မကွေး ဇွန် ၂၅
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော
အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော မကွေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများအပါအဝင်
ပြည်တွင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်
နိုင်ငံတော်က လိုအပ်သည်များကို စိစစ်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
ပြည်တွင်းရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့်
လက်ရှိလုပ်ငန်းများ
ပိုမိုအခြေခိုင်မာစွာ လည်ပတ်နိုင်ပြီး ဒေသထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရေး
ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်းဖြင့်
တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့်
ဒေသထွက်ကုန်များ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင်
ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက “မကွေးတိုင်းဒေသကြီး၏
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ
စိုက်ပျိုးရေး၊ စက်မှု လက်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊
မွေးမြူရေးနှင့် ရေလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေးလုပ်ငန်းများ၏ အလားအလာကောင်းများကို အချက်အလက်များဖြင့် တင်ပြသည်။
ယင်းနောက်
မကွေးတိုင်းဒေသကြီးအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် ဆီထွက်သီးနှံနှင့်
ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရေးကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကို
အားပေးမြှင့်တင်နိုင်ရန် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ
ကျွမ်းကျင်သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏
မေးခွန်းများကို ပြန်လည်ဖြေကြားကြသည်။
အဆိုပါဆွေးနွေးပွဲကို
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပိုမိုသိရှိနိုင်စေရန်၊
ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် လုပ်ငန်းရှင်များ
တွေ့ကြုံနေရသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို
ပေါင်းစပ်ညှိနှိုင်းကူညီပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment