သယံဇာတ - ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့၌ ကုလသမဂ္ဂမှ ကြီးမှူး၍ ပထမဆုံးအကြိမ် လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံ ကျင်းပခဲ့သည့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစူးစိုက်ဖြေရှင်းဆောင်ရွက်လာကြစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ပုဒ်များကို နှစ်စဉ်သတ်မှတ်ခဲ့ပါသည်။
၂၀၂၄
ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ
“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”
ဖြစ်ပြီး အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံမှ ဦးဆောင်၍
ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်သည်
သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း ကျင်းပခဲ့သည့် နှစ် ၃၀
ပြည့်နှစ်လည်းဖြစ်ပါသည်။
ပြည်သူလူထုတစ်ရပ်လုံး၏
စားရေရိက္ခာဖူလုံမှု၊ ရေအရင်းအမြစ် ပေါကြွယ်ဝမှု၊
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ မြို့ပြနှင့် လူမှုပတ်ဝန်းကျင်အေးချမ်းသာယာမှု၊
စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်
ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမှုတို့အတွက် မြေသယံဇာတများမှာ
အဖိုးထိုက်တန်လှပါသည်။
မြေသယံဇာတအရင်းအမြစ်များသည်
လူသားများ၏ အကျိုးစီးပွားကို အထောက်အကူပေးသည့် မြေဆီလွှာ၊ သန့်ရှင်းသောရေနှင့်
ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် အခြားဂေဟစနစ်ဝန်ဆောင်မှုများ၊ မြေပေါ်ရှိ
သစ်တောသစ်ပင်များနှင့် မြေအောက်ရှိ သတ္တုတွင်းထွက်ပစ္စည်းနှင့် စွမ်းအင်များ၊ စားရေရိက္ခာ၊
အမြင်ပသာဒများနှင့် ယဉ်ကျေးမှုများကို ထောက်ပံ့ပေးလျက် ရှိပါသည်။
ယနေ့ကမ္ဘာပေါ်တွင်
ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဖြစ်စဉ်များကြောင့်လည်း
နေရာအနှံ့အပြား၌ ရေလွှမ်း မိုးမှု၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှု၊
အပူချိန်လွန်ကဲမှု အစရှိသော ပြင်းထန်လှသည့် သဘာဝဘေးအန္တရာယ်များကို
နှစ်စဉ်ခံစားလာနေရပြီး လူမှုစီးပွားပျက်စီးဆုံးရှုံးမှုမှာ ပိုမိုများပြားလာကာ
လူသားများကို အကျိုးပြုနေသော မြေယာ၏ ဂေဟစနစ်ဝန်ဆောင်မှုများအပေါ်
သက်ရောက်မှုရှိနေကြောင်း လေ့လာတွေ့ရှိရပါသည်။
သဲကန္တာရဖြစ်ထွန်းမှုပြဿနာ
သဲကန္တာရဖြစ်ထွန်းမှုသည်
ယနေ့ကမ္ဘာတွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိကကျသည့် ပတ်ဝန်းကျင်ဆိုင်ရာ
ပြဿနာတစ်ရပ်ဖြစ်လာပါသည်။ သစ်ထုတ်လုပ်ရေးနှင့် အိမ်သုံးထင်းများ အလွန်အကျွံ
ထုတ်ယူသုံးစွဲခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်
မမှန်ကန်ခြင်း၊ ရေရှည်တည်တံ့မှုမရှိသော သတ္တုတူးဖော်ခြင်း၊
ဆည်တာတမံများတည်ဆောက်ခြင်း၊ စားကျက်မြေအဖြစ် အလွန်အကျွံအသုံးပြုခြင်း၊ မြို့ရွာများ
တိုးချဲ့တည်ဆောက်ခြင်း စသည့် လုပ်ဆောင်ချက်များကြောင့် သစ်တောများပြုန်းတီးခြင်း၊
မြေဆီလွှာ ပျက်စီးခြင်းများဖြစ်ပေါ်ပြီး မူလဂေဟစနစ်ပျက်စီးကာ တဖြည်းဖြည်း
သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ပါသည်။ မြေဆီလွှာပျက်စီးခြင်း၊ မိုးခေါင်ပြီး
ပူပြင်းခြောက်သွေ့ခြင်းနှင့် ရေအရင်းအမြစ်ဆုံးရှုံးခြင်းကြောင့်
စားရေရိက္ခာထုတ်လုပ်နိုင်မှု လျော့နည်းလာနိုင်သဖြင့် အဆိုပါဒေသနေပြည်သူများမှာ
လူမှုစီးပွားဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ကြရပေသည်။
သဲကန္တာရဖြစ်ထွန်းလာမှုကို
သိရှိစေနိုင်သော အထူးသတိထားသင့်သည့် ဝိသေသလက္ခဏာများကို
ကုလသမဂ္ဂသဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးညီလာခံ (United Nations Convention to Combat Desertification) မှ အောက်ဖော်ပြပါအတိုင်း သတ်မှတ်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်-
(က) မိုးရွာသွန်းမှုပုံစံ မမှန်ကန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေ
နည်းပါးခြင်း၊ နွေရာသီကာလများတွင် မကြာခဏ မိုးခေါင်ရေရှားခြင်း၊
(ခ) အပူချိန်မြင့်မားမှုဒဏ် ကြာရှည်စွာ ခံစားရခြင်း၊
(ဂ) မြေမျက်နှာသွင်ပြင်မှ ရေငွေ့ပျံမှုနှုန်းမြင့်မားခြင်း၊
(ဃ) အပူချိန်အတက်အကျ
လွန်ကဲခြင်း၊
(င) စိုထိုင်းဆနိမ့်ခြင်း၊
(စ) နေရောင်ဖြာထွက်မှု မြင့်မားခြင်း၊ တိမ်ကင်းစင်မှု မကြာခဏ ကြုံတွေ့ခြင်း၊
(ဆ) သတ္တုဓာတ်ပါဝင်မှုများပြားသော်လည်း သဘာဝမြေဩဇာ
ပါဝင်မှုနှုန်းနည်းခြင်း၊
(ဇ) လေ၊ ရေ တိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာ တိုက်စားမှု လွန်ကဲခြင်း၊၊
မြေအတန်းအစားကျဆင်းခြင်း၊ မိုးခေါင်ခြင်းနှင့် သဲကန္တာရဖြစ်ထွန်းခြင်းတို့ကို
ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးကိုလည်း
အလေးထားဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ
မြေယာပြန်လည်ထိန်းသိမ်းခြင်းသည် အချည်းနှီးသာဖြစ်ပေသည်။ ထို့ကြောင့်
ကမ္ဘာ့နေရာအနှံ့အပြားရှိ နိုင်ငံများသည် မြေယာပြန်လည်ထိန်းသိမ်းရေးကို လုပ်ဆောင်နေသကဲ့သို့
ရာသီဥတုအခြေအနေများကိုလည်း အမြဲမပြတ်စောင့်ကြည့်လေ့လာ ရမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုလျော့နည်းစေသည့်
နည်းလမ်းများကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အဓိကမဏ္ဍိုင်တစ်ခု
မြေယာပြန်လည်ထိန်းသိမ်းရေးသည်
ဂေဟစနစ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ၏
အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဂေဟစနစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန်
တောင်းဆိုမှုတစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ
ပြည့်မီစေရန်အတွက်လည်း အရေးကြီးသော အရာတစ်ခုဖြစ်လာပါသည်။
မြန်မာနိုင်ငံတွင်
ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးအတွက် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊
မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀) နှင့်
မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)၊
မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်
လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions
–NDCs) အစီရင်ခံစာတို့ကို အတည်ပြုထုတ်ပြန်ခဲ့ ပြီးဖြစ်ပါသည်။
NDCs အစီရင်ခံစာတွင် စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောနှင့် အခြားမြေအသုံးချမှုကဏ္ဍနှင့်
ပူးတွဲအကျိုးပြုကဏ္ဍများအဖြစ် စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးရေးကဏ္ဍ၊
ကျေးလက်မီးလင်းရေးကဏ္ဍနှင့် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ
အသုံးချရေးကဏ္ဍတို့တွင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ရည်မှန်းချက်များထားရှိ၍
နိုင်ငံ၏ ဖွံ့ဖြိုးမှုအခြေအနေအပေါ် အခြေခံပြီး NDCs ၏
အစိတ်အပိုင်းတစ်ခုအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်၏ ရန်ပုံငွေနှင့်
ဆောင်ရွက်မည့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မှုပမာဏမှာ ကာဗွန်ဒိုင်အောက်ဆိုက်
တန် (၂၄၄ ဒသမ ၅၂)သန်းဖြစ်ပြီး နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာအထောက်အပံ့ရရှိပါက
ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မှုမှာ ကာဗွန်ဒိုင်အောက်ဆိုက်တန် (၄၁၄ ဒသမ ၇၅)
သန်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်
သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် ကဲ့သို့သော ဆောင်ရွက်မှုအနေဖြင့်
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာနအောက်ရှိ အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများရှိ ခရိုင်
၁၃ ခုတွင် အဓိကလုပ်ငန်းကြီး လေးခုဖြစ်သည့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ
ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာအသုံးချရေး
လုပ်ငန်းများတိုးချဲ့ခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို
ဆောင်ရွက်လျက်ရှိပါသည်။
မြေအတန်းအစားကျဆင်းခြင်းသည်
ကုန်းတွင်းပိုင်းနေရင်းဒေသများ ပျက်စီးဆုံးရှုံးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ
ဆုံးရှုံးခြင်း၊ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်ခြင်း၊
ဒေသခံပြည်သူများ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် အကန့်အသတ်ရှိသော
သဘာဝအရင်းအမြစ်များအပေါ် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခြင်းများကို
လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ မြေယာပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။
မြေယာပြန်လည်ထိန်းသိမ်းခြင်းသည်
ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ဖြေရှင်းချက်ဖြစ်ပြီး
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၁၅ အောင်မြင်စေရန်
ဂေဟစနစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သကဲ့သို့လည်း ဖြစ်ပါသည်။
မြေယာစီမံခန့်ခွဲမှုနှင့်
မြေယာပြန်လည်ထိန်းသိမ်းခြင်း ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများမှာ
လူဦးရေတိုးပွားလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာမှု၊
မြေအသုံးချမှုပြောင်းလဲမှု၊ လူအများရွှေ့ပြောင်းနေထိုင်မှု၊ စွမ်းအင်၊
စားရေရိက္ခာနှင့် ရေအရင်းအမြစ်များ ရှားပါးလာမှုတို့ ဖြစ်ပါသည်။
အဆိုပါကိစ္စရပ်များကြောင့် လူသားတို့၏ စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုပျက်စီးလွယ်ပြီး
မြေအတန်းအစားကျဆင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုများသည် ကြီးမားသော
မတည်မငြိမ်မှုကို ဖြစ်ပေါ်စေသောအကြောင်း ရင်းများအဖြစ် အသိအမှတ်ပြုလာကြပါသည်။
ထို့ကြောင့်
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့်
လိုက်လျောညီထွေဖြစ်စေရေး၊ ၂၀၃၀ ကုလသမဂ္ဂအစီအစဉ်၏ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံ၏
ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ
လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
ရေရှည်တည်တံ့ပြီး စနစ်ကျကောင်းမွန်သော မြေယာစီမံခန့်ခွဲမှုနှင့်
မြေယာပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများသည် အထူးလိုအပ်လျက်ရှိပါသည်။
မြေယာစီမံခန့်ခွဲခြင်းနှင့်
ပြန်လည်ထိန်းသိမ်းခြင်းကဏ္ဍတွင် သဟဇာတဖြစ်ပြီး လိုက်လျောညီထွေမှုရှိသောဥပဒေ၊ မူဝါဒများနှင့်
မဟာဗျူဟာများကို ထုတ်ပြန်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊
စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်း
လုပ်ငန်းများဆောင်ရွက်ရာတွင် မြေယာထိန်းသိမ်းရေးကဏ္ဍများကို ထည့်သွင်းစဉ်းစား
အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။
အမျိုးသားမြေအသုံးချမှုကောင်စီကို
ဖွဲ့စည်းထား
မြန်မာနိုင်ငံတွင်
မြေအသုံးချမှုစီမံခန့်ခွဲမှုအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။
အဆိုပါ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်
မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီနှင့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး
အထောက်အကူပြု လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး
လုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်
ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးများအဖွဲ့တို့အား
ဖွဲ့စည်းထားရှိပြီး မြန်မာနိုင်ငံ၏ အမျိုးသားမြေဥပဒေကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
မြေယာပြန်လည်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၁၈ မှ ၂၀၂၆-၂၇ ထိ)ကို
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော်ခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏
နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းစီမံကိန်း (၂၀၁၉-၂၀ မှ ၂၀၂၈-၂၉ ထိ)ကို
ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ၊ ရေဝပ်ဒေသများ၊ ရေချိုကန်ကြီးများ (ဥပမာ
အင်းလေးကန်၊ အင်းတော်ကြီးကန်၊ မိုးယွန်းကြီးအင်း စသည်) ၏ ရေဝေရေလဲဒေသကြီးများ၊
ကမ်းရိုးတန်းဒေသများ၊ ဒီရေတောများနှင့် တောင်တန်းဒေသကြီးများ (အပူပိုင်းဒေသရှိ တောင်တန်းများ
အပါအဝင်) ၏ ရေဝေရေလဲသစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အထူးလုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊
သစ်တောဂေဟစနစ်များ တိုးတက်ကောင်းမွန်စေရေးအတွက် အမြဲတမ်းသစ်တောနယ်မြေများကို
နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀
ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး သဘာဝတောများကို ပြန်လည်ထိန်းသိမ်းခြင်း၊
သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်
သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကြိုးပြင်ကာကွယ်တောများ
သတ်မှတ်ကြေညာခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ သစ်တောများ စနစ်တကျစီမံအုပ်ချုပ်နိုင်ရန်၊
ထိန်းသိမ်းကာကွယ်နိုင်ရန် အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး သစ်တောမြေမှ
အခြားမြေအသုံးချမှုများအဖြစ် ပြောင်းလဲအသုံးချမှုများ၊ သစ်တောသစ်ပင်များ ခုတ်ထွင်
ရှင်းလင်းခြင်း၊ ဖျက်ဆီးခြင်းများကို တားဆီးကာကွယ်နိုင်ရန်အတွက် ဖြစ်ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်း မြေဆီလွှာအရည်အသွေးကို ထိခိုက်မှုမရှိစေသည့် သဘာဝမြေဩဇာများကို
အသုံးပြုစေခြင်း၊ မြေဆီလွှာအရည်အသွေးကို ထိခိုက်မှုလျော့နည်းစေသည့် ပိုးသတ်ဆေး၊
ပေါင်းသတ်ဆေးအသုံးပြုသည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်စေခြင်း၊ လက်ရှိနှင့်
အနာဂတ်မျိုးဆက်အတွက် ပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများ၊ အစားအစာဖူလုံမှုအပေါ်
အကျိုး သက်ရောက်သည့် အထွက်နှုန်းကောင်းမွန်သော၊ ရေရှည်တည်တံ့သော၊ ခံနိုင်ရည်ရှိသော
စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်သည့် စနစ်များ ကျင့်သုံးခြင်းဖြင့် ရေရှည်တည်တံ့သော
စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
စက်မှုလုပ်ငန်းများ၊
စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
လုပ်ငန်းအရွယ်အစားအပေါ် မူတည်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ကနဦး
ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်
အစီရင်ခံစာများကို ရေးဆွဲစေပြီး မြေထုညစ်ညမ်းမှုလျော့နည်းစေသည့် နည်းလမ်းများကို
စီမံကိန်းလုပ်ငန်းဆောင်ရွက်သူများက ထည့်သွင်းအကောင်အထည်ဖော်
လိုက်နာဆောင်ရွက်စေခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲခြင်း၊
ရေဆိုးသန့်စင်ခြင်း၊ ဝန်းကျင်လေထုနှင့် ရေထုအရည်အသွေးများကို
စောင့်ကြည့်လေ့လာခြင်းနှင့် စီမံခန့်ခွဲခြင်း၊ အရည်အသွေးကျဆင်းနေသော မြေဆီလွှာကို
ပြန်လည်ထိန်းသိမ်းခြင်း၊ ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ မြေယာစီမံခန့်ခွဲခြင်းနှင့်
မြေဆီလွှာပျက်စီးမှုကို ကာကွယ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်
အသိပညာဗဟုသုတများကို ဆက်စပ်ပတ်သက်သူများသို့ မျှဝေခြင်းတို့ဖြင့် နေရင်းဒေသများ
ထိန်းသိမ်းခြင်းနှင့် မြေယာပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ
ကြိုးပမ်းအားထုတ်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့
မြေယာပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများကို မျှဝေပေးခြင်းဖြင့်
ဆက်စပ်ပတ်သက်သူအားလုံး၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး
မြေယာပြန်လည်ထိန်းသိမ်းခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို အားကောင်းလာစေမည်
ဖြစ်ပါသည်။
ကုလသမဂ္ဂဆိုင်ရာ
ကွန်ဗင်းရှင်းများ
ထို့အပြင်
သဲကန္တာရတိုက်ဖျက်ရေး၊ မြေယာပြန်လည်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့်
ကုလသမဂ္ဂဆိုင်ရာ ကွန်ဗင်းရှင်းများဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း၊
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့်
သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ စသည်တို့တွင် အဖွဲ့ဝင်အဖြစ်
ပါဝင်ဆောင်ရွက်၍ ကွန်ဗင်းရှင်းများ၏ ရည်မှန်းချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်
သစ်တောမြေများ ပြန်လည်တည်ထောင်ခြင်းအပြင် သဘာဝဘေးအန္တရာယ်များကို လျှော့ချခြင်း၊
ဂေဟစနစ်ကို အခြေပြုသည့် လိုက်လျောညီထွေဖြစ်စေခြင်း၊ မြေဆီလွှာအတန်းအစားကျဆင်းမှုကို
လျော့နည်းစေခြင်းနှင့် မြေယာပြန်လည်ထိန်းသိမ်းခြင်းကဲ့သို့သော ကတိကဝတ်များကို
လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
မြေယာသယံဇာတများသည်
နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက်
ချမှတ်ပြီး စီမံအုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များဖြစ်သည့်အတွက်
မြေယာစီမံခန့်ခွဲမှုနှင့် မြေယာပြန်လည်ထိန်းသိမ်းရေး ကဏ္ဍများတွင်
ပြည်သူလူထုများပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
မြေယာပြန်လည်ထိန်းသိမ်းခြင်း
သဲကန္တာရဖြစ်ပေါ်မှု
တိုက်ဖျက်ရေးအတွက် မြေယာပြန်လည်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ တစ်ဦးတစ်ယောက်ချင်း သို့မဟုတ်
မိသားစုတစ်စုချင်းအနေဖြင့် မိမိနေအိမ်တွင် ရေများကို ချွေတာသုံးစွဲခြင်း၊
မိုးရေကို စနစ်တကျစုဆောင်းအသုံးပြုခြင်းများ အပါအဝင် ရေကိုစနစ်တကျ
စီမံခန့်ခွဲခြင်း၊ အပူဒဏ်လျှော့ချရေးအတွက် ဒေသမျိုးရင်းအပင်များနှင့်
ကြီးမြန်သစ်ပင်များကို စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေတွင်
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ မိမိတို့ လယ်ယာမြေ အစပ်ဧရိယာတစ်လျှောက်တွင်
သစ်ပင်များစိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်းနှင့် အိမ်ခြံဝင်းအတွင်း
တစ်နိုင်တစ်ပိုင် သီးပင်စားပင်မျိုးစုံစိုက်ပျိုးခြင်း စသည်တို့ကို
ဆောင်ရွက်နိုင်ပါသည်။
သို့ဖြစ်ပါ၍
၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏
“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”
ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံတွင် မြေယာပြန်လည်ထိန်းသိမ်းရန်၊ ရာသီဥတုပြောင်းလဲမှုကို
လျော့နည်းစေရန်၊ သဘာဝအရင်းအမြစ်များကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံရှိ
သန်းပေါင်းများစွာသော လူများ၏ အသက်မွေးဝမ်းကျောင်းနှင့် စားရေရိက္ခာဖူလုံရေးကို မြှင့်တင်ရန်အတွက်
အားလုံးပူးပေါင်းပါဝင်၍ မြေယာပြန်လည်ထိန်းသိမ်းခြင်းကို အရှိန်အဟုန်မြှင့်
ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။
References;
https://www.unep.org/events/un-day/world-environment-day-2024
https://www.unep.org/news-and-stories/statements/world-environment-day-2024-accelerating-land-restoration-drought
https://www.unep.org/news-and-stories/press-release/saudi-arabia-host-world-environment-day-2024-focus-land-restoration
အပူပိုင်းဒေသ
စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာ အချက် အလက်များ (၂၀၂၂)
နှစ်(၂၀)
ပြည့်အထိမ်းအမှတ် မှတ်တမ်းစာအုပ် (၁၉၉၇-၂၀၁၇)

No comments:
Post a Comment