ပုသိမ် ဇွန် ၂၃
ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန် ၂၂ ရက်နှင့် ၂၃ ရက်များတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
ဒေါ်ယဉ်ဆွေဝင်း
ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်ကြာကျင်းပပေးခဲ့တာဖြစ်ပါ
တယ်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊
အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊
စကားပုံဆက်ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပခဲ့ပါတယ်။ အခုလိုကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်တွေအနေနဲ့
ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုရမယ်။ အဲဒီကမှ စာဖတ်တဲ့ အလေ့အကျင့်တွေရရှိလာပြီး
ပညာဗဟုသုတတွေ ကြွယ်ဝလာမယ်။ ပြီးတော့မှ အနာဂတ်မှာ တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတွေ
ဖြစ်လာဖို့ ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ပါတယ်။
ပွဲတော်မှာ လူငယ်တွေလေ့လာနိုင်ဖို့အတွက် စာအုပ်ပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းတွေအပြင်
အပျော်တမ်းဂိမ်းကစားနည်းတွေဖြစ်တဲ့ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ မြားပစ် ကစားနည်းတွေကိုလည်း
ထည့်သွင်းပေးထားပါတယ်။ ကျောင်းသားလူငယ်တွေအနေနဲ့ မိမိတို့လေ့လာလိုတဲ့ စာအုပ်တွေကို
ဝယ်ယူဖတ်ရှုနိုင်ဖို့အတွက်လည်း စာအုပ်အရောင်းဆိုင်တွေက လာရောက်ရောင်းချပေးပါတယ်။ ဒီပွဲက
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ ပွဲတော်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ
၂၆ မြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အမည်- မချစ်စနိုးထွေး
အတန်း-Grade11၊ အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း ပုသိမ်မြို့
သမီးကတော့ ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရရှိခဲ့ပါတယ်။
စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြုလုပ်ပေးတဲ့အတွက်
သမီး အနေနဲ့ အလွန်ပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ အခုလိုပွဲမျိုးပြုလုပ်ပေးခြင်းဟာ သမီးတို့
ကျောင်းသား ကျောင်းသူလူငယ်တွေအတွက် အထူးသင့်လျော်တဲ့ပွဲလို့ ထင်မြင်ယူဆမိပါတယ်။ ဒီလိုပွဲတွေ
များများလုပ်ပေးမှလည်း သမီးတို့ကျောင်းသား ကျောင်းသူတွေဟာ စာတွေကို များများဖတ်ရှုဖြစ်မှာ
ဖြစ်ပါတယ်။ အခုခေတ်က နည်းပညာခေတ်ဆိုတော့ မိုဘိုင်းလ်ဂိမ်းတွေနဲ့ပဲ အချိန်ကုန်တာများတော့
စာဖတ်ရှုတဲ့အပိုင်းမှာ တော်တော်လေးကိုမှ အားနည်းနေတာကို တွေ့ရပါတယ်။ အခုလိုပွဲတော်လုပ်ပေးခြင်းဖြင့်
စာပေတွေကိုဖတ်ရှုဖို့ အခွင့်အလမ်းတွေ အများကြီးပေးစွမ်းတယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးပြိုင်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်တဲ့အတွက်ကြောင့်လည်း သမီးအနေနဲ့ မသိသေးတဲ့ ဗဟုသုတတွေ တခြားအကြောင်းအရာတွေကိုလည်း
သိရှိရသလို လူငယ်နဲ့စာပေဟာ ဘယ်လောက်အထိ ဆက်နွှယ်နေလဲဆိုတာကိုလည်း သိရှိရပါတယ်။ ဒါကြောင့်မို့လို့
ဒီလိုပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျောင်းသား ကျောင်းသူလူငယ်တွေကိုလည်း
အခုလိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှသာ လူငယ်တွေအနေနဲ့ စာပေ အကြောင်းကို
အများကြီးနားလည်ပြီး ဘဝအတွက် တိုးတက်အောင်မြင်နိုင်တဲ့အရာတွေကို စာဖတ်ခြင်း စာပေဗဟုသုတတွေကနေ
ရရှိလာမယ်ဆိုတာကိုလည်း သိမြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေ ပြုလုပ်တဲ့အခါမှာ
ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်ကြဖို့ ဟောပြောပွဲတွေမှာလည်း ဝင်ရောက်နားထောင်ကြဖို့
တိုက်တွန်းအကြံပြုအပ်ပါတယ်။
အမည်၊ မောင်စွမ်းစစစ်နိုင်
အတန်း-Grade 10၊ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း
ပုသိမ်မြို့
ကျွန်တော့်အနေနဲ့ အဓိကတိုက်တွန်းလိုတာကတော့ သူငယ်ချင်းကျောင်းသား ကျောင်းသူတွေကို
ဒီလိုမျိုးစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ ပါဝင်ယှဉ်ပြိုင်ဖို့
ပြောကြားလိုပါတယ်။ ကျောင်းသား ကျောင်းသူတွေကိုလည်း အားလပ်ချိန်တွေမှာ စာအုပ်စာပေတွေကို
ဖတ်ရှုလေ့လာသင့်တယ်လို့လည်း အကြံပြုလိုပါတယ်၊ ဒီလိုမျိုးပွဲတော်တွေကိုလည်း မြို့နယ်တွေတိုင်းမှာ
ကျင်းပပေးဖို့နဲ့ ဒီလိုမျိုးကျင်းပပေးခြင်းဖြင့်လည်း လူငယ်တွေရဲ့ အနာဂတ်နေ့ရက်တွေမှာ
ပိုမိုတောက်ပလာမှာ ဖြစ်တယ်လို့လည်း ပြောကြားလိုပါတယ်။
အမည် - ဒေါ်တင်တင်ကျော်
ကျောင်းသားမိဘ၊ ပုသိမ်မြို့
ဒီပွဲတော်မှာ ကျွန်မနဲ့အတူ ကျွန်မရဲ့ သားသမီးတွေ၊ သားသမီးတွေရဲ့သူငယ်ချင်းတွေ
လာရောက်လေ့လာကြတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ များသောအားဖြင့် လူငယ်တွေဟာ မိုဘိုင်းလ် ဖုန်းသုံးပြီး
အချိန်ကုန်လာကြတာ များပါတယ်။ အခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လုပ်တဲ့အခါကျတော့
ကျောင်းသား လူငယ်လူရွယ်တွေဟာ ပျော်ရွှင်စွာ လေ့လာခွင့်ရတယ်၊ စာအုပ်စာပေတွေကို လေ့လာခြင်းဖြင့်
စာပေဖတ်ရှုချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ပြိုင်ပွဲတွေမှာလည်း ဥပမာ စာစီစာကုံးတို့၊
ကျပန်းစကားပြောပြိုင်ပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့်လည်း ပုံမှန်အသိဉာဏ်ထက်
ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကနေ ထပ်တိုးအသိဉာဏ်တွေလည်း ရလာကြတယ်။ ဒီပွဲတော်မှာလည်း
ပြိုင်ပွဲတွေဟောပြောပွဲတွေ စုံလင် အောင် ထည့်သွင်းဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူလူကြီးတွေကိုလည်း
အထူး ပင်ကျေးဇူးတင်ရှိပါတယ်။ ကျောင်းသားလူငယ်လူရွယ်တွေကိုလည်း ဒီလိုပွဲမျိုးတွေမှာလည်း
သွားရောက်လေ့လာကြဖို့ ပါဝင်ယှဉ်ပြိုင်ကြဖို့ကို မိဘတွေအနေနဲ့လည်း တိုက်တွန်းပြောကြားပေးဖို့
အကြံပြုအပ်ပါတယ်။
ကျောင်းသား ကျောင်းသူတွေအနေနဲ့ အသိပညာဗဟုသုတတွေ တိုးပွားပြီး စာအုပ်စာပေတွေကို
လေ့လာဖတ်ရှုစေဖို့ ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဆက်လက်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
တွေ့ဆုံမေးမြန်း - ဒေါ်ချိုမာထွန်း
ခရိုင်(ပြန်/ဆက်)
ဓာတ်ပုံ - ကျော်ဟိန်း




No comments:
Post a Comment