ပေါက်ပေါက်
ယခုနှစ် နွေရာသီကာလတွင် ပူပြင်းခြောက်သွေ့မှုကို တစ်နိုင်ငံလုံးသိသိသာသာ ခံစားကြရသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ချောက်မြို့အပါအဝင် အချို့သောမြို့များသည် ကမ္ဘာ့အပူပြင်းဆုံး မြို့ကြီးများစာရင်း၌ ရက်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ပြင်းထန်သောအပူဒဏ်ကြောင့် ဒေသအချို့တွင် လူသေဆုံးမှုများပင် ဖြစ်ပေါ်ခဲ့ရသည်။ ဒေသအနှံ့အပြားတွင် ရေရှားပါးမှု၊ ရေတွင်းရေကန် ခန်းခြောက်မှုများနှင့် ကြုံတွေ့ကြရသည်။ ဤဖြစ်စဉ်များက အများပြည်သူတို့အား သစ်ပင်များများ စိုက်ပျိုးသင့်ကြောင်းနှင့် သစ်ပင်ခုတ်လှဲထားသော နေရာများတွင် ကြီးမြန်သစ်ပင်များ အစားထိုးပြန်လည်စိုက်ပျိုးသင့်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ကို သိမြင်နိုင်ပါလိမ့်မည်။
မြန်မာနိုင်ငံသည်လည်း
အခြားကမ္ဘာ့နိုင်ငံများနည်းတူ သစ်တောပြုန်းတီးမှုကို အပြင်းအထန် ခံစားနေရသည့်
နိုင်ငံဖြစ် သည်။ စီးပွားဖြစ် တရားမဝင်သစ်ခုတ်မှု၊ သယံဇာတတူးဖော်မှု၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု၊
ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းအတွက် ထင်းလောင်စာလိုအပ်မှု၊ အိမ်ရာဆောက်လုပ်ရန်လိုအပ်မှု၊
လမ်းများဖောက်လုပ်မှု၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသဖြင့် ခုတ်ထွင်ရှင်းလင်းမှုတို့ကြောင့်
သစ်ပင်၊ သစ်တောများ နေ့စဉ်နှင့်အမျှ ပြုန်းတီးနေရသည်။
သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ မြန်မာနိုင်ငံ၏
သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉
ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ်
ပျမ်းမျှ သစ်တောပြုန်းတီးမှုသည် နိုင်ငံဧရိယာ၏ သုည ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး
နှစ်စဉ် ပျမ်းမျှဧက ခုနစ်သိန်းကျော် ပြုန်းတီးနေကြောင်း သိရသည်။ ထို့ကြောင့်
ယနေ့ကာလတွင် နိုင်ငံအနှံ့ သစ်ပင်စိုက်ပျိုးခြင်းကို ဂရုတစိုက်မလုပ်ဆောင်နိုင်ပါက
ရေရှည်တွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ၏ ရိုက်ခတ်မှုကို မလွဲမသွေရင်ဆိုင်ကြရမည်သာ
ဖြစ်သည်။
မိုဦးကျတော့မည်
သစ်ပင်စိုက်ကြမည်
နှစ်စဉ်
မေလကုန် ဇွန်လဆန်းတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ မုတ်သုံလေ စတင်ဝင်ရောက်လေ့ရှိသည်။
မုတ်သုံလေနှင့်အတူ မိုးလည်းပါလာသည်။ ထို့ကြောင့် မိုးဦးကာလတွင် နိုင်ငံသူ
နိုင်ငံသားအားလုံး မပျက်မကွက် ပြုလုပ်သင့်သော အမျိုးသားရေးတာဝန် တစ်ရပ်ရှိပါသည်။
၎င်းမှာ သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင်စိုက်ပျိုးခြင်းပင် ဖြစ်သည်။ ယခုနှစ်
၂၀၂၄ ခုနှစ် မိုးရာသီတွင်လည်း သစ်ပင်ပေါင်း ၂၂ သန်းကျော် စိုက်ပျိုးရန် သက်ဆိုင်ရာကလျာထား
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည်
သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော မိုးတွင်းကာလ ဇွန်၊ ဇူလိုင်လများ၌ နှစ်စဉ်
သစ်ပင် သိန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။ သို့ရာတွင် စိုက်ပျိုးခဲ့သော အပင်များ
ဆက်လက်ရှင်သန်ရေး၊ ထိန်းသိမ်းရေး၊ လုပ်ငန်းများအပေါ် အာရုံစိုက်မှု အားနည်းခြင်း၊ စိုက်ပျိုးစဉ်ကပင်
နည်းစနစ်မှန်ကန်စွာ မစိုက်ခဲ့ခြင်းနှင့် ရန်သူမျိုးငါးပါးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့်
အပင်အရေအတွက် အများစုမှာ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြရသည်။
စိုက်သမျှသစ်ပင်များအားလုံး
ရှင်သန် စေရန်အတွက်ကလည်း ဒေသနှင့် ကိုက်ညီသော အပင်များကို ရွေးချယ်တတ်ဖို့လိုပါသည်။
ထို့ကြောင့် ဒေသနှင့်ကိုက်ညီသော အပွင့်လည်းရသည့် ကြီးမြန်သစ်ပင်များကို အောက်ပါအတိုင်း
ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
ပျဉ်းမပင်၊
ပိတောက်ပင်နှင့် ကံ့ကော်ပင်တို့ကို အလွန်အေးသော ဒေသများမှအပ မြန်မာနိုင်ငံ
အနှံ့အပြား စိုက်ပျိုးသင့်သည်။
ငုဝါပင်၊
မဲဇလီပင်၊ တမာပင်၊ မန်ကျည်းပင်နှင့် ထနောင်းပင်တို့က အပူပိုင်းဒေသနှင့် အထူးသင့်လျော်သည်။
အထူးသဖြင့်
ကျွန်းပင်နှင့် စိန်တလုံး သရက်ပင်တို့သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ထွန်းအောင်
မြင်လျက်ရှိရာ ၎င်းအပင်တို့ကို ဦးစားပေးသင့်သည်။
စိုက်ပျိုးသစ်ပင်
အောင်မြင်လိုလျှင်
မိုးဖြိုင်ဖြိုင်ကျသည်နှင့်
သစ်ပင်စတင် စိုက်ပျိုးသင့်ပါသည်။ ဇွန်လဆန်းတွင် စိုက်ပျိုးထားသည့် အပင်များအနက် ၇၅
ရာခိုင်နှုန်းခန့်သည် ရှင်သန်ဖြစ်ထွန်းလေ့ရှိသည်။ ပျိုးပင်များကို သစ်ပင်စိုက်ပျိုးမည့်
နေရာရောက်မှသာ ပျိုးပေါင်မှ နုတ်ယူသင့်သည်။ ပျိုးပင်များကို နေအေးသည့်အချိန်နှင့်
နံနက်စောစော အချိန်များတွင်သာ နုတ်ယူသင့်ပါသည်။ တစ်ရက်ကြိုတင်၍ နုတ်ထားမည်ဆိုလျှင်
ရှင်သန်ရန် အခွင့်အလမ်း လွန်စွာနည်းပါး သည်။ ပျိုးအိတ်ဖြင့် ပျိုးထောင်သော
အပင်များကိုမူ ညနေပိုင်းလောက်ကတည်းက စိုက်ပျိုးမည့်ကျင်းများ ဘေးတွင် ကြိုတင်ချထားနိုင်ပါသည်။
အရေးကြီးဆုံးအချက်သည် ပျိုးပင်များ သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။
ပျိုးပင်များကို ကြမ်းကြမ်းတမ်းတမ်းကိုင်ခြင်း၊ ကားပေါ်သို့ဖြစ်သလို ပစ်တင်ခြင်း၊
ကားပေါ်မှ ဖြစ်သလိုပစ်ချခြင်း လုပ်မည်ဆိုလျှင် ပျိုးပင်များနာသွားကာ
စိုက်ပျိုးရေးအောင်မြင်နှုန်း ကျသွားမည်။
အထူးသဖြင့်
သစ်ပင်များကို စတင်စိုက်ပျိုးကတည်းက ပျိုးအိတ်များကို ဓားနှင့်စနစ်တကျခွဲပြီး မြေကျင်းထဲထည့်ကာ
မြေကိုသိပ်အောင်ဖို့ပြီး စိုက်ပျိုးရမည်။ မြေကျင်းကိုလည်း စနစ်တကျ
ဖို့ရန်လိုအပ်သည်။ အထူးသဖြင့် ကျင်းထဲတွင် ရေများဝပ်နေပါက ခပ်ထုတ်ပစ်ရန်
လိုအပ်သည်။ ပျိုးပင်များကို ရေဗွက်ထဲ၌ပင် ဖြစ်သလိုစိုက်ထားခဲ့မည်ဆိုလျှင်
ထိုအပင်မျိုးသည် ရှင်သန်ဖြစ်ထွန်းရန် အခွင့်အလမ်းနည်းပါးသည်။
သစ်တောသစ်ပင်မှရနိုင်သည့်
အကျိုးကျေးဇူးအမျိုးမျိုး
ဤကမ္ဘာမြေပေါ်တွင်
သစ်ပင်မရှိလျှင် သက်ရှိအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။ သစ်ပင်များသည် လူသားတို့ကို
ဘေးအန္တရာယ်ဖြစ်စေနိုင်သော လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်၊ အနံ့အသက်ဆိုးများ၊
အဆိပ်အတောက်ဓာတ်ငွေ့များ၊ အမှုန် အမွှားများကိုစုပ်ယူပြီး အောက်ဆီဂျင်
ထုတ်လွှတ်ပေးသည်။ ထို့ပြင် ပင်စည်နှင့် အမြစ်များသည် မိုးရေကို စုပ်ယူထားသဖြင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကိုလည်း
ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် မိုးရေများကို မြစ်ချောင်းအတွင်းသို့
တိုက်ရိုက်စီးဆင်းစေခြင်းမရှိဘဲ ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ ထို့ကြောင့်
သစ်ပင်သစ်တောပေါများသော ဒေသရှိ ပြည်သူများသည် မျှတသည့် ရာသီဥတု ကိုသာ
ကြုံတွေ့ခံစားကြရသည်။
ထိုမျှမက
သစ်ပင်သစ်တောများသည် ရာသီဥတုပြောင်းလဲမှုကို အန်တုနိုင်သကဲ့သို့
လေထုညစ်ညမ်းမှုကိုလည်း သန့်စင်ပေးနိုင်ပါသည်။ တစ်ဧကခန့်အကျယ်အဝန်းရှိ အပင်များသည် လူ
၁၈ ဦးအတွက် လုံလောက်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ စိမ်းစိုသော
သစ်ပင်သစ်တောများသည် လူအများ၏ စိတ်နှလုံးကို အေးချမ်းစေသကဲ့သို့ မြေလွှာတိုက်စားခံရခြင်းမှ
ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းသည် လတ်တလော
အကျိုးကျေးဇူးများအပြင် အနာဂတ်မျိုးဆက်သစ်များ အတွက်ကိုလည်း များစွာသော အကျိုးတရားများကို
ရရှိစေပါသည်။
သစ်ပင်များမှ
လက်တွေ့ရရှိသော အကျိုးကျေးဇူးမြောက်မြားစွာရှိပါသည်။ ၎င်းတို့မှာ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကိုကာကွယ်နိုင်ခြင်း၊
လေထုကို သန့်စင်ပေးနိုင်ခြင်း၊ အောက်ဆီဂျင် ထုတ်လွှတ်ပေးခြင်း၊ စွမ်းအင်ထိန်းသိမ်းနိုင်ခြင်း၊
ပတ်ဝန်းကျင်ကို အေးမြစေခြင်း၊ ရေထုညစ်ညမ်းမှုကို ကာကွယ်ခြင်း၊ ရေအရင်းအမြစ်ကို ထိန်းထားနိုင်ခြင်း၊
မြေဆီလွှာ တိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊ စီးပွားရေး အခွင့်အလမ်းများစွာကို
ဖန်တီးပေးနိုင်ခြင်း၊ စားရေရိက္ခာ ဖန်တီးပေးခြင်း၊ ဆူညံသံများကို လျှော့ချပေးနိုင်ခြင်း၊
ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ လောင်စာနှင့် အသုံးအဆောင်ပစ္စည်းများ
ပြုလုပ်နိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။ ထို့ကြောင့် သစ်ပင်၊ သစ်တောများ၏
အကျိုးကျေးဇူးမှာ အံ့ချီးဖွယ်မကုန် အောင်ပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးမှတစ်ပါး အခြားမရှိ
သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးအတွက် အရေးပါသော အချက်အလက်တွင် မိမိတို့ပတ်ဝန်းကျင်၌ သစ်တောသစ်ပင်များများ
ဖန်တီးပေးခြင်းလည်း တစ်ခုအပါဝင် ဖြစ်သည်။
အမေရိကန်
သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးပညာရှင် ဘီမက်ဂစ်စဗင်က “ရာသီဥတု ပြောင်းလဲခြင်းကို
နှစ်ပေါင်းထောင်ချီကြာမှ ဖြစ်လိမ့်မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ တကယ်တော့
ခင်ဗျားတို့၊ ကျွန်တော်တို့ သက်ရှိထင်ရှားရှိနေစဉ်မှာပဲ ရာသီဥတုက
ပြောင်းလဲပျက်စီးနေတာ”ဟု ဆိုပါသည်။
မိမိတို့နေထိုင်ရာ
လူ့အဖွဲ့အစည်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အထူးပင်
အလေးထားဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၊ သစ်တောသစ်ပင်
ပြုန်းတီးခြင်း၊ မြေဆီ လွှာအရည်အသွေးများ နိမ့်ကျလာခြင်း၊ လေထုညစ်ညမ်းမှု မြင့်တက်လာခြင်း၊
အက်စစ်မိုးများ ရွာသွန်းခြင်း၊ ဇီဝမျိုးစုံပျက်စီးပျောက်ကွယ်လုနီးပါးဖြစ်ခြင်း၊
စည်းကမ်းမဲ့အမှိုက်သရိုက်များ စွန့်ပစ်ခြင်းကြောင့် ရေနေ၊ ကုန်းနေ သတ္တဝါများ
အသက်အန္တရာယ်ဖြစ်ခြင်းများမှာ ကမ္ဘာပေါ်ရှိ သက်ရှိလူသားအားလုံး၏ ရေရှည်ရှင်သန်တည်တံ့ခိုင်မြဲရေးကို
ထိပါးလာနေကြသည်။
ထို့ကြောင့်
တစ်ဦးတစ်ယောက်မှ သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် အမှိုက်များ
စနစ်တကျခွဲ၍ စွန့်ပစ်ခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး၏ အခြေခံနည်းဥပဒေသ ဖြစ်သည့် Reduce၊ Reuse၊ Recycle
(R) သုံးလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်စေနိုင်သည့်ပစ္စည်းများ လျှော့ချအသုံးပြုခြင်း၊ ယင်းပစ္စည်းများကို
စွန့်ပစ်ခြင်းနှင့် အသုံးပြု၍ရသည့်ပစ္စည်းကို ပြန်လည်အသုံးပြုရန် လိုအပ်သည်။
မျက်မှောက်ကာလတွင်
ကမ္ဘာ့လူဦးရေတိုးတက်လာသည်နှင့်အမျှ သဘာဝသယံဇာတအရင်းအမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲမှု၊
စွန့်ပစ်ပစ္စည်းများ စနစ်တကျမစွန့်ပစ်မှု၊ ရုပ်ကြွင်းလောင်စာကို ပိုမိုအသုံးပြုလာမှု၊
စက်ရုံအလုပ်ရုံများနှင့် ယာဉ်အန္တရာယ်များမှ အခိုးအငွေ့များ၊ စွန့်ထုတ်မှုတို့
ကြောင့် ကမ္ဘာ့ရေထု၊ မြေထုနှင့် လေထုများအားလုံးညစ်ညမ်းလျက်ရှိသည်။
နေရာအနှံ့အပြားတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတု
ပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မိုးခေါင် ခြင်းနှင့် မုန်တိုင်းများကဲ့သို့ ပြင်းထန်သောရာသီဥတုဖြစ်စဉ်များကို
ကြုံတွေ့နေကြရသည်။
သဘာဝဘေးအန္တရာယ်များသည်
ကမ္ဘာတစ်ဝန်းရှိ လူသားတို့၏ ကျန်းမာရေး၊ စားရေရိက္ခာ၊ စွမ်းအင်၊ ရေအရင်းအမြစ်
လုံခြုံမှုနှင့် အခြေခံအဆောက်အအုံများကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့သည်။
ယင်းဖြစ်ရပ်တို့က လူသားများအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချရေးကို
အလေးထားလုပ်ဆောင်ရန် လိုအပ်နေသောကြောင့် ဖော်ညွှန်းမှုဖြစ်သည်။ သို့ရာတွင် အဆိုပါ
ရလဒ်များအား လုံးသည် သူ့အလိုလိုဖြစ်လာခြင်း မဟုတ်ပေ။ လူသားများ၏ မတော်လောဘနှင့် လွန်ကဲသည့်အတ္တများကြောင့်ဖြစ်သည်။
၎င်းတို့၏ ဉာဏ်အမြော်အမြင် ခေါင်းပါးမှု၊ မိုက်မဲမှု၊ မိမိနိုင်ငံ၏ တောတောင်ရေမြေကို
အနာတရဖြစ်အောင် လုပ်ဆောင်နေမှုတို့ကြောင့် ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကို
ယခုထက် ပိုမိုမဆိုးရွားလာစေရေးအတွက် ခုခံကာကွယ်ရန်မှာ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးမှတစ်ပါး အခြားမရှိပေ။ ကုလသမဂ္ဂအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ အရင်းအမြစ်ဖြစ်သော
ကမ္ဘာကြီးပူနွေးလာမှု လျှော့ချနိုင်ရေးကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသော်လည်း
ဖွံ့ဖြိုးပြီးနိုင်ငံအချို့၏ စီးပွားရေးလောဘကြောင့် အောင်မြင်မှုရရှိရန် အလှမ်းဝေးနေဆဲဖြစ်သည်။
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့အနေဖြင့် မိမိတို့နိုင်ငံ စီးပွားတိုးတက်ရေးကို
ဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဆက်လက်ပျက်ကွက်နေပါက ယခုထက် ပိုမိုပြင်းထန်သော
သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရမည်ဖြစ်သည်။ ကမ္ဘာမြေတည်တံ့ရှင်သန်ရေးကို
အလေးဂရုမပြုကြပါက နောင်တစ်ချိန်တွင် အလုံးစုံပျက်စီးခြင်းနှင့် မလွဲမသွေ
ရင်ဆိုင်ရမည်သာ ဖြစ်သည်။
အနီးစပ်ဆုံးသာဓကကို
ပြရလျှင် ပြန်လည်အသုံးပြုသော သတင်းစာတစ်တန်သည် သစ်ပင် ၁၇ ပင် ဆုံးရှုံးမှုကို
ကာကွယ်နိုင်သဖြင့် သတင်းစာဟောင်းများနှင့် မဂ္ဂဇင်းဟောင်းများသည်လည်း
ပြန်လည်အသုံးပြုရန် အသင့်တော်ဆုံးပစ္စည်းများ ဖြစ်ပါသည်။
အချုပ်ဆိုရလျှင်
ကမ္ဘာမြေပေါ်ရှိ လူများ၊ သတ္တဝါများနှင့် အပင်များအားလုံးသည် တစ်ခုနှင့်တစ်ခု ကျွန်းကိုင်းမှီ၊
ကိုင်းကျွန်းမှီဆိုသကဲ့သို့ အပြန်အလှန်အမှီသဟဲ ပြုနေကြသည်ဖြစ်ရာ လူဦးရေ သန်းပေါင်း
၈၀၀၀ နီးပါးအပါအဝင် သက်ရှိသတ္တဝါအားလုံး ရေရှည်ရပ်တည်နိုင်ရန်မှာ သစ်တောသစ်ပင်
ဇီဝမျိုးစုံ မျိုးကွဲများကလည်း အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ သစ်ပင်တစ်ပင်ခုတ်လှဲရန်
မိနစ်ပိုင်းမျှပင် မကြာမြင့်သော်လည်း အရွယ်ရောက်သည့် သစ်ပင်တစ်ပင် ဖြစ်လာရန်မှာ
နှစ်ပေါင်း များစွာ စောင့် ဆိုင်းကြရသည်။ သို့ဖြစ်၍ သစ်ပင်တစ်ပင် ခုတ်လှဲရန်အတွက်
အလွယ်တကူ မဆုံးဖြတ်သင့်သကဲ့သို့ ခုတ်လှဲပြီး သစ်ပင်များနေရာတွင်မည်သို့
အစားထိုးစိုက်ပျိုးမည်ဆိုသည့် အချက် ကိုပါ ထည့်သွင်းစဉ်းစားသင့်ပေသည်။
အပူဒဏ်ကို
ပြင်းစွာခံစားနေရသည့် အညာဒေသဖြစ်သော မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့အနီးတွင်
လာမည့်နှစ်နှစ်ခန့်တွင် လူလုပ်တောအုပ်ငယ်တစ်ခု ပေါ်ပေါက်လာဖွယ်ရှိကြောင်း၊ အဆိုပါ
သစ်တောငယ်တွင် ရေကန်လည်း ပါမည်ဖြစ်ပြီး သစ်ပင်အပင်ရေ ၁၀၀၀၀ ခန့် ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ကာ
မူလရှိပြီး သစ်ပင်များကိုလည်း မခုတ်ကြောင်း၊ စိုက်ပျိုးသွားမည့် အရိပ်ရအပင်များမှာ
ကုက္ကိုပင်၊ တမာပင်၊ ဖျောက်ဆိပ်ပင်နှင့် ညောင်ခြေထောက်ပင်များဖြစ်ကြောင်း
သိရသည့်အတွက် လွန်စွာပီတိဖြစ်ရပါသည်။ ထို့ပြင် ပြင်ဦးလွင်တွင်လည်း လာမည့်မိုးရာသီ၌
မျိုးစေ့နှစ်သိန်းစိုက်ပျိုးရန် စီစဉ်ထားကြောင်းသိရ၍ အားရမိပါသည်။
လူတိုင်း
တစ်နှစ်တွင် သစ်ပင်တစ်ပင်ကို ရှင်သန်အောင်စိုက်လျှင် ကမ္ဘာကြီးမှာ သစ်ပင်နှစ်စဉ်
သန်း ၈ ထောင် (၈ ဘီလီယံ) ဖြစ်လာနိုင်ကြောင်း ပညာရှင်များက တွက်ချက်ထားသည်။ သို့ပါ၍
ကမ္ဘာကြီး အတွက်ရည်စူးကာ ကောင်းမှုတစ်ခုပြုလုပ်ပါ။ ၎င်းသည် သစ်ပင်စိုက်ခြင်း
ဖြစ်ပါသည်။ သစ်ပင်ကိုစိုက်မှ အနာဂတ်တွင် အပူဒဏ်ကို တိုက်ထုတ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင်
စိုက်ပျိုးပြီးအပင်များကိုလည်း “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း”
ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်သင့်ကြောင်းနှင့် သစ်တောသစ်ပင် ပြုန်းတီးမှုများ
မရှိစေရေးအတွက်ကိုလည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်
သွားကြစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။

No comments:
Post a Comment