နေပြည်တော် ဇွန် ၂၄
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က
အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်
အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ပညာစံအရေး၊ ညီလာခံတေး”
အဖွင့်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏
အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်
မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို
ပိုမိုမြှင့်တင်ပေး” ဟူသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့်
အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေပြီး
အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကို
ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပညာဆိုသည်မှာ
အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်သိခြင်းတို့ဖြစ်ကြောင်း၊
ပညာသင်ကြားခြင်းကို ကျောင်းသင်ခန်းစာများကို သင်ယူခြင်း (Formal
Learning) အပြင်
ကျောင်းပြင်ပသင်ယူခြင်း (Non-formal Learning) နှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Informal
Learning) စသည်များနှင့်
ရယူတတ်မြောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ဘဝတစ်သက်တာလေ့လာ သင်ယူသွားကြရမည်လည်းဖြစ်ကြောင်း၊
ပညာသည် အလင်းရောင်နှင့်တူပြီး အလင်းရောင်သည် အမှောင်ကိုဖယ်ရှားနိုင်ကြောင်း၊
ပညာသည် မောဟ(မသိခြင်း)ကို ပယ်ဖျောက်နိုင်ကြောင်း၊ ထို့ကြောင့် “ပညာသမာအာဘာနတ္ထိ”
“ပညာနှင့်တူသော အလင်းရောင်မရှိ ”ဟု မြတ်စွာဘုရားကဟောကြားခဲ့ကြောင်း။
ပညာတတ်ဖြစ်မှသာ
လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု
အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကို ဖြေရှင်းတတ်မှု၊
ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့် ပင်ကိုယ်အရည်အသွေးများကို
ပိုင်ဆိုင်လာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းစေနိုင်မည်ဖြစ်ကြောင်း၊
အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့်
အလုပ်အကိုင်ကောင်းများကို ရရှိနိုင်ကြောင်း၊ ဆန်းသစ်တီထွင်ဖန်တီးတတ်သူ၊
ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည်
သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများ ဖြစ်လာကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊
အခြေခံကျောင်းများတွင် ခင်မင်ရင်းနှီးခဲ့သည့် သူငယ်ချင်းများသည်လည်း
လုပ်ငန်းခွင်မိတ်ဖက်များ ဖြစ်လာနိုင်ကြကြောင်း၊ ဘဝအောင်မြင်မှုအတွက်ဆိုပါက
အရာရာတိုင်းတွင် ပညာသည်သာ အခရာဖြစ်ကြောင်းကို မိမိနှင့်နီးစပ်ရာ ပြည်သူများကို
ရှင်းလင်းပြောကြားပေးကြရန် တိုက်တွန်းလိုကြောင်း။
နိုင်ငံတစ်နိုင်ငံ၏အင်အားသည်
ပညာအပေါ်တွင် အခြေခံကြောင်း၊ ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပညာပြည့်စုံသည့်
ကျောင်းသား၊ ကျောင်းသူလူငယ်များသည် နိုင်ငံ၏အင်အား၊
နိုင်ငံ၏အနာဂတ်များဖြစ်ကြောင်း၊ မိဘများက သားသမီးများ လူလားမြောက်အောင်
ကျွေးမွေးပြုစုယုယကြကြောင်း၊ ပညာသင်ယူရမည့် အရွယ်ရောက်သည့်အခါ
နွေးထွေးသည့်မိဘရင်ခွင်မှခွာပြီး စာသင်ကျောင်းဆီ ဦးတည်ကြရကြောင်း၊
မိဘရင်ခွင်ပြီးပါက ဆရာ့ရင်ခွင်သည် ကျောင်းသားလူငယ်များအတွက် ဒုတိယရင်ခွင်ဖြစ်ကြောင်း၊
တစ်နည်းအားဖြင့် ဆရာ၊ ဆရာမများသည် ကျောင်းသား ကျောင်းသူများအတွက်
ဒုတိယမိဘများပင်ဖြစ်ကြကြောင်း။
မြန်မာ့ယဉ်ကျေးမှုတွင်
အနန္တောအနန္တဂိုဏ်းဝင် ဆရာသခင် ကျေးဇူးရှင်ဟု ဆရာကို အလေးအမြတ်ထားပြီး
နှလုံးသွင်းချစ်ခင်ရိုသေကြကြောင်း၊ တပည့်များကို ပညာပေးဝေသူ၊ ပညာဖြင့်
တပည့်များ၏ဘဝကို ရှင်သန်စေသူဖြစ်သည့် ဆရာ၏မြင့်မြတ်လှသည့် ကျေးဇူးကို
ဂုဏ်တင်အသိအမှတ်ပြုပြီး မိဘ၊ ဆရာကို တစ်ဂိုဏ်းတည်းထားကာ အာစရိယဂုဏော အနန္တော၊
ဆရာသမား၏ ဂုဏ်ကျေးဇူးသည် အဆုံးအပိုင်းအခြားမရှိဟု သတ်မှတ်လျက်
လေးစားကြည်ညိုကြကြောင်း၊ ထို့ကြောင့် ဆရာသခင်ကျေးဇူးရှင်များကလည်း မိဘသဖွယ်စိတ်ဝယ်ထားပြီး
မိမိတပည့်များကို ပညာတတ်များ ဖြစ်လာအောင်၊ လိမ္မာယဉ်ကျေးသူများဖြစ်လာအောင်
ဦးဆောင်လမ်းပြသင်ကြားပေးရန် တိုက်တွန်းလိုကြောင်း။
ပြည်သူလူထုအများစုသည်
ဝင်ငွေအလယ်အလတ်အဆင့်ရှိသူများဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျောင်းပညာရေးကိုသာ
အားကိုးကြကြောင်း၊ အများပြည်သူက ယုံကြည်အားကိုးကြသည့်အတိုင်း ကျောင်းသား၊
ကျောင်းသူများ ကျောင်းပညာရေးတွင် ပညာတော်၊ ပညာတတ်၊ ဘက်စုံထူးချွန်သည့်
လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးကို အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊
အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်၊
အရည်အချင်းပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်မှာ ဆရာ၊ ဆရာမများ၏
သွန်သင်ဆုံးမမှုကောင်းမွန်ရေးအပေါ်မှာ တည်မှီနေကြောင်း။
အခြေခံပညာကဏ္ဍတွင်
ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁-၂၀၂၂
ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅ ဒသမ ၃ သန်းရှိ ရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၈
သန်းကျော်အထိ တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၂၁ ရက်နေ့အထိ
ကျောင်းအပ်နှံသူ ၇ ဒသမ ၃ သန်းကျော် ရှိပြီဟု သိရကြောင်း။
ဖြစ်ပေါ်တိုးတက်နေသည့်
ကမ္ဘာ့အခြေအနေများအရ လူ့ဘဝရပ်တည်ရန်အတွက် လူတစ်ယောက်သည်
အနည်းဆုံးအလယ်တန်းပညာအဆင့်အထိ တတ်သင့်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့်
လူတိုင်း KG+9 အထိ
ပညာသင်ကြားရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ အဆိုပါဦးတည်ချက်
ပေါက်မြောက်အောင်မြင်ရန် လူတိုင်း KG+9 အထိပြီးမြောက်အောင်မြင်ရေးအတွက် မသင်မနေရသင်ကြားနိုင်ရေး၊
ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အထူးသဖြင့် အခိုက်အတန့်
ကျောင်းအပ်လျော့နည်းနေသည့် မူလတန်းအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက်
ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ရပ်မိရပ်ဖများ
ပူးပေါင်းပြီးလှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ရှင်းပြခြင်း၊ အားပေးပံ့ပိုးခြင်း
နည်းလမ်းအသွယ်သွယ်ဖြင့် စဉ်ဆက်မပြတ် ဆက်လက်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြရန်
တိုက်တွန်းမှာကြားလိုကြောင်း။
တစ်ဖက်တွင်လည်း
အလယ်တန်းနှင့်အထက်တန်းတွင် ကျောင်းဝင်နှုန်းတိုးမြှင့်လာပြီး
တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားလာသည်နှင့် ကျောင်းထွက်မှုနှုန်း လျော့နည်းသွားသည်ကိုလည်းတွေ့ရကြောင်း၊
အလယ်တန်းအဆင့် Grade 9
အောင်မြင်ပြီး မြောက်သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်
သက်မွေးပညာရေးအပါအဝင် သင်ယူမှုအခွင့်အလမ်းများကို
ယခုထက်ပိုမိုဖော်ထုတ်အားပေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ယခု
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၁၁) ရက်နေ့က
ထုတ်ပြန်ကြေညာခဲ့ရာတွင် တစ်နိုင်ငံလုံးဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိခဲ့ပြီး ၇၄၅၉၂
ဦးအောင်မြင်ခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၇ ဒသမ ၉ ဖြစ်ကြောင်း၊
အောင်မြင်သူအားလုံးနီးပါး အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရေး ဝိုင်းဝန်းကြိုးစားတိုက်တွန်းဆောင်ရွက်သွားကြရန်
မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံသည်
စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားသည့်နိုင်ငံဖြစ်သည့်အတွက် စနစ်ကျသော
စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သော ကုန်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန်
ကျွမ်းကျင်သူများစွာ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅
ပညာသင်နှစ်အတွင်း ခရိုင် ၈၄ ခုတွင်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊
မွေးမြူရေးအထက်တန်းကျောင်း ၈၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊
အဆိုပါကျောင်းများတွင် အလယ်တန်းအဆင့်ပြီးသူများ တက်ရောက်နိုင်ပြီး
တန်ဖိုးမြင့်ထုတ်ကုန်များနှင့် ဈေးကွက်အတွက် လိုအပ်သည့်ကျွမ်းကျင်မှ
အရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း။
အတန်းပညာတတ်မြောက်ရေးအတွက်
စာသင်ကျောင်း၊ စာသင်ဆောင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ အားကစားရုံ၊
အားကစားကွင်း၊ အခြေခံအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှု၊
နည်းပညာအသုံးပြုသင်ကြားနည်းစနစ်များ ပံ့ပိုးမှု၊ အင်တာနက်ရရှိမှု၊
သောက်ရေသုံးရေရရှိမှု၊ သင်ယူမှုပတ်ဝန်းကျင်ကောင်းနှင့်
ကျောင်းဥပဓိရုပ်ကောင်းမွန်မှု စသည်များနှင့် ပြည့်စုံရန်လည်းလိုအပ်ကြောင်း၊ ထို့အပြင်
အရည်အသွေးရှိသည့် ဆရာအရေအတွက်လုံလောက်မှု၊ ဆရာအရည်အသွေးမြှင့် မွမ်းမံသင်တန်းများပို့ချမှု၊
သင်ရိုးညွှန်းတမ်းခေတ်မီမှု၊ ကျောင်းသားဗဟိုပြုသင်ကြားနည်းစနစ်များ မှန်ကန်မှု၊
စစ်ဆေးအကဲဖြတ်စနစ်ကောင်းမွန်မှု၊ စီမံခန့်ခွဲကြီးကြပ်မှုနှင့် သက်သာချောင်ချိရေးပံ့ပိုးမှု
စသည်များသည် ဟန်ချက်ညီညီ ပြည့်စုံလုံလောက်မည်ဆိုပါက နိုင်ငံ၏ပညာရေးအဆင့်သည်
အချိန်တိုအတွင်းတိုးတက်လာမည်ဟု ယုံကြည်သည့်အတွက် နိုင်ငံတော်က
ပညာရေးကိုဦးစားပေးပြီး တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးမှူးများ၊
ကျောင်းအုပ်ကြီးများ၊ မိဘဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ကလည်း
မိမိကျောင်း၏ ကောင်းသည့်ဂုဏ်သတင်း ကျော်ကြားမှုများကို
တန်ဖိုးထားထိန်းသိမ်းမြှင့်တင်နေကြမည်ဆိုပါက ကျောင်းတစ်ကျောင်းချင်းစီမှသည်
တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပညာရေးဂုဏ်သတင်း သင်းပျံ့လာမည်မှာ
မလွဲဧကန်ပင်ဖြစ်ကြောင်း။
ကျောင်းကောင်စီ
ကတိသစ္စာလေးချက်နှင့်အညီ မိမိကိုယ်ကို၊ မိမိအတန်း၊ မိမိကျောင်း၊
မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားကြရာတွင် ကျောင်းသား၊ ကျောင်းသူများ၏
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏
တာဝန်များပင်ဖြစ်ကြောင်း။
ယဉ်ကျေးလိမ္မာရန်၊
ရိုးသားဖြောင့်မတ်ရန်၊ စိတ်ထားဖြူစင်ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန်၊
ပြည်သူ့နီတိနှင့်အညီ ပြုမူနေထိုင်တတ်ရန်၊ တာဝန်ယူမှုတာဝန်ခံမှု စိတ်ဓာတ်ရှိရန်၊
အချိန်ကိုလေးစားရန်၊ စုပေါင်းဆောင်ရွက်တတ်ရန်၊ အတ္တပရမျှတရန်၊ တိုင်းချစ်ပြည်ချစ်
စိတ်ဓာတ်ရှိရန် စသည့်စိတ်ဓာတ်ကောင်းများနှင့် အမူအကျင့်ကောင်းများကို
လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း။
အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းကဆိုသည့်အတိုင်း မိမိစာသင်ခန်းအတွင်း၊ မိမိကျောင်းဝန်းအတွင်း
အမှိုက်ပစ်ခြင်း၊ စာသင်ခုံများအပေါ်တွင်ရေးခြစ်ခြင်း၊ ကွမ်းစားခြင်း၊
ဆေးလိပ်သောက်ခြင်းကအစ လုံးဝမပြုလုပ်ရန် ကျောင်းစည်းကမ်း လိုက်နာခြင်းမှအစပြုပြီး
ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သည့်
နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ ကိန်းအောင်းလာကြစေရန် လေ့ကျင့်ပေးသွားကြရမည်ဖြစ်ကြောင်း။
ကျေးလက်နေ
ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံးစာတတ်မြောက်ရေး
အတွက်စာမတတ်သူပပျောက်ရေးစီမံချက် ရေးဆွဲအကောင်အထည်ဖော်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်
စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် စာမတတ်သူပပျောက်ရေးမှသည်
စာမဖတ်သူပပျောက်ရေးအထိ တိုးချဲ့ဆောင်ရွက်သွားကြရန်လည်း မှာကြားလိုကြောင်း။
အဆင့်မြင့်ပညာရပ်များကို
သင်ယူခြင်းသည် ဘွဲ့အဆင့်အတန်းတစ်ခုရရှိရန်အတွက်သာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေပြီး ဘက်စုံအသိဉာဏ်ကြွယ်ဝသည့် နိုင်ငံသားများပေါ်ပေါက်စေကြောင်း၊
အရည်အသွေးရှိသည့် အဆင့်မြင့်ပညာရပ်များကို နှံ့စပ်စွာတတ်မြောက်ထားသည့်
ဘွဲ့ရပညာတတ်များစွာ ပေါ်ထွက်လာမှသာ နိုင်ငံအတွက်
ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ကြောင်း။
တက္ကသိုလ်များတွင်
ပညာရပ်နယ်ပယ်တစ်ခု၊ ဘာသာရပ်တစ်ခု၏ အခြေခံအဆင့်မှ တန်းမြင့်အဆင့်ထိ လွှမ်းခြုံသည့်
သင်ရိုးညွှန်းတမ်းများ တိကျစွာသတ်မှတ် ပြဋ္ဌာန်းထားသည့်အတွက်
တက္ကသိုလ်ကျောင်းသားများအနေဖြင့် မိမိသင်ယူလေ့လာသည့်
ဘာသာရပ်၏အခြေခံကောင်းများကိုရရှိပြီး နှံ့စပ်စွာ နားလည်တတ်မြောက်နိုင်မည်ဖြစ်ကြောင်း။
တက္ကသိုလ်ပညာရေးသည်
ဆန်းစစ်ဝေဖန်မှုစွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုစွမ်းရည်၊
ပြဿနာကိုဖြေရှင်းသည့်စွမ်းရည်၊ စုပေါင်းဆောင်ရွက်မှုစွမ်းရည်တို့ကို
မြှင့်တင်ပေးသည့်အတွက် အနာဂတ်တွင် မိမိအတွက်ရော၊ နိုင်ငံအတွက်ပါ အလွန်တန်ဘိုးရှိသည့်
စွမ်းရည်များ၊ အလေ့အကျင့်ကောင်းများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။
ထို့ကြောင့်
မြန်မာနိုင်ငံတက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်းသားများ နိုင်ငံတကာအရည်အသွေးမီ
အဆင့်မြင့်ပညာကို လေ့လာသင်ယူခွင့်ရရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းများကို
ပြန်လည်သုံးသပ်မွမ်းမံခဲ့သကဲ့သို့ ဆရာ၊ ဆရာမ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ
တိုးမြှင့်ဖွင့်လှစ်လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း၊ သင်ကြားနည်းဗျူဟာများကို
တက္ကသိုလ်ပါမောက္ခများ၏ ကြီးကြပ်မှုနှင့် ထိရောက်စွာအသုံးချပြီး
သင်ကြားသင်ယူမှုကို မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ပညာတတ်နိုင်ငံသားများ
အများဆုံးရှိနေသည့်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု
အမြင့်ဆုံးနိုင်ငံကြီးများအဖြစ် ရပ်တည်နေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ကြမည်ဖြစ်ကြောင်း၊
“ပညာတတ်။ နိုင်ငံသားများဆိုသည်မှာ “အရည်အချင်း”ကို ဆိုလိုပြီး
"အများဆုံး" ရှိသည်ဆိုသည်မှာ “အရေအတွက်” ကိုဆိုလိုကြောင်း၊ ထို့ကြောင့်
မိမိတို့နိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များအရေအတွက် အများကြီးရှိသည့်
နိုင်ငံဖြစ်လာရန် လိုအပ်သည်မှာ ပေါ်လွင်ထင်ရှားနေကြောင်း၊ အရည်အသွေးအာမခံမှုရှိစေရန်
ရလဒ်အခြေပြုပညာရေးစနစ် (Outcome-based Education)ကို ပီပြင်စွာ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း။
ကျောင်းသားဗဟိုပြု
သင်ကြားသင်ယူမှုစနစ်ကို ကျင့်သုံးပြီး ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှု၊
ဆန်းသစ်တီထွင်ဖန်တီးမှု စွမ်းရည်များကို အားပေးသည့် သင့်တော်မည့် သင်ခန်းစာများ၊
လေ့ကျင့်ခန်းများ၊ သင်ကြားနည်းစနစ်များ၊ လုပ်ငန်းစဉ်များကို ရွေးချယ်အသုံးပြုပြီး
ကျောင်းသားများ၏ နိုးကြားတက်ကြွသည့် Active Learning ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးစေလိုကြောင်း။
ထိုသို့ဆောင်ရွက်သည့်နေရာတွင်
ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပါ သုတေသနပရောဂျက်အခြေပြု
သင်ကြားသင်ယူမှုစနစ်ကို ကျင့်သုံးကြသည့်အခါ ကျောင်းသား၊ ကျောင်းသူအုပ်စုတစ်ခုချင်းစီအလိုက်
သင့်တော်မည့် သုတေသနပရောဂျက်ခေါင်းစဉ်များကို ချမှတ်ပေးနိုင်ရန် ဆရာ၊
ဆရာမများကိုယ်တိုင်က စာကြည့်တိုက်မှဖြစ်စေ၊ အင်တာနက်မှဖြစ်စေ ကြိုတင်ရှာဖွေရန်လိုအပ်ကြောင်း၊
ကျောင်းသား၊ ကျောင်းသူများ ပရောဂျက်ပြုလုပ်ရာတွင်လည်း စာကြည့်တိုက်များ၊
အင်တာနက်များကို အသုံးပြုပြီး ရှာဖွေလေ့လာဖတ်ရှုမှသာ ပရောဂျက်ကို
အောင်အောင်မြင်မြင်ဖြင့် စုပေါင်းဆောင်ရွက်တတ်အောင် တက္ကသိုလ်များတွင်လည်း
စာကြည့်တိုက်ယဉ်ကျေးမှုကို ထူထောင်ကြရန်နှင့် နိုင်ငံအကျိုးပြုသုတေသနရလဒ်များ
ဖော်ထုတ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
အသိပညာ၊
အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်
ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်ရန် ယခုညီလာခံကို တက်ရောက်လာသည့်
ပညာရှင်များအားလုံးက “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို
ပိုမိုမြှင့်တင်ပေး” ဆိုသည့်ဦးတည်ချက်နှင့် ဖတ်ကြားဆွေးနွေးကြမည့်
ညီလာခံစာတမ်း(၃၆)စောင်အပေါ် အခြေပြုညှိနှိုင်းဆွေးနွေးအဖြေရှာကာ
ရေတိုရေရှည်လုပ်ငန်းအစီအမံများချမှတ်ပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ကြပါစေဟု
ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြည်သူ့ဆက်ဆံရေးနှင့်
စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီရုပ်မြင်သံကြားနှင့်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အနုပညာရှင်များက
“စာသင်ကျောင်းက ခေါင်းလောင်းသံ” တေးသီချင်း၊ “ဖူးပွင့်ဝေဆီအနာဂတ်ဆီ” တေးသီချင်းနှင့်
“ပညာနှင့်သစ္စာ” တေးဂီတကဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ
(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာညွန့်ဖေက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) အထိမ်းအမှတ်လက်ဆောင်ကို
ဂါရဝပြုပေးအပ်သည်။
၎င်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး
ညီလာခံ(၂၀၂၄) အထိမ်းအမှတ်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက်
စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဟူသည့် ဦးတည်ချက်နှင့်အညီ
ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးဆိုင်ရာအခြားဆက်စပ်ဝန်ကြီးဌာနများအတူ တကွပူးပေါင်း၍
ဇွန် ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။










No comments:
Post a Comment