ဒေါက်တာလပြည့်ခင်
လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းကြီး၊ လုပ်ငန်းလတ်၊ လုပ်ငန်းငယ်ပေါင်း ငါးသောင်းကျော်နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါစက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသော စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင် စေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် ကျွမ်းကျင်လုပ်သား လုံလောက်စွာမရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး မှုနည်းပါးခြင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် စက်မှုသင်တန်းကျောင်းများအကြောင်းကို ဆက်လက်ဖော်ပြသွားပါမည်ဖြစ်ပါသည်။
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)
မကွေးတိုင်းဒေသကြီး
မကွေးမြို့ရှိ စက်မှုနယ်မြေတွင် တည်ရှိသော အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)ကို
ကိုရီးယားသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Korea International Cooperation Agency-KOICA အဖွဲ့အစည်းက
စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သင်တန်းကျောင်း တည်ဆောက်ရေးဆိုင်ရာ Record of Discussion(RoD) ကို ၂၄-၃-၂၀၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး သင်တန်းကျောင်းကို ၁၀-၇-၂၀၁၁
ရက်တွင် လွှဲပြောင်းလက်ခံခဲ့ကာ အမှတ်စဉ်(၁)သင်တန်းကို ၁၉-၈-၂၀၁၁ ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကိုရီးယားပညာရှင် လေးဦးက မြန်မာနိုင်ငံ၌ ခြောက်လမှ တစ်နှစ်အထိ
နေထိုင်၍ လက်တွေ့သင်ကြားပြသခဲ့ပြီး မြန်မာနည်းပြ ၁၂ ဦးကိုလည်း ကိုရီးယားနိုင်ငံသို့ခေါ်ယူ၍
Instructor Course သုံးလနှင့် မြန်မာဝန်ထမ်း ၁၅ ဦးကို Administrator
Course ရက်သတ္တနှစ်ပတ်ကြာ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
ထို့အပြင် ပြင်ပမှ လက်တွေ့ ကျွမ်းကျင်သူပညာရှင်များ ဖိတ်ခေါ်၍ ToT သင်တန်းများ၊ Curricu-lum ပြင်ဆင်မှုများ၊
လက်တွေ့လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ပြုလုပ်လျက်ရှိပြီး
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES)မှ ဦးဆောင်၍
လာရောက်သင်ကြား လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။
စက်မှုသင်တန်းကျောင်း(မကွေး)၏
သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၁) မှ (၁၁)အထိ သင်တန်းဆင်းဦးရေမှာ
စုစုပေါင်း ၁၆၄၆ ဦးရှိကာ အလုပ်အကိုင်ရရှိမှု အနေဖြင့် ၁၄၉၁ ဦး (၉၀ ဒသမ ၆
ရာခိုင်နှုန်း)ဖြစ်ပါသည်။ အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)မှ လက်ရှိသင်ကြားပေးလျက်ရှိသော
သင်တန်းများမှာ-
(၁) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုသင်တန်း (Automobile
Maintenance Course)
(က) အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းဘာသာ (Engine Maintenance Module)
(ခ) မော်တော်ယာဉ်လျှပ်စစ်နှင့် အီလက်ထရောနစ် ဘာသာ (Automobile
Electricity & Electronic Module)
(ဂ) Transmission နှင့် Chassis ပြုပြင်ထိန်းသိမ်းခြင်း ဘာသာ(Transmission & Chassis Module)
(ဃ) မော်တော်ယာဉ်ကိုယ်ထည်ပြုပြင်ခြင်းနှင့် ဆေးမှုတ် ခြင်းဘာသာ(Body
Repair & Painting Module)
(၂) ကွန်ပျူတာသုံးဒီဇိုင်းထုတ်လုပ်မှုသင်တန်း (CAD/ CAM Course)ဖြစ်သည်။
အမှတ်(၆)စက်မှုသင်တန်းကျောင်း
(မြင်းခြံ)
အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)သည်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံ-နဘူးအိုင်လမ်း ကုက္ကဲကျေးရွာအနီး၌
တည်ရှိသည်။ အိန္ဒိယနိုင်ငံ၏အထောက်အပံ့ကို HMT International Co., Ltd အဖွဲ့အစည်းက
စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နားလည်မှုစာချွန်လွှာ(MoU)ကို ၂၁-၆-၂၀၁၁ ရက်တွင်
လက်မှတ်ရေးထိုးခဲ့ပြီး ၁၅-၁၀-၂၀၁၃ ရက်တွင် သင်တန်းကျောင်းကို လွှဲပြောင်းလက်ခံရယူခဲ့ပါသည်။
မြန်မာနည်းပြ ၁၇ ဦးအား အိန္ဒိယသမ္မတနိုင်ငံသို့ခေါ်ယူ၍ ခြောက်လ သင်တန်း၊ စီမံခန့်ခွဲရေးဆိုင်ရာ
အရာထမ်းလေးဦးအား သုံးလသင်တန်းတို့ကို သင်ကြားပေးခဲ့ပါသည်။ အမှတ်(၆) စက်မှုသင်တန်းကျောင်း
(မြင်းခြံ)၏ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်း အမှတ်စဉ် (၁)မှ (၈) အထိ
သင်တန်းဆင်းဦးရေမှာ ၁၂၁၅ ဦးရှိကာ အလုပ်အကိုင်ရရှိမှုမှာ ၁၀၈၃ ဦး (၈၉ ဒသမ ၁
ရာခိုင်နှုန်း) ဖြစ်ပါသည်။ ဤသင်တန်းကျောင်းမှ ပို့ချလျက်ရှိသောသင်တန်းများမှာ-
(၁) တွင်ခုံ/ကြိတ်ခုံများ ကိုင်တွယ်မောင်းနှင်မှုသင်တန်း (Machine
Tool Operator Course)
(၂) မိုနှင့်ဒိုင်ပြုလုပ်မှုသင်တန်း (Tool & Die Maker Course)
(၃) ကွန်ပျူတာသုံးစက်ခုတ်စားမှုစက်ကိရိယာများ ကိုင်တွယ်မောင်းနှင်မှုသင်တန်း
(CNC Machinist Course)
(၄) စက်ရုံလျှပ်စစ်ပညာသည်သင်တန်း (Industrial Electri-cian Course)
(၅) အီလက်ထရောနစ်စက်ပြင်သင်တန်း (Electronic Mecha-nic Course)
(၆) သံထည်နှင့် ဂဟေဆက်သင်တန်း (Welder Course)
(၇) သံရည်ကျိုသင်တန်း(Foundry Course)တို့ ဖြစ်ပါသည်။
အိန္ဒိယသမ္မတနိုင်ငံအထောက်အပံ့ဖြင့်
၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)၏
ငါးနှစ်ဘက်စုံပြုပြင်ထိန်းသိမ်းရေးစီမံချက် (Five Years Comprehensive Maintenance Plan)ကို
အိန္ဒိယသမ္မတနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် Exchange
Letter ကို ၁၀-၅-၂၀၁၈ ရက်တွင် လက်မှတ်ရေးထိုး
လဲလှယ်ခဲ့ပြီးဖြစ်ပါသည်။ စီမံကိန်းကာလမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး
သင်တန်းကျောင်းအတွက် လိုအပ်သော စက်အပိုပစ္စည်းများထောက်ပံ့ခြင်း၊
အိန္ဒိယပညာရှင်များစေလွှတ်ခြင်းနှင့် မြန်မာနည်းပြများအား အိန္ဒိယနိုင်ငံသို့
စေလွှတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ
စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းအနက် မြန်မာနိုင်ငံတွင်
ပထမဆုံးတည်ထောင်ဖွင့်လှစ်ခဲ့သည့် အမှတ်(၁)စက်မှု သင်တန်းကျောင်း(ဆင်တဲ)ကို Knowledge Hub ဖြစ်စေရန်နှင့်
တစ်နှစ်သင်တန်းမှ နှစ်နှစ်သင်တန်းအထိ တိုးမြှင့်ဖွင့်လှစ်၍ စံပြသင်တန်း ကျောင်း (Center
of Excellence-CoE) ဖြစ်စေရန်အတွက် ဂျာမနီနိုင်ငံ
ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Ger-man Development
Cooperation Agency-GIZ)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိရာ Quality
Management System အတွက်ချီးမြှင့်သည့် ISO 9001: 2015
Certificate ကို ၃၀-၁-၂၀၁၉ ရက်တွင် ရရှိခဲ့ပါသည်။ ရှေ့ဆက်၍ Skill
Level 4 အထိ အဆင့်မြင့် ကျွမ်းကျင်သင်တန်းများဖွင့်လှစ်ရန် သင်ရိုးညွှန်းတမ်းများ
ပြုပြင်ပြောင်းလဲခြင်း၊ ခေတ်နှင့်လျော်ညီသောဘာသာရပ်များ ပြန်လည်ပြုစုခြင်း၊
နည်းပြအဆင့်မြင့်သင်တန်းပေးခြင်း၊ ကျွမ်းကျင်နည်းပြများ ဖြည့်ဆည်းခြင်း၊
အဆင့်မြှင့်သင်ထောက်ကူစက်ပစ္စည်းများရရှိရေး၊ သင်ထောက်ကူပစ္စည်းများအတွက် တည်ငြိမ်သော
လျှပ်စစ်ဓာတ်အားရရှိရေးနှင့် သင်ကြားရေးတွင် Solar Photovoltaic (PV)
System ထည့်သွင်းသင်ကြားနိုင်ရန်အတွက် KfW မှ
ထောက်ပံ့ခဲ့ပါသည်။
အမှတ်(၇)စက်မှုသင်တန်းကျောင်း
(မုံရွာ)
မူလသင်တန်းကျောင်း
ခြောက်ကျောင်းအပြင် တိုင်းပြည်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့်
အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် ကဏ္ဍအလိုက်
သင့်တော်သည့်လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်နိုင်စေရေးအတွက် ဒေသ၏လိုအပ်ချက်အရ
စက်မှုသင်တန်းကျောင်းအသစ် နှစ်ကျောင်းကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ရန်စီမံကိန်းချမှတ်
ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ တိုင်းရင်းသားလူငယ်လူရွယ်များထဲမှ
စက်မှုကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်အတွက် အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)ကို
စက်မှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ HMT (International) Ltd. တို့ ပူးပေါင်း၍
စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၆) အထည်စက်ရုံခွဲ(မုံရွာ)၌ဖွင့်လှစ်၍
စက်မှုသင်တန်းကျောင်း (မုံရွာ)တွင် တာဝန်ထမ်းဆောင်မည့် နည်းပြ ၂၅ ဦးအား ၂၀၁၉
ခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ လေးလသင်တန်းစေလွှတ်ခဲ့ပါသည်။ မုံရွာစက်မှုသင်တန်းကျောင်းတွင်
CNC Technology, CAD, Mechatronics, Apparel Manufacturing, Pattern Maker,
Refrigeration & Air Conditioning, Machinist-Turner/ Miller/ Grinder, Tools
& Die Making, Automobile Mechanic (Basic & Advanced), Electrician
(Industrial & Domestic), Welding နှင့် Information
Technology စသည့် စက်မှုဘာသာရပ် ၁၀ မျိုးကို တစ်နှစ်လျှင်
သင်တန်းသား စုစုပေါင်း ၂၄၀ အား လေ့ကျင့်သင်ကြားသွားမည်ဖြစ်ပါသည်။
အမှတ်(၈)စက်မှုသင်တန်းကျောင်း
(သထုံ)
ထို့အတူ
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ခြင်း
မရှိတော့သော ဒေသခံလူငယ်လူရွယ်များအတွက် ရည်ရွယ်၍
အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ) ကို စက်မှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ HMT (International) Ltd. တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သင်တန်းနည်းပြ ၂၀ အား
အိန္ဒိယနိုင်ငံသို့စေလွှတ်၍ ငါးလသင်တန်းများ တက်ရောက်သင်ကြားစေခဲ့ပါသည်။
သထုံစက်မှုသင်တန်းကျောင်းမှ ကာလတို သုံးလသင်တန်းကို ၅-၉-၂၀၂၃ ရက်မှ ၁၅-၁၂-၂၀၂၃
ရက်အထိ ကျား ၃၃ ဦး၊ မ ၁၇ ဦးဖြင့် စုစုပေါင်း ၅၀ အား သင်ကြားပေးခဲ့ပါသည်။ သထုံ
စက်မှု သင်တန်းကျောင်းတွင် Rubber Technology၊ Basic
CNC Technology၊ Basic Machinist-Turner/ Miller/ Grinder၊ Basic Electrician (Industrial & Domestic)၊ Basic
Welding နှင့် Infor-mation Technology စသည့်
စက်မှုဘာသာရပ် ခြောက်မျိုးဖြင့် တစ်နှစ်လျှင် သင်တန်းသား ၁၄၄ ဦးအား
လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းကျောင်းများ
အစဉ်တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေး
မိမိတို့၏သင်တန်းကျောင်းများ
အစဉ်တိုးတက်နေစေရန်အတွက်လည်း သင်တန်းကျောင်းတွင် အချက်အလက်များ
ရှာဖွေပြုစုနိုင်ရန်အတွက် Internet
Facility ရရှိရန် ဆောင်ရွက်ပေးထားခြင်း၊ သင်တန်းကျောင်းများအလိုက်
စာကြည့်တိုက်များထားရှိ၍ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ဖြည့်ဆည်းပေး၍
ရည်ညွှန်းကိုးကားနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်သောနိုင်ငံများ၏ နောက်ဆက်တွဲပံ့ပိုးမှုများ
(Post Assistances) ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊
သင်ထောက်ကူပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သော Development
Partner နိုင်ငံများနှင့် Long-term Maintence Contract များ ဆောင်ရွက်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ စာတွေ့/ လက်တွေ့ နည်းပြများအား
အရည်အသွေးတိုးတက်စေရန် ပြည်ပနိုင်ငံများသို့စေလွှတ်၍ Training of
Trainers(ToT) အစီအစဉ်များသို့ တာဝန်ရှိသူများက
သင်တန်းကျောင်းများသို့ တစ်လတစ်ကြိမ် သွားရောက်စစ်ဆေးကြပ်မတ်ခြင်း၊
သင်တန်းဆင်းများ၊ နည်းပြများအား ဆန်းစစ်အကဲဖြတ်ခြင်း(Evaluation)ကို နှစ်စဉ်ပြုလုပ်ပြီး စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းတို့ကို
ဆောင်ရွက်လျက်ရှိပါသည်။
သင်တန်းကျောင်းဝင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များ
အဆိုပါ
စက်မှုသင်တန်းကျောင်းများသို့ တက်ရောက်လိုသူများသည် အသက် ၁၇ နှစ် နှင့် ၂၅ နှစ်ကြား
တက္ကသိုလ်ဝင်တန်း (ဒသမတန်း) သင်ယူ/ဖြေဆိုဖူးသူ သို့မဟုတ် စနစ်သစ်ပညာရေး၏ Grade (12) သင်ယူဖူးသူ
ဖြစ်ရပါမည်။ ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသော
ပြည်ထောင်စုမြန်မာနိုင်ငံသား လူပျို၊ အပျို ဖြစ်သူ၊ သင်တန်းစည်းကမ်းများနှင့်
အခါအားလျော်စွာ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာ၍
သင်တန်းပြီးဆုံးအောင် တက်နိုင်သူလည်း ဖြစ်ရပါမည်။ နိုင်ငံပိုင်သတင်းစာ၊ ဝန်ကြီးဌာန
Website/Webpage နှင့် စက်မှုဇုန်တို့တွင်
သင်တန်းခေါ်ယူခြင်းဆိုင်ရာ အခြေအနေများကို ကြေညာပြီး ဆောင်ရွက်လျက်ရှိပါသည်။
သင်ကြားမှုမှာ
စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင် နှုန်းဖြစ်ကာ စာသင်ချိန်မှာ
ပထမနှစ်ဝက်တွင် နာရီပေါင်း ၈၀၀ ရှိပြီး ယင်းစာမေးပွဲအောင်မြင်မှသာလျှင်
ဒုတိယနှစ်ဝက်သင်တန်း စာသင်ချိန် နာရီပေါင်း ၈၀၀ ကို ဆက်လက်တက်ရောက်ခွင့်ရှိသဖြင့်
စာသင် ချိန်မှာ နာရီပေါင်း ၁၆၀၀ ခန့်ရှိပါသည်။ ပထမနှစ်ဝက်စာမေးပွဲပြီးပါက ခွင့် ၁၀
ရက် ခံစားခွင့်ပြုပါသည်။ သင်တန်းကာလ၏ ၉၀ ရာခိုင်နှုန်းတက်ရောက်ပြီး စာတွေ့
လက်တွေ့စာမေးပွဲများ အောင်မြင်မှသာလျှင် သင်တန်းဆင်းအောင်လက်မှတ်
ချီးမြှင့်ပေးပါသည်။ သင်တန်းဆင်း အောင်လက်မှတ်ရရှိသူများအား
စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်အကိုင်ခန့်အပ်ပေး၍သော်လည်းကောင်း၊
အခြားဝန်ကြီးဌာနများနှင့် ဆက်သွယ်၍သော်လည်းကောင်း၊ စက်မှုဇုန်များနှင့်
ချိတ်ဆက်၍သော်လည်းကောင်း၊ အလုပ်အကိုင်ပြပွဲ (Job Fair) များတွင် ဝင်ရောက်၍
စက်မှုသင်တန်းကျောင်းဆင်းများ၏ အချက်အလက်များကို ပြသပြီး
ကုမ္ပဏီများနှင့်ချိတ်ဆက်၍သော် လည်းကောင်း၊ အလုပ်အကိုင်များရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ကြောင့်
အနယ်နယ်အရပ်ရပ်မှ မျိုးဆက်သစ်လူငယ်များသည် မိမိတို့အနာဂတ်ဘဝ
ရေရှည်ရပ်တည်နိုင်ရေးအတွက် သေချာခိုင်မာ ထောက်ကူမှုပေးနိုင်သော နီးစပ်ရာစက်မှုသင်တန်းကျောင်းများသို့
မိမိဝါသနာပါရာ ဘာသာရပ်များကို ရွေးချယ်ပြီး ဆက်သွယ်တက်ရောက်ကြပါရန်
ဖိတ်ခေါ်လိုက်ရပါသည်။ ။




No comments:
Post a Comment