နေပြည်တော် ဇွန် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူ များနှင့်အတူ မေ ၃၀ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရွာခိုင်ကြီးကျေးရွာအုပ်စု၊ လွန်ကျော်ကျေးရွာအုပ်စုနှင့် ကျောက်ဆည်မြို့နယ် ကျားကာကျေးရွာအုပ်စုတို့၌ ပေါင်ကြီးတင်စနစ်၊ အတန်းလိုက်စနစ်နှင့် ကြဲခင်းစနစ်တို့ဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
ဒုတိယဝန်ကြီးက ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းသည် မိုးသည်းထန်စွာ
ရွာသွန်းပါက ရေထုတ်နုတ်နိုင်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးပါက
ရေသွင်းရန်လွယ်ကူခြင်းနှင့် အပင်ပြုစုစောင့်ရှောက်မှုကောင်းမွန်ခြင်းတို့ကြောင့်
ပန်းတိုင်အထွက်နှုန်းရရှိစေနိုင်သည့် နည်းစနစ်ဖြစ်ပြီး အတန်းလိုက်စနစ်သည် ရေသွင်းနိုင်သော်လည်း
မိုးများပါက ရေထုတ်ရန်ခက်ခဲသည့်အတွက်ကြောင့် ရေဝပ်နိုင်ပြီး ရာသီဥတုဖောက်ပြန်ပါက
အထွက်နှုန်းလျော့နည်းနိုင်သည်ကို တွေ့ရှိရကြောင်း၊ ကြဲခင်းစနစ်သည် ရေသွင်းရေထုတ်ဆောင်ရွက်နိုင်မှုမရှိဘဲ
မြေအစိုဓာတ်ဖြင့်သာ စိုက်ပျိုးသောစနစ်ဖြစ်သည့်အတွက် ရာသီဥတုဖောက်ပြန်၍
မိုးရွာသွန်းမှုများပါက အထွက်နှုန်းအနည်းဆုံးရရှိနိုင်သော စနစ်ဖြစ်သည့်အတွက်
တစ်ဧကကုန်ကျစရိတ် အနည်းငယ်များသော်လည်း ဝင်ငွေအကျိုးအမြတ် များစွာရရှိနိုင်သော
ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းကို မြေအမျိုးအစားသင့်တော်ပြီး
ရေရရှိရန်လွယ်ကူသည့် ဆည်ရေသောက်ဧရိယာများတွင် တိုးချဲ့အသုံးပြုစိုက်ပျိုးနိုင်ရေး
အသိပညာပေး၊ နည်းပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း
နှမ်းသီးနှံစိုက်ပျိုးခြင်းတွင် ပေါင်ကြီးတင်စနစ် တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့်
ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း
မှာကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ အင်းကုန်းမြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ
အစည်းအဝေးခန်းမ၌ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့မှ ခရိုင်၊
မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ဧကနှင့်
အထွက်နှုန်းစာရင်းဇယား ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စေရေးအတွက်
စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က သက်ဆိုင်ရာဌာနအလိုက် သီးခြားကောက်ယူကြရန်၊
ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဇုန်များရွေးချယ်မှု
မှန်ကန်စေရေးနှင့် မြို့နယ်အလိုက် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက်
စီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ကြရန်၊
ဝါသီးနှံနှင့်ပတ်သက်၍ နည်းလမ်းတကျ မျိုးကောင်း မျိုးသန့်များ မျိုးပွားထုတ်လုပ်၍
တောင်သူများ သုံးစွဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဇုန်အလိုက်ဆောင်ရွက်ရန်
မှာကြားပြီး တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက်
မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)က စမ်းသပ်ထုတ်လုပ်ခဲ့သည့်
စပါးအခြောက်ခံစက်နှင့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက
တောင်သူများ၏ လက်တွေ့လုပ်ငန်းခွင်အတွက် လိုအပ်သည့်စက်ကိရိယာများ
တိုးချဲ့ထုတ်လုပ်နိုင် ရေးအတွက် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်ရေး၊
ပေါင်ကြီးတင်စနစ် ဆောင်ရွက်ရာတွင် Rotavator Tiller နှင့် တွဲဖက်အသုံးပြုသည့်
စိုက်ပေါင်ဖော်ကိရိယာ အသုံးပြုခြင်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်
ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment