Sunday, May 12, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

 

မောင်တည်ကြည်

ကမ္ဘာတစ်ဝန်းမှာ ဆိုးရွားစွာပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှုများသည် ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို ယိုယွင်းပျက်စီးစေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများနှင့် လူသားတို့၏ ဘဝအရည်အသွေးများကို လျော့ပါးပျက်စီးစေခြင်းများ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး ထိရောက်စွာ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ကို တညီတညွတ်တည်း ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါသည်။

မိမိတို့နိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ ရည်ရွယ်ချက်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်များကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အမြဲသုံးသပ်လျက်ရှိပြီး ပဉ္စမအကြိမ်အထိ ပြင်ဆင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အဂတိလိုက်စားမှုသည် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် အုပ်ချုပ်ရေးနယ်ပယ်များတွင် ငွေကြေး၊ ပစ္စည်း၊ လုပ်ပိုင်ခွင့်ဆိုင်ရာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးကြန့်ကြာစေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေပြုနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ပြဿနာသည် ကြီးမားသော ခလုတ်တံသင်းဖြစ်သည့်အတွက် အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် တိုက်ဖျက်ပြီး အဂတိကင်းစင်သော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိပါသည်။

အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုဖြစ်ပြီး လူအများ၏ စိတ်ဓာတ်နှင့်စာရိတ္တများ ပျက်စီးစေသည့်အပြင် နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိသည့် အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေး အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက အဂတိလိုက်စားမှု အကျင့်ဆိုးကို လုံးဝလက်မခံ ဝိုင်းဝန်းတိုက်ဖျက်သည့်မူဝါဒ Zero Tolerance Policy ချမှတ်ပြီး အဂတိကင်းစင်သည့် လူ့ဘောင်ကို အတူတကွ ထူထောင်ကြပါစို့ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ အလေးအနက်ထား ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ကော်မရှင်သည် နိုင်ငံအတွင်းပျံ့နှံ့ နေသော အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရေး ရည်မှန်းလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၈ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းအစီအစဉ်များချမှတ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။

ကော်မရှင်ဖွဲ့စည်းခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်မှာ ပထမအကြိမ်၊ ၂၀၁၇ ခုနှစ်မှာ ဒုတိယအကြိမ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တတိယအကြိမ် ကော်မရှင်အားကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်ကိုးဦး စုစုပေါင်း ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ကော်မရှင်သည် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပိုမိုကျစ်လျစ်ခိုင်မာစွာ ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)အရ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်းကော်မတီ ခြောက်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း တွေ့ရှိရ ပါသည်-

(က)     မူဝါဒရေးရာလုပ်ငန်းကော်မတီ

()     နိုင်ငံတကာရေးရာနှင့် လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ

()     ဥပဒေရေးရာလုပ်ငန်းကော်မတီ

(ဃ)     တိုင်ကြားစာ စိစစ်သုံးသပ်ရေးလုပ်ငန်းကော်မတီ

(င)       ဝန်ထမ်းရေးရာ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီ

(စ)       ပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကော်မတီ

မဟာဗျူဟာရည်မှန်းချက်များ

ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဒုတိယကာလတို လေးနှစ်အဖြစ် သတ်မှတ်ထားပါသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသောအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းသွားစေရန်အတွက် မဟာဗျူဟာရည်မှန်းချက် (၄) ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါသည်-

(က)     သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းစေရန် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီပေးအပ်လာသော လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားရမည်၊

(ခ )     အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများတွင် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာရန်ပုံငွေဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု တာ၀န်ယူမှုတာဝန်ခံမှုတို့ဖြင့် လျှော့ချနိုင်ရမည်၊

(ဂ )      အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိလိုက်စားမှု (Systemic Corruption)ကို သိသာထင်ရှားစွာ ကျဆင်းသွားစေရန် တိုက်ဖျက်ရမည်၊

(ဃ)  ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်း (Worldwide Governance Indicators– WGI) တွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း (Control of Corruption)ညွှန်းကိန်း သိသာထင်ရှားစွာ အဆင့်တိုးတက်လာစေရမည်။

မဟာဗျူဟာစီမံချက်အကောင်အထည်ဖော်မှု

ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ပေါ်မူတည် ၍ ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် ၁၀ ရပ်မှာ -

(က)     ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး

(ခ )     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး

(ဂ )     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး

(ဃ)     စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်းတို့ကို ထိရောက်ခိုင်မာစေမည့် အခြေခံကောင်းများ တည်ဆောက်ရေး

(င )     ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး

(စ )     ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး

(ဆ)     နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး

(ဇ )     အမြဲမပြတ် စောင့်ကြည့်ရေးနှင့် သုံးသပ် အကဲဖြတ်ရေး

(ဈ )    အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ၂၀၂၄ ခုနှစ် လုပ်ငန်းအစီ အစဉ် ချမှတ်ရေး

(ည)     ကော်မရှင်၏ တစ်နှစ်တာ ဆောင်ရွက် ချက်များကို ပြည်သူသို့ အစီရင်ခံတင်ပြရေး

အသိပညာပေးခြင်းကဏ္ဍ

ကော်မရှင်၏ အသိပညာပေးဆောင်ရွက်မှုကဏ္ဍတွင် နိုင်ငံ့ဝန်ထမ်းများသာမက ပုဂ္ဂလိကကဏ္ဍနှင့် ပညာရေးနယ်ပယ်များတွင်ပါ အလေးထားဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်များ၌ ဖွင့်လှစ်သည့် သင်တန်း ၄၅ ခု၌ သင်တန်းသား ၂၁၇၈ ဦးအားအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောမှုများကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး အရာထမ်းများက ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း၌ ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် ဆရာ/ဆရာမ ၉၀၂၇ ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်နှင့် ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးကို စာသင်ခန်းများမှ စတင်နိုင်ရန်ရည်ရွယ်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ သည်။

အလားတူ ပုဂ္ဂလိကကဏ္ဍအတွင်း အဂတိလိုက်စားမှုဆိုင်ရာ တားဆီးကာကွယ်ရေး အသိပညာပေးမှုအနေဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ညီနောင်ကုန်သည်အသင်းများနှင့် အသင်းဝင်ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ပုဂံ-ညောင်ဦး၊ ပြင်ဦးလွင်နှင့် ပဲခူးမြို့တို့တွင်လည်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၄၉၆၁ ဦးအား တွေ့ဆုံပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာ ပေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့ပါသည်။

ထို့အပြင် ကျောင်းသားလူငယ်များအတွင်း ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် ကျောင်းသားလူငယ် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး Edutainment အစီအစဉ် ကို နေပြည်တော်ကောင်စီနယ်မြေနှင့် ကော်မရှင်ရုံးခွဲ များတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်း ၁၂၀ မှ မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူ ၂၉၂၂၆ ဦးကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ သင်ကြားပို့ချနိုင်ခဲ့ပြီး “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ လူငယ်တို့၏အခန်းကဏ္ဍ” စကားဝိုင်းဆွေးနွေးပွဲများကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းပေါင်း ၁၂ ကျောင်း၌ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ကော်မရှင်မှပြုစုခဲ့သည့် အခြေခံပညာ အလယ်တန်းဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ဆရာကိုင်စာအုပ်နှင့် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်ပါ သင်ခန်းစာများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့အပြင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ကျောင်းများမှ ကျောင်းသားလူငယ်များ လေ့လာဖတ်ရှုကိုးကားနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်အုပ်ရေ ၆၀၀ အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ထို့အပြင် ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှု အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာလည်း ရုပ်ပြသရုပ်ဖော် တေးသီချင်း သုံးပုဒ်၊ Animation ငါးပုဒ်နဲ့ ဇာတ်လမ်းတို ခြောက်ပုဒ်တို့အား ထုတ်လွှင့်ပြသခြင်းနှင့် အသိပညာပေးဆောင်းပါး ခုနစ်ပုဒ်ကိုလည်း နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ ပါသည်။

ကော်မရှင်၏ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ချက်များကို အများပြည်သူ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန် ရည်ရွယ်၍ ကော်မရှင်၏ ACC Myanmar Facebook Page၊ Website(http://www.accm.gov.mm)နှင့် နိုင်ငံပိုင်သတင်းစာများတွင် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်း ၁၆၄ ပုဒ်အား ထည့်သွင်းဖော်ပြခဲ့ပါသည်။

ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများအား အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အသိပညာနှင့် ဗဟုသုတများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့မှု များမှာ-




(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment