလူရိုကာဗွန် (Halogenated CFC) ကို
၂၀၀၇ ခုနှစ်တွင်လည်းကောင်း၊ ကလိုရိုဖလူရိုကာဗွန် (CFC)၊
ဟေလွန်(Halon)၊ ကာဗွန်တက်ထရာကလိုရိုဒ် (Carbon
Tetrachloride) ကို ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ မီသိုင်းကလိုရိုဖောင်း
(Methyl Chloroform) နှင့် မီသိုင်းဘရိုမိုဒ် (Methyl
Bromide) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း စသည့်ဒြပ်ပစ္စည်းများအား ပြည်တွင်းသို့
တင်သွင်းသုံးစွဲမှုကို အပြီးသတ်ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါသည်။
အလားတူ
အိုဇုန်းလွှာပျက်စီးစေသည့် အဓိက အအေးပေးဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရို
ဖလူရိုကာဗွန် (HCFC/R-22)
သုံးစွဲမှုကို ၂၀၄၀ ပြည့်နှစ်တွင် လုံးဝရပ်ဆိုင်းသွားနိုင်ရန်
နှစ်အလိုက်လျှော့ချ၍ ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC/
R-22) အပါအဝင် အိုဇုန်းလွှာပျက်စီးစေသည့် အအေးပေးဒြပ်ပစ္စည်းများကို
အစားထိုးအသုံးပြုသော ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ဒြပ်ပစ္စည်းများသည်
အိုဇုန်းလွှာပျက်စီးမှု နည်းပါးသော်လည်း ကမ္ဘာ့ပူနွေးမှုအလားအလာ (Global
Warming Potential-GWP) မြင့်မားသောကြောင့် ယင်းဒြပ်ပစ္စည်းများသုံးစွဲမှုကို
လျှော့ချနိုင်ရေးအတွက် ကီဂါလီပြင်ဆင်ချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်
ပြင်ဆင်လျက်ရှိပါသည်။
ကီဂါလီပြင်ဆင်ချက်ကို
အသိအမှတ်ပြု သဘောတူလက်မှတ်ရေးထိုး၍ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးပါက
ဟိုက်ဒရိုဖလူရိုကာဗွန် (HFC)
ဒြပ်ပစ္စည်း တင်သွင်းအသုံးပြုမှုကို ၂၀၂၄ ခုနှစ်မှစ၍
ထိန်းချုပ်ကန့်သတ်သွားမည်ဖြစ်ပါသည်။
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန်(HCFC/R-22) ဒြပ်ပစ္စည်းအများဆုံး
အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ အောက် အင်အားရှိ အိမ်သုံးလေအေးပေးစက်များ
ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ
စတင်တားမြစ်သောအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ရက်စွဲပါအမိန့်
ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အလားတူ ဒြပ်ပစ္စည်းများ အသုံးပြုသည့်
မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အထက် အင်အားကြီးစက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းသုံးစွဲမှုကို
ဆက်လက်ကန့်သတ်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။
အပူချိန်ထိန်းညှိနည်းပညာတိုးတက်ရေး
အလေးထားဆောင်ရွက်ပေး
အပူချိန်ထိန်းညှိနည်းပညာမြှင့်တင်ခြင်းသည်
အခြေခံအအေးပေးပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ရေရှည်တည်တံ့သော
ပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် ကာဗွန်ခြေရာနှင့် ရာသီဥတုပြောင်းလဲမှုကို
လျော့နည်းစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ယခုအခါ အင်ဗာတာနည်းပညာ၊
နေရောင်ခြည်စွမ်းအင်သုံး လေအေးပေးစက်များနှင့် ဘူမိအပူမှအအေးပေး
စနစ်များကဲ့သို့သော ဆန်းသစ်တီထွင်မှုများလည်း ပေါ်ပေါက်လာပြီဖြစ်ပါသည်။ ဤကဲ့သို့သော
နည်းပညာများသည် စွမ်းအင်ကို အကျိုးရှိစွာ သုံးစွဲနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
လျော့နည်းစေကာ ပတ်ဝန်းကျင်ကို အလေးထားသော ဝယ်ယူသူများနှင့် စီးပွားရေးလုပ်ငန်းများကြားတွင်
ပိုမိုရေပန်းစားလာပါသည်။
အအေးပေးစက်ပစ္စည်းများတွင်
ပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးမှုနည်းပါးသည့် အပူချိန်ထိန်းညှိနည်းပညာများကို
အသုံးပြုခြင်း၊ အဆိုပါ နည်းပညာများ၏ အကျိုးသက်ရောက်မှုများကို အများပြည်သူနှင့်
သက်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေးဆောင်ရွက်ခြင်းနှင့်
စွမ်းအင်သက်သာသော အပူချိန်ထိန်းညှိနည်းပညာများအပေါ် အလေးပေးဆောင်ရွက်ခြင်းသည်
ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
။
ကျမ်းကိုးစာရင်း
https://celsiuscity.eu/impact-of-
refrigeration-systems-technology-on-climate/
https://en_wikipedia.org/wiki/ Category:Cooling
technology https://www.cafcoservices.com/blog/
hvac/4-types-of-refrigeration-systems/ https://www.linkedin.com/pulse/
temperature-matters-absolutely-al emran-hossain-Gudyc/ ၂၀၂၃ ခုနှစ်ပါ
ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာပါ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ဆိုင်ရာ
ဆောင်းပါး

No comments:
Post a Comment