နေပြည်တော် ဇွန် ၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေ ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး အသေးစားစက္ကူစက်ဖြင့် စက္ကူများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက စက္ကူများ ထုတ်လုပ်ရာတွင် ယခုထက် အရည်အသွေးကောင်းမွန်အောင်
ထုတ်လုပ်နိုင်ရေးအတွက် စက္ကူထုတ်လုပ်သည့် အသေးစားစက္ကူစက်တွင် တပ်ဆင်ထားသော စက်ပစ္စည်းအစိတ်အပိုင်းများကို
ချိန်ညှိခြင်း လုပ်ငန်းစဉ်များ အသေးစိတ်ဆောင်ရွက်ရန်၊ အသေးစားစက္ကူစက်ဖြင့် ထုတ်လုပ်ထားရှိသည့် စက္ကူများကို
လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် တီထွင်ကြံဆဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ
စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ၊ ဓာတ်ခွဲစမ်းသပ်ခြင်း
လုပ်ငန်းများကို ဦးစွာဆောင်ရွက်ရသဖြင့် ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စနစ်တကျ
မှတ်တမ်းထားရှိရန်၊ စက္ကူကုန် ချောများ အဆင့်မြင့်မားရေးအတွက် လိုအပ်သည့်
ကုန်ကြမ်းပစ္စည်းများကိုလည်း စမ်းသပ်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင်
ပြည်ထောင်စုဝန်ကြီးသည် မေ ၃၁ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ
မြို့ရှိ အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာဝတီ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့
ရောင်းချခြင်း၊ ငှားရမ်းခြင်း ဖက်စပ်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊
စက်ရုံရှိ ကြွေပြားထုတ်လုပ်မှုလိုင်းကို ပုဂ္ဂလိကသို့ ငှားရမ်းထားရှိသဖြင့် ပြည်ပသွင်းကုန်အစားထိုး
ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းဖြစ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
ထုတ်ကုန်အရည်အသွေးများ တိုးတက်ကောင်းမွန်စေရေးအတွက် ထုတ်လုပ်မှုလိုင်း
တစ်လျှောက်တွင် ဖြည့်ဆည်းရမည့်နေရာများ သတ်မှတ်၍ အစဉ်တစိုက် ကြပ်မတ်ဆောင်ရွက်ရန်၊
ရရှိသည့် အမြတ်အစွန်းအချို့ကို ဝန်ထမ်းများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ (CSR)တွင် ပြန်လည်အသုံးပြုသွားရန်၊
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကြပ်မတ်ဆောင်ရွက်သွား ရန်၊ ဝန်ထမ်းများ၏
စွမ်းဆောင်ရည်များ၊ ပညာရပ်များကို အပြည့်အဝ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ
လုပ်ငန်းခွင်ပျော်ရွှင်စေရေးနှင့် စက်ရုံသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်မှာကြားကာ
ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် လက်ပံတန်းမြို့ရှိ တင့်တင့်ကရေကရာမုန့်လုပ်ငန်းနှင့်
စားဖိုမှူးတံဆိပ် စားသောက်ကုန်လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားသုံးသူပြည်သူများ
ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ
ပိုမိုဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊
နိုင်ငံတော်အနေဖြင့် MSME
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အားပေးဆောင်ရွက်လျက်ရှိသဖြင့်
လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရေး
ကွင်းဆင်းစစ်ဆေးခြင်းဖြစ်၍ တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက
ပွင့်ပွင့်လင်းလင်းတင်ပြပေးရန် မှာကြားပြီး ကရေကရာ ထုတ်လုပ်သည့် လုပ်ငန်းစဉ်
အဆင့်ဆင့်နှင့် ငရုပ်ဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုသည်။
ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် မှော်ဘီမြို့ရှိ မြွေဆိပ်ဖြေဆေးဌာနသို့ ရောက်ရှိကာ
မြင်းများ မွေးမြူထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
မြွေဆိပ်ဖြေဆေးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောစက်ပစ္စည်းများကို
တပ်ဆင်ပြီးဖြစ်၍ ရောဂါဘယကင်းရှင်း၍ ကျန်းမာသန်စွမ်းသော မြင်းများဖြစ်အောင် စနစ်တကျ
မွေးမြူရန်၊ ဆေးဝါးသုံးမြင်းများတွင် ရာသီအလိုက်ဖြစ်ပေါ်တတ်သည့် ရောဂါများမဖြစ်စေရေး
အစဉ်အမြဲဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment