မိုး/ဇလ
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံမှသည် တိုးတက်ဖွံ့ဖြိုးသော စက်မှုနိုင်ငံတော်သို့ ဦးတည် ဆောင်ရွက်လျက်ရှိရာ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေလှောင်ကန်များရှိ ရေများကို ထာဝစဉ်သန့်ရှင်း နေရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး များသည် မြစ်ချောင်းများအတွင်းသို့ တဖြည်းဖြည်း စိမ့််ဝင်လျက်ရှိသကဲ့သို့ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ် သော ညစ်ညမ်းသောရေများသည် ရေညစ်ညမ်းမှုပမာဏကို တိုးတက်စေပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများသည် အထူးသဖြင့် ဧရာဝတီမြစ်နှင့် မြစ်လက်တက်များရှိရာ အထက် ပိုင်းတွင် တည်ရှိပါက အလွန်အရေးကြီးပြီး မြစ်အောက်ပိုင်းတွင် နေထိုင်သူများအပေါ် သက်ရောက်နိုင်မှုများ ရှိနိုင်သည်ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ပေသည်။ ထိုသို့သက်ရောက် စေမှုများတွင် ရေရရှိနိုင်မှုနှင့် ရေအရည်အသွေးတို့အပေါ်သာ သက်ရောက်သည်မဟုတ်ဘဲ ရေထုထည် စီးဆင်းမှုနှုန်းများ၊ သဲနုန်းပို့ချမှုဖြစ်စဉ်များအပေါ်တွင်ပါ သက်ရောက်စေပါသည်။
ယခုအခါ မြို့နှင့် ကျေးလက်တောရွာ ရေပေးရေးစီမံချက်များဆောင်ရွက်ရာတွင် မိုးရေ၊
မြေပေါ် ရေများသာမက မြေအောက်ရေများကို ထုတ်ယူအသုံးပြုလျက်ရှိသည့်အပြင် စိုက်ပျိုးရေးအတွက်
ရေရရှိရေးများ ဆောင်ရွက်ရာတွင် ဆည်ရေ၊ ကန်ရေ၊ မြစ်ရေများ ထုတ်ယူသုံးစွဲခြင်းသာမက မြေအောက်ရေများကို
ထုတ်ယူသုံးစွဲလျက်ရှိကြသည်။ မြေအောက်ရေများကို မမြင်ရသည့်အလျောက် ထုတ်ယူသုံးစွဲရာတွင်
စနစ်တကျ တွက်ချက်ခန့်မှန်းပြီးမှ ထုတ်ယူသုံးစွဲသင့်ပါသည်။ မြေအောက်ရေပမာဏကို ထုတ်ယူသုံးစွဲသင့်သည်ထက်
လွန်ကဲစွာ ပိုမိုထုတ်ယူသုံးစွဲမိပါက သဘာဝပတ်ဝန်းကျင်နှင့် နောင်အနာဂတ်လူသားများအတွက်
မကောင်းသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ ဥပမာ ပြောရပါလျှင် မြေအောက်ရေကို
လွန်ကဲစွာ ထုတ်ယူသုံးစွဲသည့်အတွက် အညာဒေသတို့တွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်နိုင်ခြင်း
ဖြစ်စေနိုင်သလို ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်း ပေါ်ဒေသများတွင်လည်း
ဆားငန်ရေများ စိမ့်ဝင်လာနိုင်ပါသည်။ ထို့အပြင် မြေများ နိမ့်ကျပြိုဆင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အလေးဂရုပြုရမည့်အကြောင်း တစ်ချက်မှာလည်း မြေအောက်ရေများရှိရာ ကျောက်လွှာများအတွင်းသို့
ညစ်ညမ်းစေတတ်သော အညစ်အကြေးများ၊ အန္တရာယ်ဖြစ်စေတတ်သော အညစ်အကြေးများ၊ အန္တရာယ်ဖြစ်စေတတ်သော
သတ္တုအရာဝတ္ထုများ စိမ့်ဖောက်မဝင်နိုင်ရန် ကြိုတင်တားဆီးဆောင်ရွက်ရန် လိုအပ်ပါသည်။
သဘာဝပတ်ဝန်းကျင်နှင့် နောင်အနာဂတ် လူသားများ ကောင်းကျိုးအတွက် ရေအရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင်
စနစ်တကျဖြစ်နိုင်ရန် စည်းကမ်းဥပဒေပြဋ္ဌာန်းချက်များကို ပြည်သူများက လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
ရေဆိုင်ရာစီမံခန့်ခွဲမှု
ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်နှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ရေအရင်းအမြစ်
စူးစမ်းလေ့လာရေးအဖွဲ့တို့ကို စနစ်တကျဖွဲ့စည်း ထားရှိပြီး မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ၊
ဥပဒေပိုင်းဆိုင်ရာ ရေးဆွဲဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပညာပေးရေးနှင့်
အသိပညာပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ထုတ်ပြန်ထားသည့် ဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဌာန၊
အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
သက်ဆိုင်ရာဌာနများက ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေးလုပ်ငန်းများ၊
ရေနှင့်ဆိုင်သည့် သတင်း အချက်အလက်များ၊ ဗဟုသုတနှင့် အသိအမြင်များ၊ နည်းပညာဖလှယ်ခြင်းများ၊
တိုင်းသူပြည်သားများအား အသိပညာပေးခြင်းလုပ်ငန်းများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများ၊
ရေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို တက်ညီလက်ညီ အတူပူးပေါင်းဆောင်ရွက်ကြရန်လည်း
လိုအပ်မည်ဖြစ်ပေသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ ပြောင်းလဲမှုကို ပိုမိုမြင့်မားလာ
စေသည့်အတွက် အနာဂတ်ကာလတွင် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိအောင် မဟာ ဗျူဟာများ
ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေသည်။ အဆိုပါ မဟာဗျူဟာများတွင် ရေလိုအပ်မှုအပေါ်မူတည်၍
စီမံခန့်ခွဲခြင်းများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိသည့်
စိုက်ပျိုးရေးနည်းပညာများ၊ စိုက်ပျိုးပင်နှင့် စိုက်ပျိုး နည်းစနစ်များ ပုံစံပြောင်းလဲခြင်း၊
ရေအရင်းအမြစ်နှင့်ဆိုင်သော အဆောက်အအုံများတည်ဆောက်ရန် စီမံကိန်းရေးဆွဲခြင်းစသည်တို့ကိုလည်း
ဆောင်ရွက်ရန်အတွက် လိုအပ်မည်ဖြစ်ပေသည်။
ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ကြ
ရေအရင်းအမြစ် ဖြစ်တည်မှုသည် ရာသီအချိန်အခါနှင့် နေရာဒေသတို့ကိုလိုက်၍ ပြောင်းလဲနိုင်ပြီး
မြန်မာနိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုသည် တစ်နေရာနှင့် တစ်နေရာ မတူညီသောကြောင့် မြန်မာနိုင်ငံ
အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းများတွင် ရေရှားပါးလေ့ရှိကာ အခြားသော နေရာဒေသများတွင်
မိုးတွင်းကာလ၌ ရေရရှိမှု လုံလောက်သော်လည်း နွေရာသီကာလတွင် ရေရှားပါးမှုကို အနည်းနှင့်
အများ ကြုံတွေ့ရလေ့ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပေသည်။ မုတ်သုံကာလတွင် ရရှိသော ရေအရင်း
အမြစ်များကို မိုးနည်းကာလများတွင် အသုံးပြုနိုင်ရန် ရေတို၊ ရေရှည်စီမံချက်များ၊ မဟာဗျူဟာများ
ချမှတ်၍ ဘက်ပေါင်းစုံစီမံခြင်း၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ရေရှားပါးမှု
ဘေးအန္တရာယ်မှ ကျော်လွှားနိုင်ကြမည် ဖြစ်ပေသည်။
ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း အစွန်းရောက်သော မိုးလေဝသဖြစ်ရပ်များကြောင့်
ပျက်စီး ဆုံးရှုံးမှုများ လျော့ပါးစေရန် အောက်ဖော်ပြပါအစီအမံများကို သက်ဆိုင်ရာဌာန၊
အဖွဲ့အစည်းများက ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကလည်း မိမိတတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်
ဆောင်ရွက် ကြရန် လိုအပ်ပါသည်-
• ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း ကဲ့သို့သော ရေနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်များ
မကျရောက်အောင် ရေလှောင်ဆည်၊ ရေလွှဲဆည်၊ ရေကာတာအစရှိသော ရေဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်၍
ကာကွယ်တားဆီးခြင်းဖြင့် လည်းကောင်း၊ မြေမျက်နှာပြင်အနေအထား သေချာစွာ ကြိုတင်အကွက်ချ
စီစဉ်ခြင်းနည်းဖြင့်လည်းကောင်း ရေဘေး ဒုက္ခကင်းဝေးစေရန် အဘက်ဘက်မှ ကြိုးပမ်းအားထုတ်ခြင်း၊
• မိုးခေါင်ရေရှားခြင်း၏ ဆိုးကျိုးကို တွန်းလှန်နိုင်ရန် ဒေသ၏ ရေခံ၊ မြေခံ မြေဆီလွှာအမျိုးအစားနှင့်
အခြားအချက် အလက်များကို အခြေခံ၍ စိုက်ပျိုးရေးဆိုင်ရာ နည်းဗျူဟာအမျိုးမျိုးကို ဖော်ထုတ်
ပြီး မြေယာ၊ မြေဆီလွှာ၊ စွမ်းအင်နှင့် ရေတို့ကို အကျိုးအရှိဆုံး အသုံးချနိုင်ရေး ဆောင်ရွက်
ခြင်း၊
• ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးသည်းထန်မှု ပိုမိုများပြားလာနိုင်ပြီး ယင်း၏
အကျိုးဆက်အဖြစ် မြေဆီလွှာတိုက်စားခံရခြင်း ပိုမိုတိုးမြင့်လာစေနိုင်သောကြောင့် ရေလမ်းထိန်း၊
ရေလမ်းလွှဲလုပ်ငန်းများကို စီမံဆောင်ရွက်ခြင်း၊
• ရေလွှမ်းမိုးနိုင်မှု ကြိုတင်ခန့်မှန်းချက်၊ မိုးလေဝသဆိုင်ရာ ရက်ရှည်ကြိုတင်ခန့်မှန်း
ချက်များသည် ကြိုတင်ပြင်ဆင်မှုအတွက် လွန်စွာအရေးပါသဖြင့် ခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များကို
အလေးထား လိုက်နာဆောင်ရွက်ခြင်း၊
• ဆည်ကျိုးခြင်း၊ တာပေါက်ခြင်းစသည့် ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်သော ရေလွှမ်းမိုးမှု
အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပေါ်လုပ်ငန်းအစီအစဉ်များနှင့် ဘေးအန္တရာယ်
စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲထားရှိမှုများကို ပြည်သူများသိရှိပြီး ပူးပေါင်းဆောင်ရွက်
ခြင်း၊
• မိုးတွင်းကာလတွင် ရေများစုဆောင်းသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်
စီမံဆောင်ရွက် ခြင်းနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်ခြင်း၊
• ရေအိုင်၊ ရေကန်၊ ရေလှောင်ကန် အကြီးအသေးများတည်ဆောက်ရေး စီမံဆောင်ရွက်ခြင်း၊
• စိုက်ပျိုးရေးနည်းပညာများ ပြုပြင်ပြောင်းလဲ ခြင်း၊
• ဒီရေတားတမံများ တည်ဆောက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊
• ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဖြစ်ပေါ် နိုင်သောဒေသရှိ ပြည်သူများ ရေလွှမ်းမိုးမှု
နှင့် ပင်လယ်ရေကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး စီမံဆောင်ရွက်ခြင်း၊
• ရေရရှိနိုင်မှုခန့်မှန်းရေးဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်ပြီး လိုက်လျော
ညီထွေရှိစေရေး စီမံဆောင်ရွက်ခြင်း၊
• မြေအောက်ရေအသုံးပြုမှု စီမံခန့်ခွဲခြင်းနှင့် အသိပညာပေးခြင်း၊
• ရေငွေ့ပြန်မှုကြောင့် ရေဆုံးရှုံးမှုနည်းပါး အောင် စီမံဆောင်ရွက်ခြင်း၊
• ရေဆိုးရေသန့်စင်စက်ရုံများကို ပိုမိုစီမံ ဆောင်ရွက်ခြင်း၊
• ဆည်မြောင်းရေပေးဝေမှုစနစ် အလေအလွင့်မရှိစေရေး အသိပညာပေး ဆောင်ရွက်ခြင်း၊
• ရေအရည်အသွေးများ ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ခြင်း။
အချုပ်အားဖြင့်ဆိုရပါလျှင် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာရည်မှန်းချက်
များကို သက်ဆိုင်ရာကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးမှုအစီအမံများတွင် ပေါင်းစပ်အကောင်အထည်ဖော်
ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေရှိစေရန် ရေအရင်းအမြစ်များကို စနစ်တကျ
ဖော်ထုတ်အသုံးချခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို လိုက်နာလျက်
ရေ အခြေပြု စီးပွားရေးလုပ်ငန်းများကို တိုးတက်မြင့်မားလာစေရေးအတွက် ရေအရင်းအမြစ်နှင့်
ရေဘက်စုံ စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်ခြင်းတို့ဖြင့် တာဝန်ကိုယ်စီ လက်တွဲညီညီဖြင့်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment