လွန်းပိုးအိမ်
လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့်အားလျော်စွာ လူငယ်များ၏ဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသကဲ့သို့ အမှောင်ထုချောက်ကမ်းပါးထဲဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင် ဖြစ်ပါသည်။
အသက်အရွယ်
ကန့်သတ်ချက်တို့ ကွဲပြားနေသော်ငြား အနာဂတ်ခြေလှမ်းတို့ကို ပိုင်ဆိုင်နေသူမှာ
လူငယ်များပင် ဖြစ်သည်။ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကမူ အသက်(၁၅)နှစ်မှ
(၃၅)နှစ်အထိကို လူငယ်ဟုဆိုသည်။ ပျိုမျစ်နုနယ်သော အရွယ်ရှိသူသည် လူငယ်ဖြစ်သည်။
လူငယ်ထုသည် ယနေ့လူငယ်ကဏ္ဍတွင် နိုင်ငံအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များ
ဖြစ်နေသည်။ လျစ်လျူရှု၍မရနိုင်သော ထိုစွမ်းအားစုကြီး၏ ဝန်းကျင်တွင် မူးယစ်ဆေးဝါးပြဿနာသည်
စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ထိုစိန်ခေါ်မှုကို လူငယ်တို့ ရင်ဆိုင်ဖြေရှင်းနိုင်ရေးသည်
လွန်စွာအရေးကြီးလှပေသည်။
လူငယ်များအနေဖြင့်
မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့်
မူးယစ်ဆေးဝါး၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို
မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိစေရုံသာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏
သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို
သဘောပေါက်စေရန် လိုအပ်ပါသည်။
မျိုးဆက်သစ်လူငယ်များကို
ပိုမိုပျိုးထောင်
ကမ္ဘာ့နိုင်ငံများကို
ပြန်ကြည့်လျှင် နိုင်ငံတိုင်းလိုလိုသည် မိမိ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး
ဖွံ့ဖြိုးသာယာစေရန်အတွက် Social
Capital ဟု ခေါ်သည့် လူမှုအရင်းအနှီးများ၊ Intellectual
Capital ဟုခေါ်သည့် ဉာဏအရင်းအနှီးများ အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံကြရာတွင်
မျိုးဆက်သစ်လူငယ်များကို ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့ရသည်။ မိမိတို့
နိုင်ငံတော်၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သာယာလှပအောင် လူငယ်များ၏ စွမ်းပကားကို
တိုးမြှင့်ကြရပေမည်။ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန်ဆိုလျှင်
နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ပေးရုံဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့အစည်းအသီးသီး၊
ပညာရပ်ဆိုင်ရာကျွမ်းကျင်သူအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပေမည်။
လူငယ်များကို
အသက်အန္တရာယ်ဆုံးရှုံးစေသည်အထိ အဓိကခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါးပင်ဖြစ်သည်။
လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊
ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့်
ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ်ပါသည်။ တရားမဝင်မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်းခြင်းအန္တရာယ်မှ
ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိနားလည်လာစေရန်
အသိပညာပေး ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် နောက်ဆက်တွဲဆိုးရွားလှသည့်
အန္တရာယ်များကို လူသားများ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်မှသာ
ရှောင်ရှားနိုင်ကြမည် ဖြစ်ပါသည်။
အဆင့်ဆင့်ပြောင်းလဲသုံးစွဲ
မူးယစ်ဆေးဝါးသည်
ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဆေးဝါးတစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးကို
အပင်များမှရရှိပြီး ဘယဆေးတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို
မူးယစ်ဆေးဝါးဟု ခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက်ပင်တို့သည် ထင်ရှားသည့်
မူးယစ်အနွယ်ဝင်အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ
မူးယစ်ဆေးနှင့် မူးယစ်စေတတ်သောအရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမက
လူတို့ကိုယ်တိုင် တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ်သာမက စွဲလမ်းစေသည့်
ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော
သေမင်းတမန်အဖြစ် အဆင့်ဆင့်ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါတွင် မူးယစ်ဆေးဝါးသည်
လူသားများအကြားတွင် စွဲလမ်းစေတတ်သော ကြောက်မက်ဖွယ်ရာတစ်ခုအဖြစ် တည်ရှိနေပြီ
ဖြစ်ပါသည်။
လူသည်
စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့
ခြင်းဖြစ်သည်။ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြုသလို ဆိုးကျိုးလည်း
ပြုနိုင်ပေသည်။ အထူးသဖြင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့်လူကို ချုပ်နှောင်ဖမ်းစားလျှင်
မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သောအရာဖြစ်သည်။ လူသားများအနေဖြင့် မူးယစ် ဆေးဝါးကို
သူငယ်ချင်းအပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်းရေးမပြေလည်ခြင်း၊
လူမှုရေးပြဿနာရှိနေခြင်းနှင့် မူးယစ်ဆေးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်း စသည်တို့ကြောင့်
သုံးစွဲမိသည်ဟုဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကို ရောက်ကြခြင်းဖြစ်ပါသည်။
မိမိကိုယ်တိုင်ဖျက်မှ ပျက်စီးခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှုဖြစ်ပါသည်။
လူသားများအကြားတွင်
မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းမြင့်တက်လာသည်နှင့်အမျှ စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်လာပြီး
ရာဇဝတ်မှုခင်းများ များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေပါသည်။
မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်
ယနေ့အချိန်တွင်
နိုင်ငံ၏မျိုးဆက်သစ် လူငယ်များကို လူညွန့်တုံးစေမည့်မူးယစ် ဆေးဝါးအန္တရာယ်ကို
တားဆီးကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်ကြီး
တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အလွန်ပင်အရေးကြီးပါသည်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို
ဖြည်းဖြည်းချင်းဝါးမျိုပြီး လူငယ်များကို အညွန့်ချိုးနေသည့် နိုင်ငံ၏
ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဖြည်းဖြည်းချင်း နင်းခြေပစ်နေသည့်
မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူနှင့်အတူ စုပေါင်းပြီး နှိမ်နင်းကြရန်လည်း
အထူးလိုအပ်ပါသည်။
မူးယစ်ဆေးဝါး
ပြဿနာသည် တစ်နိုင်ငံတည်းဆောင်ရွက်၍မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ်
တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို
တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန် အရေးကြီးပါသည်။
မူးယစ်ဆေးသည်
သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်းလန်းဆန်းခြင်း၊
စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့်ခံစားမှုများ ဖြစ်ပေါ်စေသဖြင့်
သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနှောက်ကို မူးယစ်ထုံထိုင်းစေပြီး
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးစလုံးကို စွဲလမ်းမှုဖြစ်စေသည်။
မသုံးရလျှင် မနေနိုင်ဖြစ်စေသည်။
ဥပဒေကို
ပြောင်းလဲပြဋ္ဌာန်း
ယနေ့
ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေရသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက “Problem of Drug and Drug Problem of People” ဟူ၍
ဆောင်ပုဒ်ထားရှိပြီး မူးယစ်ဆေးဝါးသည် လူသားတစ်မျိူးနွယ်လုံး ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်ဟု
ဖွင့်ဆိုခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန်
မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက်ထုတ်နေသည့် အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါးကို
တချို့သောနိုင်ငံများက ပြတ်ပြတ်သားသား တိုက်ထုတ်နေသလို အချို့နိုင်ငံများကလည်း
ကာကွယ်တုံ့ပြန်နည်းဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင်
မူးယစ်ဆေးဝါးသုံးစွဲသူများကို သေဒဏ်အထိ အပြစ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်းခဲ့သည့်
ဥပဒေနှစ်ခုရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ထုံထိုင်း လေးပင်စေနိုင်သော
ဆေးဝါးများဆိုင်ရာဥပဒေနှင့် ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေတို့ဖြစ်သည်။
ယခင်က မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည့် ဆေးအမျိုးအစား ပေါင်းများစွာရှိပြီး
ယခုအခါတွင် မူးယစ်ဆေးဝါးသာမက စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ဓာတုပစ္စည်းနှင့်
ပြုပြင်ထုတ်လုပ်ထားသည့် ဆေးဝါးများပါသည့်အတွက် ဥပဒေကို ပြောင်းလဲပြဋ္ဌာန်းရခြင်းဖြစ်သည်။
မူးယစ်ဆေးကို
အပိုင်းသုံးပိုင်းခွဲခြား
မူးယစ်ဆေးကို
အပိုင်းသုံးပိုင်းခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွ ဆေးပြားတို့ ဖြစ်သည်။
ယနေ့ကာလတွင် စိတ်ကြွဆေးပြားသည် လူသားများကြားထဲသို့ ပိုမိုပျံ့နှံ့ဝင်ရောက်လျက်ရှိပြီး
အထူးသဖြင့် ကျောင်းသားလူငယ်များ ကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင်လည်း
မူးယစ်ဆေးဝါးသုံးစွဲသည့် အသက်အရွယ်သည် ၉ နှစ်အရွယ်မှစတင်ကြောင်း ကောက်ယူရရှိသည့် စစ်တမ်းများအရ
သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဖြတ်သူများကို စာရင်းကောက်ယူသည့်အခါ အသက်
၂၀ မှ ၃၉ နှစ်ကြားတွင်ရှိကြောင်း သိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင်သုံးစွဲသည်ဆိုသည်ကို
ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။
ဘိန်း၊
ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း
စသည့် နည်းလမ်းများမှတစ်ဆင့်လည်း မူးယစ်ဆေးကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့်
မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ်များကြားတွင်သာမက
ငွေကြေးမပြည့်စုံသည့် လူငယ်များအကြားသို့ပါ ထိုးဖောက်ရောက်ရှိ လာနေပြီဖြစ်သည်။
ခေတ်၏ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများသည် လည်း နည်းလမ်းမျိုးစုံဖြင့်
ပြောင်းလဲလာ ကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ
စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊
လူအင်အားလည်းမလိုဘဲ ဓာတ်ခွဲခန်းတစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊
သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးများမှာ ဝိသမလောဘသားများ၏ သည်းခြေကြိုက်ဖြစ်လာခဲ့သည်။
အဆင့်ဆင့်ထိုးဖောက်ဝင်ရောက်
ဝိသမလောဘသားများအနေဖြင့်
မူးယစ်ဆေးဝါးဈေးကွက်အတွက် လူငယ်များကို အဓိကပစ်မှတ်ထားလာကြသည်ကို
တွေ့မြင်နေရပါသည်။ ကျောင်းများတွင်သော်လည်းကောင်း၊ ရပ်ကွက်အတွင်းတွင်သော်လည်းကောင်း၊
စိတ်ကြွရူးသွပ်ဆေးပြားများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျောင်းသား
ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ
ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
စိတ်ကြွရူးသွပ်ဆေးများသည်လည်း
ဈေးကွက်အတွင်းတွင် နာမည်အမျိုးမျိုးဖြင့် ထွက်ရှိလျက်ရှိသည်။ ယခင်က
စိတ်ကြွဆေးများကို နိုင်ငံခြားတိုင်းပြည် များတွင် နေ့မအား၊ ညမနားအလုပ်လုပ်ကြရသည့်
လုပ်သားများသောက်သုံးရန် ထုတ်လုပ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် လူသားများကြားတွင် အဆင့်ဆင့်
ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။
ဆေးအာနိသင်မှာ
ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲအလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့
ခံစားရခြင်း၊ ဉာဏ်ရွှင်ခြင်း စသည်တို့ ဖြစ်သည်။ သို့သော် သုံးစွဲသည့်ကာလကြာလာလျှင်မူ
ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊
မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နဲ့ခြင်း၊ ကိုယ်တွင်းကလီစာများပျက်စီးခြင်း
စသည့်ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မူးယစ်ဆေးဝါး
သုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင်တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ်မရှိခြင်း၊
သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါများ၊
အိပ်ရေးပျက်ပြီး အသိဉာဏ်ချို့ယွင်းလာခြင်းများ ဖြစ်တတ်ပါသည်။ နောက်ထပ်
ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံအားကျဆင်းလာသည့် HIV/AIDS စသော ရောဂါဝေဒနာများပါ
ခံစားလာရတတ်ပါသည်။
မူးယစ်ဆေးဝါးကို
အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံချောက်ချားမှုများဖြစ်လာပြီး
စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝိုင်းကိုလည်း
ထိခိုက်စေပါသည်။ တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ
အမျိုးသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊
တင်ပို့၊ တင်သွင်းကိုယ်တိုင်မလုပ်သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊
သေဒဏ်အထိ ကျခံနိုင်ရဖွယ်ရှိပါသည်။
ထို့ကြောင့်
မိမိနှင့်အတူ ဆိုင်ကယ်စီးလာသော သူငယ်ချင်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့လျှင် စစ်ဆေးသည့်
အခါတွင် ကိုယ်တိုင်မသုံးစွဲသော်လည်း မူးယစ်ဆေးသုံးစွဲနေသည်ဟု မသင်္ကာပါက မိမိပါ အဖမ်းခံရမည်ဖြစ်သောကြောင့်
အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန်လိုအပ်ပါသည်။
လူမှုရေးပြစ်ဒဏ်သို့
ပြောင်းလဲချမှတ်ရန် အဆိုပြု
မူးယစ်ဆေးဝါးသုံးစွဲပါက
ယခင်က ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့
ပြောင်းလဲချမှတ်ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့ပြင်
မူးယစ်ဆေးသုံးစွဲသူများကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို
စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုင်းအဝိုင်း၏ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း
များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကိုလည်း
မူးယစ်ဆေးဝါး၏ မကောင်းကျိုးများကို ပြောဆိုဆုံးမရုံသာမက ယနေ့ခေတ်လူငယ်များ ရင်ဆိုင်နေရသည့်
အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများနှင့် ခံစားမှုများကို လူကြီးမိဘများက
နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ်ဆေးကဲ့သို့သော မကောင်းသည့် ထွက်ပေါက်များ၊
ရှာဖွေမှုများ လျော့နည်းသွားမည်ဖြစ်သည်။
မူးယစ်ဆေးသုံးစွဲသူများအနေဖြင့်
မိမိတို့ကိုယ်တိုင် မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ်ပြီး
နောက်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကုသမှုများကို သာဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာ
ကုသမှုမပြုလုပ်သည့်အတွက် ယခင်အသိုက်အဝန်းနှင့် ပြန်လည်တွေ့ဆုံပါက
ပြန်လည်သုံးစွဲမိသည့်အဆင့်သို့ ရောက်ရှိသွားသည်ကို မကြာခဏတွေ့ရသည်။ ထို့ကြောင့်
မူးယစ်ဆေးဖြတ်ထားသည့်၊ မူးယစ်ဆေးဖြတ်လိုသည့်သူများကိုလည်း မိသားစုက ပစ်ပယ်မထားဘဲ
ဂရုတစိုက်ဖေးမလျှင် မူးယစ်ကင်းစင်ပြီး လှပသောလူမှုဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ
အသေအချာပင်ဖြစ်သည်။
၁၉၈၇ ခုနှစ်
ဒီဇင်ဘာလတွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို
“အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု
တိုက်ဖျက်ရေးနေ့”ဟု သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။
စုပေါင်းလက်တွဲ
တွန်းလှန်တိုက်ဖျက်
မူးယစ်ဆေးဝါး
ကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်၍ နိုင်ငံသားတိုင်း
ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့မှသာ လူသားများ၏ဘဝသစ်လွင်၍ နိုင်ငံကို
အလှဆင်နိုင်မည်ဖြစ်ပါသည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော
မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံသားတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲတွန်းလှန်တိုက်ဖျက်သင့်ပါသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးပြဿနာကို
ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက်
ဆောင်ရွက်ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေးအပိုင်းများတွင်လည်း ယခုထက်
ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို
တားဆီးကာကွယ်ရန် အစိုးရဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအချင်းချင်း
ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း အမျိုးသားရေး
ပြဿနာအဖြစ်ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့်
မူးယစ်ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးအတွက် ပြည်သူ့ကျန်းမာရေးအမြင်နှင့်
မျှတမှုရှိရန်ဥပဒေပြုရေး၊ တရားစီရင်ရေး၊ မီဒီယာနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ
အလေးအနက်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment